တစ်ချိန်က မြန်မာ့ရုပ်မြင်သတင်း ဘယ်လိုလွှင့်ခဲ့သလဲ...

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုအထိမ်းအမှတ်

ခင်မောင်ညိန်း

“ဟဲလို ... ဟဲလို... လွှတ်တော်သတင်းအခွေ မပြီးသေးဘူး။ တီးလုံးပြန်ကျော့ထားပေးပါ”

ဒါက တစ်ခါတလေ ည ၈ နာရီထိုးဖို့ တစ်မိနစ်၊ နှစ်မိနစ်အလိုမှာ    စက်ခန်းကို    လှမ်းပြောရတာမျိုး၊ သတင်းအစီအစဉ်စတဲ့အခါ     ပထမဆုံးတင်ပြရမယ့် သတင်းအတွက်  ဗီဒီယိုအခွေတည်းဖြတ်လို့  မပြီးသေးဘူး ဆိုရင် စတူဒီယိုစက်ခန်းကို  အဲဒီလို   ကြိုတင်ပြောထား ရတာ အကြိမ်ပေါင်းမနည်းလှ။

အစစအရာရာ သိပ်ကိုလွယ်ကူတဲ့ အခုလို ကွန်ပျူတာ အိုင်တီခေတ်နဲ့ ဟိုတစ်ချိန်တုန်းက  လုပ်ကြရတဲ့ အခြေ အနေချင်းမတူဘူးလေ၊ ဘယ်လိုများ ကွာခြားလို့ပါလဲ။

အဓိကရိုက်ကွက်တွေကို ကြိုတင်ရွေးချယ်

ပြည်သူ့လွှတ်တော် အစည်းအဝေးသတင်းအတွက် ပြင်ဆင်ရတယ်ဆိုကြပါစို့။ ကျွန်တော်တို့ကင်မရာအဖွဲ့က အလုံလမ်း     ပြည်သူ့လွှတ်တော်    (အခု ရန်ကုန်တိုင်း ဒေသကြီး  ဝန်ကြီးချုပ်ရုံး)   ထဲမှာ   သွားရောက်ရိုက်ကူး တယ်။ မွန်းလွဲပိုင်း စည်းဝေးပွဲအပြီး ပြန်ယူလာတဲ့ ဗြက် သုည ဒသမ  ၇၅ လက်မရှိ ဗီဒီယိုဖလင်ခွေတွေကို   ဗီဒီယို အယ်ဒီတာက (များသောအားဖြင့် သီရိဂေဟာ ဦးအောင်မြင့် (ကွယ်လွန်) က တာဝန်ယူပါတယ်) စိစစ်ကြည့်ရှုရတယ်။

သတင်းမှာပါနိုင်မယ့်  အဓိကရိုက်ကွက်တွေကို ကြိုတင် ရွေးချယ်ရပါတယ်။

 အဲဒီအချိန်မှာ   သတင်းစာသားက မရှိသေးပါဘူး၊  စာသားက   အစောဆုံး    ညနေ ၆ နာရီ၊ ၆   နာရီခွဲလောက်ကျမှ     ရပါတယ်၊    အစည်းအဝေးက နေ့ခင်းကလုပ်တာပဲ။   ဘာဖြစ်လို့  အဲဒီလောက်နောက်ကျ တာလဲ မေးစရာပါ။

အဲဒီခေတ်အခါက မြန်မာ့အသံ သတင်းထောက်ရယ် လို့ခန့်ထားတာ    သက်သက်မရှိပါဘူး။    သိမ်ဖြူလမ်း ဝန်ကြီးများရုံးရှေ့ဘက်ရှိ   မြန်မာ့သတင်းစဉ်က  စုစည်း ပေးပို့တဲ့သတင်းတွေကို    မြန်မာ့အသံရော၊    ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင်စတဲ့ တခြားသတင်းစာတွေ အားလုံးကပါ ရွေးချယ်အသုံးပြုကြရပါတယ်။  လွှတ်တော် သတင်းမျိုး၊ VIP အရေးကြီးပုဂ္ဂိုလ်ပါတဲ့  သတင်းလိုမျိုး ဆိုရင် အထက်လူကြီးအဆင့်ဆင့်က ဖတ်ရှုစိစစ်အတည် ပြုပြီးမှ ကျွန်တော်တို့ဌာနက စေလွှတ်ထားတဲ့ ကားသမား က ယူလာရပါတယ်။ (တစ်ခါတလေလမ်းမှာ ကားဘီး ပေါက်ပြီ ကားပျက်ပြီဆိုရင် အတော်ခေါင်းခဲကြရပါတယ်။ အဲဒါဆို တယ်လီဖုန်းနဲ့ တစ်ဖက်ကဖတ်ပေး။ ဒီဘက်က လိုက်ရေးပေါ့)

