တစ်ကိုယ်ရေကျန်းမာရေး အလေးထား

နိုင်ငံသားအများစုသည် မိမိကိုယ်မိမိ ကျန်းမာသောသူဖြစ်အောင် ကျင့်ကြံနေထိုင်မှု အားနည်းသည်ဟု ဆိုရမည်ဖြစ်သည်။ မိမိတို့၏ဘဝ ရပ်တည်နေထိုင်မှုကြောင့်ဟု ဆိုခြင်းထက် ပေါ့ပေါ့ဆဆ သတိမမူမိဘဲ စားသောက်နေထိုင်မှုတို့ကြောင့် ရောဂါလုံးလုံးလျားလျားဖြစ်မှသာ ဆေးရုံ၊ ဆေးခန်းသို့ အလျင်အမြန် လာရောက်ကြသူ အများစုဖြစ်သည်ကို မြင်တွေ့နေရသည်။

ယခုအချိန်ကာလသည် ရာသီတုပ်ကွေးရောဂါ အဖြစ်များသော ကာလဖြစ်ပြီး ဆေးဝါးကုသမှု ခံယူခြင်းကို ပုံမှန်လုပ်ရိုးလုပ်စဉ် ပြုလုပ်ကြသည် မှန်သော်လည်း လူတို့ကို ဆိုးရွားစွာ ထိခိုက်ပြီး ပျက်စီးစေနိုင်သည့် H1N1 တုပ်ကွေးရောဂါ မဖြစ်စေရန်လည်း အထူးဂရုစိုက်သင့်ပေသည်။ အဆိုပါရောဂါမှာ နှစ်စဉ်နှစ်တိုင်း ဖြစ်လေ့ရှိပြီး ယခုနှစ်တွင် ထိုရောဂါဖြင့် သေဆုံးမှုအရေ အတွက် ယခင်ထက်ပိုနေသဖြင့် အထူးဂရုစိုက်ရန် အသိပေးနှိုးဆော်ခြင်းဖြစ်သည်။

ရောဂါအဖြစ်များသည်ဟု သတ်မှတ်ခဲ့သော ၂၀၁၇ ခုနှစ်က ရောဂါ သံသယရှိသူ ၁၅၄ ဦး၊ အတည်ပြုသူ ၉၂ ဦး၊ သေဆုံးသူ ၁၆ ဦးရှိခဲ့စဉ် လူအများစိတ်ဝင်စားမှုမြင့်မားပြီး အဖွဲ့အစည်း ပေါင်းစုံတို့က ကာကွယ်ကုသ ပညာပေးမှု မျိုးစုံပြုလုပ်ခဲ့ပေသည်။ ယခု ဇူလိုင်လ ၁၈ ရက်နေ့အထိ အဆိုပါရောဂါဖြင့် သေဆုံးသူ ၆၄ ဦးအထိ ရှိလာသော်လည်း ပြည်သူများ အနေဖြင့် ကာကွယ် ကုသရေးအပိုင်း၌ အားနည်းမှုရှိသည်ကိုတွေ့ရသည်။ အဆိုပါ ရောဂါပိုးကို ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးတွေ့ရှိပြီး လူ ၁၉၀ ဖြစ်ပွား၍ သေဆုံးသူ ၅၁ ဦးအထိ ရှိနေပြီဖြစ်သည်။

အဆိုပါရောဂါအတွက် စိုးရိမ်ကြောက်လန့်မှု အထူးဖြစ်စရာမလိုဘဲ ကြိုတင်ကာကွယ်ကုသခြင်းဖြင့် ထိခိုက်ပျက်စီးမှုကို ဟန့်တားနိုင်ပါသည်။ သို့သော် လူတို့၏ ကာကွယ်မှု၊ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင် စားသောက်ပုံအားနည်းမှု၊ အလွယ်တကူဆေးကုသမှု၊ ပေါ့ပေါ့ဆဆ နေထိုင်မှုတို့ကြောင့် ဖြစ်ပွားမှုမြင့်တက်ခြင်း ဖြစ်နိုင်သည်။ ဖျားနာမှုဖြစ်သည်နှင့် လွယ်လင့်တကူ ဆေးမြီးတိုများဖြင့် ကုသလျက်ရှိရာ ယင်းသို့ မဖြစ်စေရေးအတွက် အသိပညာပေးမှုများကို ယခုထက် ပိုမိုဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်သည်။

ရာသီတုပ်ကွေးရောဂါပိုးသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သဖြင့် မိမိတွင် တုပ်ကွေးရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက အခြားသူများအား ကူးစက်ခြင်းမဖြစ်နိုင်စေရန် မိသားစုနှင့်နီးကပ်စွာ မနေထိုင်ခြင်း၊ ကျောင်း၊ ဈေး၊ လူနေထူထပ်သော နေရာများသို့ သွားရောက် ခြင်းကို ရှောင်ကြဉ်ခြင်း၊ နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်၍ စနစ်တကျ ကုသမှုခံယူခြင်းများ ပြုလုပ်သင့်သည်။

ပုံမှန်အားဖြင့် အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နှင့်အထက် အဖျား ရှိခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်း တို့သည် ရာသီတုပ်ကွေး လက္ခဏာများဖြစ်ပြီး အဖျားအလွန်ကြီးခြင်း၊ အသက် ရှူကျပ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ သတိလစ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း တို့သည် ပြင်းထန် လက္ခဏာများဖြစ်ပြီး နီးစပ်ရာဆေးရုံသို့ ချက်ချင်း သွားရောက်၍ ကုသမှုခံယူရမည်ဖြစ်သည်။

အဆိုပါရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ် ကုသပညာပေးမှုများကို ဒေသအလိုက် ကွင်းဆင်း၍ အလေးထား ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် အသိတရားဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။ အထူးသဖြင့် တစ်ကိုယ်ရေ ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်ရေးအတွက် မိမိတို့၏ ပြုမူနေထိုင် စားသောက်မှုများကို အလေးထား ဆောင်ရွက်ကြရန် လိုအပ်ပေသည်။

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် ကျန်းမာသောဘဝကို ရရှိပိုင်ဆိုင်နိုင်ရန် တစ်ကိုယ်ရေကျန်းမာရေး၊ သန့်ရှင်းရေးတို့ကို နေ့စဉ်နှင့်အမျှ သတိထား ဆင်ခြင်ပြုမူနေထိုင်ခြင်းဖြင့် ရာသီတုပ်ကွေးရောဂါ သာမက အခြားရောဂါများပါ ကူးစက်မှု၊ ဖြစ်ပွားမှု လျော့နည်းကျဆင်းအောင် အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။      ။