တာမွေမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်ရေမြောင်းများ ဖောက်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်   ၃၀  ဇွန်

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်အတွင်း ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး တို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ဗညားဒလလမ်းတစ်လျှောက် အုတ်ရေမြောင်း ဖောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ပေးမှုအပေါ် ရပ်ကွက်နေ ပြည်သူ တစ်ဦးကလည်း “အခုလို ဆောင်ရွက်ပေးတာဟာ ရပ်ကွက်နေပြည်သူများ အတွက်သာမက မိမိတို့မြို့နယ် အတွက်လည်း များစွာအကျိုးရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလည်း ဖြစ်ပါတယ်။ ဒီဗညားဒလလမ်းဟာဆိုရင် တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် နှစ်မြို့နယ်ကို ဆက်သွယ်ထားတဲ့ အဓိကအချက်အချာကျတဲ့ လမ်းလည်းဖြစ်ပါတယ်။ ယခင်က ဒီလမ်းတစ်လျှောက်ရှိ ရေနှုတ်မြောင်းများအတွင်း နုန်းများ၊ အမှိုက်များ မကြာခဏဆိုသလို ပိတ်ဆို့နေတဲ့အတွက် လမ်းမကြီးနှင့် လူသွားစင်္ကြန်များပေါ်သို့ ရေများ လွှမ်းမိုးလျက် ရှိခြင်းကြောင့် သွားရေးလာရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ယခုလို အုတ်ရေမြောင်းတွေ ဖောက်လုပ်ပေးတဲ့အတွက် ဗညားဒလလမ်းတစ်လျှောက် ရေကြီးရေလျှံခြင်း ပြဿနာ ကနေ လုံးဝကင်းဝေးသွားနိုင်လိမ့်မယ်ဆိုတာ ယုံကြည်မိပါတယ်” ဟု ပြောသည်။

 

နိုင်လင်းအောင်(ပြန်/ဆက်)