တစ်နှစ်ထက်တစ်နှစ် လာရောက် လည်ပတ်သူ များလာတဲ့ ညောင်ချောင်းသာ အပန်းဖြေ ကမ်းခြေ

ညောင်တုန်း ၃ မတ်

 

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရန်ကင်းစံရွာ ကျေးရွာရှိ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ သဲသောင်ပြင်တွင် သဘာဝအတိုင်း တည်ရှိနေသော ညောင်ချောင်းသာ အပန်းဖြေ ရေချိုးဆိပ် (ညောင်ချောင်းသာ) ကမ်းခြေသည် တစ်နှစ်ထက် တစ်နှစ် လာရောက် လည်ပတ်သူများ ပိုမိုများပြား လာခဲ့သော အပန်းဖြေ ကမ်းခြေတစ်ခု ဖြစ်လာသည်။

 

 

"ကျွန်တော် ညောင်ချောင်းသာ ကမ်းခြေကို လာရောက် လည်ပတ်ခဲ့တာ ဒီနှစ်နဲ့ဆိုရင် (၃) နှစ်ဆက်တိုက် ရှိခဲ့ပြီ၊ သွားလာရတာလည်း အဆင်ပြေတယ်၊ ကိုယ့်ဒေသကို နေ့ချင်းပြန်ဖို့လည်း အချိန်မီတယ်၊ ဒီနှစ် ညောင်ချောင်းသာ ကမ်းခြေက တိုက်ရိုက်ကားနဲ့ ဆင်းသွားလို့ရတဲ့အတွက် ခါတိုင်းနှစ်တွေကထက် လာရတာ ပိုအဆင်ပြေပါတယ်" ဟု ရန်ကုန်မြို့မှ လာရောက် လည်ပတ်သူတစ်ဦးက ပြောသည်။

 

 

ညောင်ချောင်းသာ ကမ်းခြေတည်ရှိရာ ညောင်တုန်းမြို့သည် ရန်ကုန်မြို့နှင့် မိုင်ပေါင်း ၃၀ ကျော်ခန့်သာ ကွာဝေးပြီး နေ့ချင်းပြန် သွားလာနိုင်ခြင်း၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ အခြားမြို့နယ်များနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း တို့ကြောင်းလည်း လာရောက် လည်ပတ်သူများအဖို့ အချိန်တိုအတွင်း ငွေအကုန်အကျ နည်းပြီး စိတ်အေးချမ်းသာယာစွာ အပန်းဖြေ အနားယူနိုင်၍ မိမိဒေသသို့ အချိန်မီ ပြန်နိုင်ပေသည်။

 

"ဒီရုံးပိတ်ရက် ၄ ရက်မှာ ကျွန်တော်တို့ မိသားစု အနေနဲ့ အပန်းဖြေ ကမ်းခြေ များစွာထဲက ကိုယ့်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ညောင်တုန်းမြို့က ညောင်ချောင်းသာ ကမ်းခြေကို မိသားစုလိုက် လာရောက် အပန်းဖြေဖြစ်တယ်၊ ညောင်ချောင်းသာ ကမ်းခြေဆိုတာ လူပြောများပြီး ကြားဖူးနေတာတော့ ကြာပြီ၊ ဒီနှစ်မှပဲ ရောက်ဖြစ်တော့တယ်၊ စားသောက်ဆိုင်ခန်း တွေကလည်း (၅၀) နီးပါးခန်းရှိပြီး အလွန်စည်ကားပါတယ်၊ ဝန်ဆောင်မှုလည်း ကောင်းတယ်၊ ကလေးတွေလည်း ရေဆော့ကစားရတာ အဆင်ပြေတယ်၊ ဒေသထွက် အစားအစာတွေကလည်း စားသုံးရတာ အဆင်ပြေပါတယ်" ဟု မအူပင်မြို့မှ လာရောက် လည်ပတ်သူတစ်ဦးက ပြောသည်။

 

ညောင်ချောင်းသာ အပန်းဖြေ ရေချိုးဆိပ်သည် တစ်နှစ်ထက်တစ်နှစ် လူသိထင်ရှား ကျော်ကြားလာသော ကမ်းခြေတစ်ခုဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်ပတ်ဝန်းကျင် ဒေသများမှ ပြည်သူများသာမက ရန်ကုန်မြို့နှင့် အခြားပြည်နယ် တိုင်းဒေသကြီးများကပါ လာရောက် လည်ပတ်လျှက်ရှိရာ အထူးစည်ကား လျက်ရှိကြောင်း သိရသည်။

 

ဝဠာနိုင်(ညောင်တုန်း)