ပြည်လမ်း မြန်မာ့အသံကို ညနေ ၆ နာရီလောက်မှာ ပထမတစ်သုတ်အဖြစ် နယ်သတင်းတွေ  မနက်စောစော ပိုင်းက   ဌာနဆိုင်ရာသတင်းတွေ    ရောက်လာပါတယ်။ ကျွန်တော်က ရုပ်မြင်သတင်းတာဝန်ခံဆိုတော့     လက်ခံ ရယူ၊ သုံးသင့်၊ ပါသင့်တဲ့ သတင်းတွေ ရွေးထုတ်တည်းဖြတ် ပြီး   လက်နှိပ်စက်ရိုက်ဖို့  ပြင်ကြရတယ်။   မြန်မာ့အသံမှာ သတင်းဌာနအတွက်   စာရိုက်သူ    လက်နှိပ်စက်သမားတွေ က စပယ်ရှယ်လက်ရွေးစင်တွေဖြစ်ကြပြီး  စက်သေနတ် ပစ်သလို    တဖြောင်းဖြောင်း    ရိုက်နိုင်သူတွေပါ၊  (ရုပ်မြင် သတင်းအတွက် ကိုကျော်ထွန်းက ပင်တိုင်၊ နောက်ပိုင်းမှာ ကိုပန်းမောင်က တာဝန်ယူပေးကြတယ်။)

နိုင်ငံခြားသတင်း

နိုင်ငံခြားသတင်းတွေကိုတော့ ပြည်တွင်းသတင်း တွေမလာခင်   ညနေ  ၄ နာရီလောက်ကစပြီး ဘာသာပြန် ပေးပါတယ်။ အဲဒီသတင်းတွေကို   မြန်မာ့သတင်းစဉ်က မော်တော်ဆိုင်ကယ်နဲ့  လာပို့တာပါ။ ကျွန်တော်က   ထူးခြား တဲ့သတင်းတွေ  ရွေးချယ်ပြီး  ပါးစပ်က  တတွတ်တွတ် ဘာသာပြန်ပေးတာကို   ကိုကျော်ထွန်းနဲ့    ဒေါ်ဝင်းမေတို့က လက်နှိပ်စက်မှာ   ရိုက်ပါတယ်။   ရုပ်မြင်သတင်းအတွက် ဖတ်ရတာ   လွယ်ကူအောင်    ဖူးစကတ်အရွယ်   စက္ကူကို ကန့်လန့်ပိုင်းပြီး  (၆ ဒသမ ၅ x ၈ လက်မအရွယ်) စာလုံး ခပ်ကျဲကျဲ  ရိုက်ပေးရတယ်။  (Teleprompter ကင်မရာ အောက်နားက ဖန်သားပြင်မှာကြည့်လိုက်ရုံပဲ။)

အဲဒီအချိန်မှာ      သတင်းကြေညာမယ့်သူတွေကို အကြိုင်  (ကျောင်းကုန်း) က မိတ်ကပ်လိမ်းခြယ်ပေးပါတယ်။ ဆက်သွယ်ရေးဌာနကတစ်ဆင့်လာတဲ့ဂြိုဟ်တု   ပြည်ပ သတင်း ၁၀ မိနစ်စာကို စောစောပိုင်းက ကြိုတင်ရိုက်ထား ရပါတယ်။     မိုးလေဝသသတင်းကိုလည်း    ဖုန်းနဲ့ယူပြီး ပြင်ဆင်ထားပြီးပါပြီ။

ညနေ  ၇  နာရီဝန်းကျင်မှာ  သတင်းကားက    ဒုတိယ အခေါက်ဝင်လာတော့  အရေးပါတဲ့သတင်းတွေ  ပါလာပါ တယ်။  များသောအားဖြင့်    နံပါတ်  ၁  ထိပ်ဆုံးဖြစ်မယ့် သတင်းက အဲဒီအချိန်မှာမှ ပါတတ်တာပါ ကျွန်တော်က ဖတ်မယ့်သူအတွက်  ခပ်သုတ်သုတ်တည်းဖြတ်  ရိုက်ပေး ရသလို  ဗီဒီယိုအရုပ်နဲ့    စာသားကိုက်ညီအောင်     ဗီဒီယို အယ်ဒီတာ (ဦးအောင်မြင့်)က ကတိုက်ကရိုက် တည်းဖြတ် ရပါတယ်။ ဒီအချိန်မှာပဲ ပြည်တွင်းသတင်းဖတ်မယ့်သူက လက်နှိပ်စက်ရိုက်ပြီးသား သတင်းစာရွက်တွေကို လာကြည့် ပြီး  ကင်မရာရှေ့မှာ    အထစ်အငေါ့မရှိ    ချောချောမွေ့မွေ့ ဖတ်နိုင်ဖို့   သုံး၊  လေးခေါက်လောက်  လေ့ကျင့်ဖတ်ရှုရ ပါတယ်။

