တစ်ကျော့ပြန်ခေါင်းထောင်လာတဲ့ ကိုဗစ်-၁၉ မျိုးကွဲကြောင့် လာမယ့်ဆောင်းဦးရာသီနဲ့  ဆောင်းရာသီမှာ ကိုဗစ်-၁၉ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဦးမယ့် ဥရောပဒေသ 

လင်းဟန်သစ်

ဥရောပဒေသမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ တစ်ကျော့ပြန် လျင်လျင်မြန်မြန် မြင့်တက်လာချိန်ဟာ ကံမကောင်းစွာနဲ့ဘဲ မကြာမီမှာ ရောက်ရှိလာတော့မယ့်  ဆောင်းဦးရာသီနဲ့ ဆောင်းရာသီကာလတွေနဲ့ တိုက်ဆိုင်နေပါတယ်။ အဲလိုအချိန်မှာ ဥရောပဒေသဟာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ဘေးဒုက္ခတွေနဲ့သာမက စိန်ခေါ်မှုတွေနဲ့ပါ ထပ်မံရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဌာနေရုံးက ခန့်မှန်းထားပါတယ်။ 

တစ်ကမ္ဘာလုံးရဲ့ ထက်ဝက်နီးပါးရှိ 

လွန်ခဲ့တဲ့သီတင်းပတ်က  ဥရောပဒေသမှာ   ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ   သုံးသန်းနီးပါးရှိလာခဲ့ပါတယ်။   ဒီပမာဏဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် ရဲ့ ထက်ဝက်နီးပါးရှိတယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ 

ဒီအခြေအနေဟာ  လွန်ခဲ့တဲ့နွေရာသီမှာဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအခြေအနေနဲ့   တစ်ထေရာတည်း၊  တစ်ပုံစံတည်းလို ဖြစ်နေပါတယ်။ ဒီတစ်ခါ ကိုဗစ်-၁၉ ကူးစက်ဖြစ် ပွားမှု မြင့်တက်လာ ရတာကတော့ အိုမီခရွန်ကြောင့်မဟုတ်ဘဲ   သူ့ရဲ့  မျိုးကွဲတွေဖြစ်တဲ့ BA.2 နဲ့ BA.5 မျိုးကွဲတွေကြောင့်ဖြစ်ပါတယ်။ 

ပိုမိုကူးစက်မြန် 

ဒီ ကိုဗစ်-၁၉ မျိုးကွဲတွေဟာ   အရင်ကတွေ့ရှိခဲ့တဲ့   ကိုဗစ်-၁၉ ဗိုင်းရပ်စ်တွေထက် ပိုမိုကူးစက်မြန်တယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေညွှန်ကြားရေးမှူး  ဟန်းစ်ကလော့က  ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဒီကိုဗစ်-၁၉ မျိုးကွဲတွေဟာ ဥရောပဒေသမှာတင်မကပါဘူး။ ကမ္ဘာ့ တခြားနိုင်ငံတွေမှာလည်း   BA.4 နဲ့   BA.5 လို့ခေါ်တဲ့   ကိုဗစ်-၁၉ မျိုးကွဲသစ်တွေကို   ထပ်မံတွေ့ရှိထားပါတယ်။    ဒီကိုဗစ်-၁၉ မျိုးကွဲသစ်တွေဟာ  အရင်ကတွေ့ရှိခဲ့တဲ့ အိုမီခရွန်နဲ့ တခြားကိုဗစ်-၁၉ မျိုးကွဲတွေထက် ပိုမိုကူးစက်မြန်ပါတယ်။ ထပ်မံတွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ မျိုးကွဲသစ်တွေဟာ  လူတွေရဲ့  ခုခံကာကွယ်မှုကို  အလွယ်တကူ ရှောင်ရှားနိုင်ပြီး ရောဂါကူးစက်ခံရသူရဲ့ ခုခံကာကွယ်နိုင်စွမ်းကိုလည်း လျော့နည်းစေပါတယ်။ 

BA.4 နဲ့ BA.5 ကိုဗစ်-၁၉ မျိုးကွဲတွေရဲ့ ရောဂါလက္ခဏာတွေကတော့ တခြားအိုမီခရွန် မျိုးကွဲတွေလိုပဲ   ဖျားနာခြင်း၊   ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနဲ့  အအေးမိတဲ့လက္ခဏာတွေဖြစ်ပေါ်  ခံစားရမှာ ဖြစ်ပါတယ်။

အသက်ကြီးပိုင်းတွေ ပိုမိုကူးစက်ဖြစ်ပွားနိုင် 

ဥရောပမှာ တစ်ပတ်ကို လူ ၃၀၀၀ နီးပါး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှုကြောင့် သေဆုံးကြရပါတယ်။ ထို့အတူ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား နှုန်းလည်း   မြင့်တက်လာပါတယ်။  အထူးသဖြင့်တော့ ရောဂါအခံရှိ သူများနဲ့ အသက်ကြီးပိုင်းများမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပိုမို မြင့်တက်လျက်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  အရင်ကပိတ်ထားခဲ့ရတဲ့ ကျောင်း များလည်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သလို  အပန်းဖြေအနားယူရာမှ ပြန်လာသူများလည်း  မိမိနေရပ်အသီးသီးသို့ တဖွဲဖွဲပြန်လည်ရောက်ရှိ လာပြီဖြစ်ပါတယ်။  ထို့အတူ လူမှုရေးဆိုင်ရာ ပွဲလမ်းသဘင်များလည်း အဆောက်အအုံများအတွင်း ပြန်လည်ကျင်းပလျက်ရှိပါတယ်။ 

