တစ်ကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် အီတလီနှင့် စပိန်တို့၌ ကန့်သတ်ချက်များ တိုးမြှင့်

၂၆ အောက်တိုဘာ

 

 

အီတလီနှင့် စပိန်နိုင်ငံတို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ပြန့်ပွားနေမှုများကို တားဆီးရန်အတွက် အသွားအလာ ကန့်သတ်မှု စည်းကမ်းများကို  တိုးမြှင့်သတ်မှတ်ရန် စီစဉ်လျက်ရှိသည်။

 

 

အီတလီနိုင်ငံတွင် တနင်္ဂနွေနေ့ အတွင်းက ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၀၀၀၀အထိ ရှိခဲ့ပြီး စံချိန်တင် ကူးစက်မှုများ  ဖြစ်ပေါ်ခဲ့သည်။

 

 

ကျန်းမာရေး စောင့်ရှောက်မှုများအပေါ် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း အီတလီဝန်ကြီးချုပ် ဂူဆီပီး ကိုတီက တနင်္ဂနွေနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

 

စားသောက်ဆိုင်များကို ညနေ ခြောက်နာရီတွင် စတင်ပိတ်ရမည်ဖြစ်ပြီး  အားကစား ခန်းမများ၊ ရုပ်ရှင်ရုံများနှင့် အခြားနေရာများကို ပိတ်ထားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

အဆိုပါ ကန့်သတ်ချက်အား အောက်တိုဘာလ ၂၆ ရက်နေ့မှစတင်ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ထားရှိမည်ဖြစ်သည်။

 

 

အဆိုပါ ကန့်သတ်ချက်များအတွက် ခက်ခဲပေမယ့်လည်း လိုက်နာရမည်ဖြစ်ကြောင်း ခက်ခဲ့သည့် ကန့်သတ်ချက်များကြောင့် ဒီဇင်ဘာလအတွင်းမှာ ကူးစက်မှုနှုန်း ကျဆင်းပြီး အသက်ရှု ချောင်နိုင်မည်ဖြစ်ကြောင်း ကိုတီက ပြောကြားခဲ့သည်။

 

 

ဝေးလံခေါင်းဖျားသည့် ကျွန်းများမှ အပ တစ်နိုင်ငံလုံးအား အရေးပေါ် အခြေအနေအဖြစ် စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်ချဒ်စ်က ကြေညာခဲ့သည်။

 

 

ည၁၁နာရီမှ နံနက်ခြောက်နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်မည်ဖြစ်ကြောင်း အဆိုပါ အရေးပေါ်ကြေညာချက်အား နိုဝင်ဘာလ ၉ ရက်နေ့အထိ  ထားရှိမည်ဟု ဝန်ကြီးချုပ်က ကြေညာခဲ့သည်။ 

 

 

အဆိုပါ အမိန့်နှင့် ပတ်သက်ပြီး ပြည်သူများက နားလည်ရမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး  ပြီးခဲ့သည့် ရာစုနှစ်များ အတွင်း၌ နိုင်ငံ၏ ကျန်းမာရေး အခြေအနေမှာ အဆိုးဝါးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်ချဒ်စ်က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်