ည ၈ နာရီမထိုးခင်   ၁၅   မိနစ်လောက်အလိုမှာ သတင်းကြေညာမယ့်သူတွေက    ရုပ်မြင်လွှင့်ထုတ်မယ့် စတူဒီယိုခန်းကိုသွားပြီး   မီးချိန်တာတွေ၊  အသံချိန်တာတွေ လုပ်ရပါတယ်။     မီးချိန်တယ်ဆိုတာက   အသားဖြူတဲ့သူ၊ ညိုတဲ့သူ   လူကိုကြည့်ပြီး   လိုက်ဖက်အောင်   မီးလုံးနေရာ ရွှေ့ပေးတာပါ။ အသံချိန်တာကတော့ အသံတိုးသူ၊ ကျယ်သူ လိုအပ်သလို ညှိပေးရတာပါ။

 မိနစ်တွေက စားသွား

အခုခါလို   ကွန်ပျူတာတွေမရှိသေးတော့   ဗီဒီယို တည်းဖြတ်တဲ့စက်တွေက အခွေသွင်းတဲ့ ထုတ်တဲ့အခါ တစ်ဆင့်ပြီးတစ်ဆင့် ကလစ်ကလောက်နဲ့  နေသားတကျ ဖြစ်ဖို့  အချိန်ယူပါတယ်။  သတင်းစာသားနဲ့  ကိုက်ညီ အောင် လုပ်တဲ့အခါ   ဟိုတစ်ခွေက   အရုပ်လိုရင်    အဲဒီ တစ်ခွေထည့်လိုက်  ပြီးရင်ပြန်ထုတ်လိုက်၊    နောက်တစ်ခွေ ထည့်လိုက်နဲ့  မိနစ်တွေက စားသွားပါတယ်။ ည ၈ နာရီ ထိုးခါနီးပြီဆိုရင်    ဦးအောင်မြင့်ကို   လောပေးရပါတယ်။ သမ္မတကြီးသတင်းလိုမျိုးဆိုရင်         ညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းကိုယ်တိုင်  အနားက လာကြည့်တတ်ပါတယ်။ အမှားတစ်ခုခုလွဲချော်သွားရင် လူကြီးတွေက သူ့ကိုအရင် မေးမှာလေ။

ဒီလိုနဲ့ ၈ နာရီ ထိုးလုလုမှာ လွှင့်ထုတ်ရမယ့်အခွေ တည်းဖြတ်စက်ထဲက ထွက်လာရင် ပေ ၁၀၀ လောက် မှာရှိတဲ့စက်ခန်းကို   အပြေးသွားပို့ရပါတယ်။  စက်ခန်း ထဲမှာလည်း စက်တွေက အခွေထည့်လိုက်ရင် ကလောက် ကလက် ဂျောက်ဂျက်နဲ့ မိနစ်ဝက်လောက် အချိန်ပေးမှ အဆင်သင့်ဖြစ်ပါတယ်။  ဒီတော့  အချိန်အတော်နီးနေပြီ ဆိုရင်  တစ်ခါတလေ  သတင်းတီးလုံးကို   ပြန်ကျော့ခိုင်း ရတာမျိုး    ဖြစ်လာတာပါ။   အားလုံးရယ်ဒီဆိုတော့မှပဲ ဆိုင်းသံကထွက်လာပါတယ်။

“ဗျောင်နောင့်    ဗျောင့်နောင်၊    ဗျောင်နောင့် ဗျောင့်နောင် ဗျောင် ဗျောင် . . . .”

“ဗျောင်နောင့် ဗျောင့်နောင်၊ ဗျောင်နောင့် ဗျောင့် နောင် ဗျောင် ဗျောင် . . . .”

(အဲဒီလို       ရင်တဖိုဖိုကာလတွေ      ကြုံဖူးခဲ့ကြတဲ့ ဦးအောင်မြင့်  (ကွယ်လွန်)၊  ဒေါ်ခင်အေးလွင် (ကွယ်လွန်)၊ ဒေါ်သန်းသန်းဝင်း၊   ဒေါ်ညွန့်ညွန့်သိန်း၊ဦးလှဝင်း၊ ဦးသိန်းလှမော်၊   ဦးကျော်စိုးဦး၊   ဒေါ်အေးအေးသန်း၊ ဒေါ်နွယ်မာဝင်း၊ ဒေါ်မေမေသန်းတို့ကို သတိရလျက်။)

ကြေးမုံ