ကူးစက်မှုတွေ ပိုမိုဖြစ်ပွားလာဖွယ်ရှိ 

ဒီလိုအခြေအနေတွေကြောင့်    လာမယ့်   ဆောင်းဦးရာသီနဲ့ ဆောင်းရာသီကာလတွေမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ပိုမိုဖြစ် လာနိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။ 

အရင်ကိုဗစ်-၁၉ ဗိုင်းရပ်စ်ထက် ပိုမိုကူးစက်မြန်တဲ့ ကိုဗစ်-၁၉ မျိုးကွဲကူးစက်ဖြစ်ပွားသူတွေကိုလည်း စမ်းသပ်တွေ့ရှိထားတဲ့အတွက် အခုနှစ်ဆောင်းဦးရာသီနဲ့ ဆောင်းရာသီကာလတွေမှာ ဥရောပဒေသ အတွက်တော့   တစ်ကျော့ပြန်ဖြစ်ပွားလာမယ့်  ရောဂါကပ်ဘေးကို သတိထားစောင့်ကြည့် သွားရမှာဖြစ်ပါတယ်။ 

ကပ်ရောဂါတည်ငြိမ်မှုဆိုင်ရာ စံသတ်မှတ်ချက်တွေကို လုပ်ဆောင် 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့  ဌာနေညွှန်ကြားရေးမှူး ဟန်းစ်ကလော့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ဆောင်းဦးရာသီနဲ့  ဆောင်းရာသီကာလ တွေအတွက် ကိုဗစ်-၁၉ မဟာဗျူဟာတွေကို ချမှတ် လုပ်ဆောင်သွား မှာဖြစ်သလို   တစ်ကျော့ပြန်ဖြစ်ပွားလာနိုင်ခြေရှိတဲ့   ကိုဗစ်-၁၉ လှိုင်းဂယက်အတွက်လည်း  ကြိုတင်ပြင်ဆင်နေတယ်လို့ ပြောကြား လိုက်ပါတယ်။ 

အသစ်ထပ်မံထုတ်ပြန်မယ့် နည်းဗျူဟာသစ်က ဥရောပဒေသတွင်း မှာရှိတဲ့ နိုင်ငံတွေကို ကပ်ရောဂါတည်ငြိမ်မှုဆိုင်ရာ  စံသတ်မှတ်ချက် ငါးချက်ကို ပြန်လည်လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ 

အဲဒီနည်းဗျူဟာမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတိုးမြှင့်ထိုးနှံထားဖို့၊ ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့၊ ပြည်သူများကြား မှာ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ဖို့၊ အများပြည်သူနဲ့သက်ဆိုင်ရာနေရာဒေသများအားလုံးမှာ  လေဝင်လေထွက်ကောင်းမွန်ဖို့နဲ့ ပြင်းထန် သော ရောဂါဖြစ်နိုင်ခြေရှိသူများကို  ထိရောက်သောကုထုံးအသုံးပြုဖို့တွေပါဝင်ပါတယ်။

လူထုအခြေပြုကိုဗစ်-၁၉ စောင့်ကြည့်မှုတွေ လုပ်ဆောင်  

ဥရောပဒေသတွင်းမှာရှိတဲ့   နိုင်ငံတွေကိုလည်း  လူထုအခြေပြု ကိုဗစ်-၁၉ စောင့်ကြည့်မှုများကို ဆက်လက်လုပ်ဆောင်ကြပြီး လာမယ့် ဆောင်းဦးရာသီနဲ့ ဆောင်းရာသီကို ရင်ဆိုင်သွားဖို့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ ဌာနေညွှန်ကြားရေးမှူး ဟန်းစ်ကလော့က ပြောကြားထား ပါတယ်။

ကိုဗစ်-၁၉ မျိုးကွဲကမ္ဘာ့အနှံ့ဖြစ်နေချိန်မှာ ဥရောပဒေသမှာလည်း တစ်နေ့တခြားဆိုးရွားလှတဲ့  ကိုဗစ်-၁၉ မျိုးကွဲကူးစက်ဖြစ်ပွားမှုကို အကောင်းဆုံးတားဆီးကာကွယ်နိုင်မှသာ လာမယ့်ဆောင်းဦးရာသီနဲ့ ဆောင်းရာသီမှာ ကိုဗစ်-၁၉ တစ်ကျော့ပြန်ကူးစက်ဖြစ်ပွားလာမယ့်ဘေးက ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။             

ကိုးကား - ဆင်ဟွာ