တာလေမြို့တွင် ဆန္ဒမဲပေးခွင့်ရှိသူများစာရင်း ထုတ်ပြန်ကြေညာ

တာလေ  ၂၆ ဇူလိုင် 

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာလျက်ရှိသည်။

 

အဆိုပါ မဲဆန္ဒရှင် အမည်စာရင်းများကို ၁၄ ရက်ကြာ ကပ်ထားကြေညာပေးမည်ဖြစ်ပြီး ပြည်သူများ ကြည့်ရှုနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အသိပေးနှိုးဆော်ခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရန် မဲစာရင်းများကို တိကျမှန်ကန်မှု ရှိစေရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအနေဖြင့် မဲဆန္ဒရှင် အမည်စာရင်းတွင် မိမိနာမည်မပါခဲ့သော် ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ပြန်လည် ထည့်သွင်းပေးရန် တောင်းဆိုနိုင်ပြီး ဆန္ဒမဲစာရင်းနှင့် စပ်လျဉ်း၍ အချက်အလက် တစ်စုံတစ်ရာ လွှဲမှားမှုများရှိပါက ပုံစံ ၄(ဂ) ဖြင့် အချိန်မီ ဖြည့်စွက်လျှောက်ထားနိုင်ကြောင်း သိရသည်။

 

အောင်ကျော်မိုး (တာလေ)