တာလေမြို့၌  နှစ်သစ်ကူးကာလရိုးရာယဉ်ကျေးမှုဓလေ့ လက်ဆေးမင်္ဂလာပြုခြင်းများကျင်းပ

တာလေ၊ ၅ ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့တွင် ၂၀၂၁ ခုနှစ် နှစ်သစ်ကူးကာလ ဒေသအတွင်းရှိ ကျေးရွာအချို့မှ လားဟူတိုင်းရင်းသားများသည် ရိုးရာယာဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် လက်ဆေးမင်္ဂလာပြုခြင်းကို ဇန်နဝါရီ ၄ ရက်က ဒေသအတွင်း လှည့်လည်ကျင်းပခဲ့ကြသည်။

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူးပြောင်းသည့် နှစ်သစ်ကူးကာလတွင် သက်ကြီးဘိုးဘွား၊ ဆရာသမားများနှင့် ဒေသအတွင်းရှိ ခေါင်းဆောင်အကြီးအကဲများအား နှစ်သစ်တွင် ကျန်းမာချမ်းသာခြင်းကို ရရှိစေလိုကြောင်း လားဟူတိုင်းရင်းသားများက အရိုအသေဂါရဝပြုသည့် အနေဖြင့် ၎င်းတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် လက်ဆေးခြင်းမင်္ဂလာကို ပြုခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် လက်ဆေးမင်္ဂလာပြုခြင်း ရိုးရာဓလေ့ကို နောင်လာမျိုးဆက်သစ် လူငယ်မောင်မယ်များက မပျောက်မပျက်အောင် လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်းတတ်စေရန်နှင့် လေးစားဂုဏ်ယူတတ်စေရန်၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့များကို တန်ဖိုးထားလေးစားဂုဏ်ယူတတ်စေရန် ရည်ရွယ်၍ လှည့်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)