အောက်တိုဘာ ၁၇
အဲဗာတန် ၂ - ၂ လီဗာပူး
အဲဗာတန်နဲ့ လီဗာပူးတို့ရဲ့ မာဆေးဆိုက်ဒါဘီဟာ ပရိသတ်တွေ မျှော်လင့်ထားသလို အပြန်အလှန်သွင်းဂိုးတွေနဲ့ နောက်ဆုံး အချိန်အထိရင်ခုန်ခဲ့ရတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၃မိနစ်ကတည်းက ဧည့်သည် လီဗာပူးဟာ အဲဗာတန်ဘက်ကို မာနေးရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရတဲ့ အဲဗာတန်ကလည်း လီဗာပူးဘက်ကို တရစပ်ဖိပြီး တိုက်စစ်ပြန်ဆင်လာခဲ့တာကြောင့် လီဗာပူးခံစစ်က အဲဗာတန်တိုက်စစ်ကို အသဲအသန် ရှင်းထုတ်နေခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၁၉ မိနစ်အရောက်မှာတော့ မိုက်ကယ်ကိန်းက ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ သေသပ်လှတဲ့ဒေါင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး အဲဗာတန်အတွက် ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒီနေရာမှာ ပြောစရာရှိတာက လီဗာပူးတိုက်စစ်ဆင်မှုတွေ အလုပ်ဖြစ်ခဲ့တာက ကွင်းလယ်လူ အယ်လ်ကန်တာရာရဲ့ ပါးနပ်မှု ၊ ဘောလုံးလမ်းကြောင်း ရှာဖွေတတ်မှုနဲ့ နေရာလွတ်တွေထွက်လာအောင်ကစားနိုင်မှုတွေက အဓိက ကျခဲ့တာပါ။ လီဗာပူးရသွားတဲ့ ဒုတိယဂိုးဟာ အယ်လ်ကန်တာရာဆီကနေတစ်ဆင့် အဲဗာတန်ကစားသမား မီလ်နာရဲ့ ဘောလုံးရှင်းထုတ်မှု မသေသပ်တာကို အခွင့်ကောင်းယူပြီး လီဗာပူးတိုက်စစ်မှူး ဆာလာက ဒုတိယဦးဆောင်ဂိုးအဖြစ် ရယူသွားတာပါ။ ဒါပေမယ့် ပွဲပြီးဖို့ ကိုးမိနစ်ပဲ လိုတော့တဲ့ အချိန်မှာ လီဝန်က အဲဗာတန်အတွက် ချေပဂိုးကို ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာကြောင့် နှစ်ဂိုးစီ သရေ ဖြစ်လာပါတယ်။
ဒါပေမယ့် ပွဲချိန် မိနစ် ၉၀ အရောက်မှာတော့ အဲဗာတန်ကစားသမား ရစ်ချာလီဆန်ဟာ လီဗာပူးကွင်းလယ်လူ အယ်လ်ကန်တာရာကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ၁၀ယောက်ကျန် အဲဗာတန်က အနိုင်ရလဒ်အတွက် တရစပ်ဖိကစားလာတဲ့ လီဗာပူးတိုက်စစ်ကို ခက်ခက်ခဲခဲ ဖျက်ထုတ်နေရပြီး ပွဲပြီးခါနီးအချိန်မှာတော့ ဟန်ဒါဆင်ရဲ့ ကန်ချက်ကို အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်မကာကွယ်နိုင်ဘဲ ဂိုးပေါက်ထဲ ဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟန်ဒါဆင်ကို ဘောလုံးခင်းပေးလိုက်ချိန် မာနေးလူကျွံအနေအထားမှာရှိနေခဲ့လို့ VAR ဆုံးဖြတ်ချက်အရ ဂိုးအဖြစ် ပယ်ဖျက်ခဲ့လို့သာ အဲဗာတန်အသင်း အိမ်ကွင်းမှာ ယခုရာသီ ပထမဆုံး ရှုံးပွဲ မကြုံခဲ့တာဖြစ်ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးတိုက်စစ်မှူး မာနေးက ရရှိခဲ့ပါတယ်။
မေလဲ့သင်း