တာချီလိတ်နယ်စပ်မှ နိုင်ငံခြားသားခရီးသွားဧည့်သည်များ တစ်ပတ်အတွင်း ၂၄၃၀ဝ ခန့် ဝင်ရောက်လည်ပတ်

တာချီလိတ်  ၁၁    သြဂုတ် 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ် လျက် ရှိရာ ဩဂုတ်လ ၂ ရက်မှ သြဂုတ်လ ၈ ရက်နေ့အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၄၂၉၆ ဦးဝင်ရောက် လည်ပတ်ခဲ့ပြီး ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လအတွင်း ၇၃၅၆၅၁ဦး ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲတို့မှ သိရသည်။ 

နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝ အလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ လူနေမှုဘဝပုံစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန် ဝင်ရောက်လျက်ရှိရာ တစ်ပတ်အတွင်း တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၂၂၇၅၈ ဦးနှင့် တတိယနိုင်ငံသား (နိုင်ငံခြားသား) ၃၇၀ ဦး၊ ညအိပ် ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၁၃၁ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၀၃၇ ဦး ဝင်ရောက်လည်ပတ်ခဲ့သည်။ 

04

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၈ ရက်အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည် ထိုင်းနိုင်ငံသား ၆၇၈၈၆၁ ဦး၊ တတိယနိုင်ငံသား (နိုင်ငံခြားသား) ၈၇၇၄ ဦး၊ လန့်တောင်းဘုရား နေ့ချင်းပြန် ထိုင်းနိုင်ငံသား ၂၄၅ ဦး၊ မိုင်းဖုန်း နေ့ချင်းပြန်ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသား ၁၁၃ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့ခရီးစဉ်တွင် ၇၅၇၀ ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်) ဖြင့် ပြည်တွင်းခရီးစဉ်သို့ ၄၀ဝ၈၈ ဦး၊ စုစုပေါင်း နိုင်ငံခြားခရီးသွားဧည့်သည် ၇၃၅၆၅၁ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ 
ဝေယံလင်း(ပြန်/ဆက်)