တစ်စိတ်တစ်ဝမ်းတည်းအောင်အောင်မြင်မြင်

 ၁၇ ဇူလိုင်

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကြီး အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့လေပြီ။ ငြိမ်းချမ်းရေးခရီး အဆင့်တစ်ဆင့် တက်လှမ်းနိုင်ရေးကို အောင်အောင်မြင်မြင် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့ကြပြီး အောင်မြင်မှု နောက်တစ်ဆင့် တက်လှမ်းနိုင်ရေးအတွက် အားအင်သစ်များ၊ မျှော်လင့်ချက် အလင်းရောင်များကို ဆောင်ကြဉ်းပေးခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

 

(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံကာ ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရန် အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြခြင်းဖြစ်သည်။

 

ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့သည့် “သမဂ္ဂါနံ တပေါ သုခေါ”ဟူသော တရားတော်နှင့်အညီ အင်အားစုများ တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်ခြင်းကြောင့် ချမ်းသာရာ ချမ်းသာကြောင်း အကြောင်းတရားဖြစ်စေသည်။ ယခုအစည်းအဝေးတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များအားလုံးဖြစ်သည့် ညီလာခံကိုယ်စားလှယ် ၇၀ဝ ကျော်၊ ဖိတ်ကြားသင့်သူ ၂၉ဦး၊ လေ့လာသူ ၁၀၄ ဦး၊ အကျိုးဆောင်အဖွဲ့ဝင် ၂၇ ဦး အပါအဝင် အထောက်အကူပြုအဖွဲ့များပါ ပါဝင်ပြီး ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ညီညီညွတ်ညွတ် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြသည်ကို အားရဖွယ်မြင်တွေ့ရသည်။

 

(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ၌လေးချက်၊ စီးပွားရေးကဏ္ဍ၌ တစ်ချက်၊ လူမှုရေးကဏ္ဍ၌ ခုနစ်ချက်နှင့်မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၌ နှစ်ချက် အခြေခံမူ စုစုပေါင်း၁၄ ချက်ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ပြီး ယင်းသဘောတူညီချက် ၁၄ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး နောက်ဆုံးနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၂)အဖြစ် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်ကို ဝမ်းမြောက်ဖွယ်မြင်တွေ့ရသည်။

 

အစည်းအဝေးပိတ်ပွဲ အခမ်းအနား၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးညီလာခံနှင့်ပတ်သက်၍ “ညီလာခံကြီးကနေ တိုင်းရင်းသားပြည်သူတွေကို ရှေ့ဆက်ပြီး ဘာတွေလုပ်မယ်ဆိုတာကို တရားဝင်ထုတ်ပြန်ကြေညာ အသိပေးလိုက်တာပဲ၊ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ ကျွန်မတို့အားလုံး လက်မလျှော့ဘူး၊ ပိုမိုခိုင်မာတဲ့ ခြေလှမ်းတွေကို ဆက်လက်ပြီးလျှောက်လှမ်းသွားမယ်ဆိုတာကို တစည်းတလုံးတည်း၊ တစ်စိတ်တစ်ဝမ်းတည်း ပြသလိုက်တာပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ယခုညီလာခံတွင် ဃြဗ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစိုးရ၏ဖိတ်ကြားမှုဖြင့် တက်ရောက် လာခြင်းသည် ထူးခြားမှုပင်ဖြစ်သည်။ ညီလာခံတွင် ဆွေးနွေးညှိနှိုင်းမှုများအား လက်တွေ့မြင်တွေ့သိရှိ ခွင့်ရခြင်း၊ အစိုးရ၊ တပ်မတော်နှင့် သီးခြားတွေ့ဆုံနိုင်ခြင်း၊ တွေ့ဆုံရာတွင် လွတ်လပ်ပွင့်လင်းရင်းနှီးစွာ တွေ့ဆုံနိုင်ခြင်းတို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်မည့်အလားအလာကောင်းများပင်ဖြစ်သည်။

 

သို့ဖြစ်ရာ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အားတက်မိသည်။ ကျင်းပခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ များသည် အခက်အခဲများ၊ သဘောထားကွဲပြားမှုများကြားမှ ယခုကဲ့သို့ ရလဒ်ကောင်းများ ပေါ်ထွက်လာခြင်းဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့သို့တက်လှမ်းနေသည့် လက္ခဏာဖြစ်သည်။ ငြိမ်းချမ်းရေးခရီးမှာ ရပ်တန့်မနေ၊ ရှေ့သို့ တိုးနေခြင်းမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု၊ တစ်စိတ်တစ်ဝမ်းတည်းရှိမှုတို့ကြောင့် ပေါ်ထွန်းလာသော အောင်မြင်မှုမှတ်တိုင်များဟု ကြေးမုံက ရှုမြင်ပါသည်။ ။