တစ်နှစ်တာဒရမ်မာဆုကို ရရှိခဲ့တဲ့ Sky Castle

၃၁  ဇူလိုင်

တောင်ကိုရီးယားရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲရုပ်ရှင်တစ်ကားဖြစ်တဲ့ “Sky Castle” ဟာ လတ်တလော ပြုလုပ်ခဲ့တဲ့ အနုပညာထူးချွန်ဆုပေးပွဲအခမ်းအနားတစ်ခုမှာ တစ်နှစ်တာရဲ့ အကောင်းဆုံးသော ဒရမ်မာဇာတ်လမ်းအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

JTBC ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့တဲ့ အဆိုပါဇာတ်လမ်းတွဲဟာ ကိုရီးယားစားသုံးသူများဖိုရမ်က ကြီးမှူးကျင်းပခဲ့တဲ့ “2019 Brand of the Year Awards” ဆုပေးပွဲမှာ ယခုနှစ်အတွက် တစ်နှစ်တာဒရမ်မာဆုချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလောပြုလုပ်ခဲ့တဲ့ အဆိုပါဆုပေးပွဲမှာ နိုင်ငံတစ်ဝန်းက ပရိသတ်တွေကပေးခဲ့တဲ့ မဲတွေအပေါ် အခြေခံကာ ဆုကိုရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေ ၃၀ ရက်ကနေ ဇူလိုင် ၃၀ ရက်အထိ ဒရမ်မာပရိသတ်တွေရဲ့ ဆန္ဒမဲတွေကို ကောက်ခံခဲ့ရာမှာတော့ ယခုနှစ်အတွက် အကောင်းဆုံးဒရမ်မာအဖြစ် “Sky Castle” က မဲအရေအတွက် အများ ဆုံးရရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

“Sky Castle”ဟာ လူကုံထံအသိုင်းအဝိုင်းက အဖြစ်အပျက်တွေကို ပုံဖော်ထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလအတွင်း ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

အေးပြည့်