တာလေမြို့၌ ဖရဲစိုက်တောင်သူများ  ဈေးကောင်းရရန် မျှော်လင့်နေ

တာလေ၊ ၁၉ ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု တာလေ-ကျိုင်းလပ်သွား လမ်းဘေးဝဲယာရှိ ဝိန်းလန်း‌ - လန့်တောင်းကျေးရွာတို့တွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ဖရဲခင်းများ အောင်မြင်ဖြစ်ထွန်းမှု နည်းနေပြီး ဇန်နဝါရီလကုန်ပိုင်းတွင် ဖရဲသီးများ စတင်ထွက်ရှိ‌‌တော့မည်ဖြစ်သည့်အတွက် ဈေးကွက်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း တစ်ပိုင်တစ်နိုင် ဖရဲစိုက်ပျိုးသူ တောင်သူများထံမှ ဇန်နဝါရီ  ၁၈  ရက်က  သိရသည်။

“အရင်နှစ်က မိုးကောင်းခဲ့ပြီး ရာသီဥတုကောင်းမွန်မှုကြောင့် စိုက်ခင်းတွေ ဖြစ်ထွန်းမှု အားကောင်းခဲ့ သလို ဖရဲသီးလည်း အောင်မြင်ဖြစ်ထွန်းခဲ့ပါတယ်။ စိုက်ခင်းတွေကိုတော့ မိုးစပါးရိတ်သိမ်းချိန်အပြီး လယ်ကွက်ထဲမှာ ပေါင်စနစ်နဲ့ ရေ‌လောင်းစိုက်ပျိုးရပါတယ်။ စိုက်ပျိုးပြီး အသီးပေါ်ချိန်အထိ ရက်‌ ပေါင်း ၁၀၀ အချိန်ယူရပါတယ်။ စိုက်ပျိုးစရိတ် ရင်းနှီး‌ငွေကတော့ တစ်ဧက ထိုင်းဘတ်ငွေ ရှစ်ထောင်ရှိပြီး အမြတ်ငွေက ဘတ်ငွေ သုံးသောင်းအထိ ရရှိခဲ့ပါတယ်။ ဒီနှစ်က ရာသီဥတုမကောင်း၊ မိုးလည်းမကောင်း၊ အပင်‌တွေကို ပိုးမွှားကျရောက်ခဲ့လို့ ဖြစ်ထွန်းမှု အားနည်းတယ်။ အသီးတွေ အောင်မြင်ဖြစ်ထွန်းမှုလည်း နည်းတယ်။ ဇန်နဝါရီလကုန်ပိုင်း အသီးတွေ ထွက်ချိန်မှာ ဈေးကောင်းရောင်းချရဖို့  မျှော်လင့်ပါတယ် ”ဟု  လန့်တောင်းကျေးရွာမှ ဖရဲစိုက်တောင်သူ ဦးစိုင်းမောင်က ပြောပြသည်။

တာလေမြို့အတွင်း ထွက်ရှိသည့် ဖရဲသီးများကို ယခင်နှစ်များက တာချီလိတ်-မိုင်းဖြတ်မြို့များသို့ တင်ပို့ရောင်းချကြပြီး ယခုနှစ်တွင် ဖရဲသီးအောင်မြင်ဖြစ်ထွန်းမှု နည်းသဖြင့် ဒေသတွင်း စားသုံးသူများ ကိုသာ အဓိကထားရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

တာလေမြို့တွင် ဆောင်းသီးနှံအဖြစ် ဖရဲသီးများအပြင် ပဲတီစိမ်း၊ ပဲပုပ်၊ ကုလားပဲ၊‌ မြေပဲ၊ ‌ ပြောင်း စသည့် သီးနှံမျိုးစုံနှင့် နွေစပါးတို့ကို စိုက်ပျိုးကြပြီး ယခုနှစ်တွင် ဖရဲသီးစိုက်ဧကမှာ ၁၀ ဧကခန့်သာရှိကြောင်း ဖရဲစိုက်ပျိုးသည့် တောင်သူများထံမှ  သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)