တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် နှုတ်ခွန်းဆက် အမှာစကား

နေပြည်တော် ၁၅ အောက်တိုဘာ

ဒီကနေ့မှာ အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးမှုများမှ တစ်ဆင့် တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြားချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ချုပ်ဆိုခဲ့တာ တစ်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုလို ထူးမြတ်တဲ့နေ့ရက်မှာ နှုတ်ခွန်းဆက် စကား ပြောကြားခွင့်ရတဲ့ အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနဲ့ အခမ်းအနားကို တက်ရောက်လာကြသူ အားလုံး၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအကိုမောင်နှမ အားလုံး၊ “ငြိမ်းချမ်း သာယာ ရှိကြပါစေ”လို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ကိုလိုနီအုပ်ချုပ်ရေးစနစ်ရဲ့ ဆိုးရွား ခါးသီးမှုတွေကိုခံစားခဲ့ရပြီး လွတ်လပ်ရေး ပြန်လည်ရရှိချိန်မှာလည်း ကိုလိုနီရဲ့ ဆိုးမွေအဖြစ် အချင်းချင်း စိတ်ဝမ်းကွဲပြားမှုတွေနဲ့အတူ မငြိမ်းချမ်းမှုကိုပါ တစ်ပါတည်းတွေ့ရှိခံစားခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီးချိန်ကစပြီး ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ရာမှာ အဖွဲ့အစည်းများစွာ၊ အင်အားစုများစွာနဲ့ နိုင်ငံတကာမှ ကိုယ်စားလှယ်များပါ ပထမဆုံးအကြိမ်ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်ဟာ ယခု ၁ နှစ်ပြည့် အခမ်းအနားပြုလုပ် နေတဲ့ NCA ပဲ ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ သဘောတူညီချုပ်ဆိုခဲ့တဲ့ NCA စာချုပ်အပေါ်အဖွဲ့အစည်းများအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလိုက်နာ အကောင်အထည် ဖော်နိုင်ခဲ့ကြလို့ ကျေးဇူးတင်ရှိကြောင်းကိုလည်း အသိအမှတ်ပြု ပြောကြားလိုပါတယ်။ အောက်ခြေမှာ နားလည်မှုလွဲမှားပြီး ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်များကိုလည်း ညှိနှိုင်းလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အခက်အခဲမရှိ ပြီးမြောက်အောင်မြင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဒီထက် အခြေအနေ ပိုမိုကောင်းမွန်လာအောင် ဆက်လက် ဆောင်ရွက်နိုင်ကြဖို့ကိုလည်း အကြံပြုလိုပါတယ်။

ယနေ့ ကျွန်တော်တို့လျှောက်လှမ်းနေတဲ့ ပြည်သူတွေလိုလား တောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာဖို့၊ အောင်မြင်ဖို့ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေခံအကျဆုံးနဲ့ အဓိကအကျဆုံး ပကတိလိုအပ် ချက်က တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ ယခင်တပ်မတော် အစိုးရလက်ထက် ပါတီစုံ ဒီမိုကရေစီ အခြေခံကောင်းများ တည်ဆောက်ရာမှာ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးကိုပါ ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီစနစ် ပထမသက်တမ်း ကာလမှာလည်း ရွေးချယ်ခံ အစိုးရအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေမှာ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ခွဲခြားမရနိုင်ဘဲ အတူယှဉ်တွဲဖြစ်ပေါ်တိုးတက်ရမယ့် လုပ်ငန်းစဉ်အဖြစ် ခံယူပြီး တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ခဲ့တဲ့အချိန်က စတင်ရေတွက်မယ်ဆိုရင် NCA ကို လက်မှတ် ရေးထိုးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အချိန်ကာလ အားဖြင့် လေးနှစ်ကျော် ကြာမြင့်ခဲ့တာကိုတွေ့ရပါမယ်။ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ်နဲ့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အဖွဲ့အစည်း အရပ်ရပ်များအကြားမှာ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ သဘော တူညီမှုတွေရရှိအောင် စိတ်ရှည်သည်းခံမှုတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးညှိနှိုင်း လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

နှစ်ပေါင်း ၇၀ နီးပါး သက်တမ်းရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံရေးအရ အဖြေရှာရမယ့် နိုင်ငံရေးပြဿနာ ဖြစ်တယ်ဆိုတာကို NCA ကို ဆွေးနွေး စဉ်ကပါဝင်ခဲ့တဲ့ အင်အားစုအားလုံးက လက်ခံသဘောတူခဲ့ကြတယ်။ ဒီအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်း ပထမအဆင့်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းနဲ့ သက်ဆိုင်ရာပြည်နယ် အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှု ရယူခဲ့ကြတယ်။ ဒုတိယအဆင့်အနေနဲ့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီခဲ့ကြတယ်။ အတိုချုပ်ပြောရရင်တော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ ပထမဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့တယ်။ အဲဒီကနေ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှာ နှစ်ဖက်ဆွေးနွေးတင်ပြချက် တွေကိုစုစည်းပြီး တစ်ခုတည်းသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA Single Text) ရေးဆွဲခြင်း၊ ၂၀၁၅ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ တစ်ခုတည်းသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(မူကြမ်း)ရေးဆွဲခြင်း၊ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှာ စာချုပ်အား အပြီးသတ် ရေးဆွဲခြင်းများ ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါတွေကို ထည့်သွင်းပြောကြား ရခြင်းဟာလည်း ငြိမ်းချမ်းရေးအတွက် ပြီးစလွယ်၊အလျင်အမြန်လုပ်ဆောင်ခဲ့တာမဟုတ်ဘဲ ဘယ်လောက် ကြိုးစားလုပ်ကိုင်ခဲ့ရတယ်၊ တွေ့ကြုံရတဲ့အခက်အခဲတွေကို ကျွန်တော်တို့ရဲ့ ညီညွတ်သော ပေါင်းစည်း စွမ်းအားများနဲ့ ဘယ်လိုကျော်ဖြတ် ခဲ့ရတယ်ဆိုတာကို အမှတ်ရစေဖို့နဲ့ နောင်ဆက်လက်လုပ်ဆောင်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် ခွန်အားတွေ ဖြစ်စေဖို့ဖြစ်ပါတယ်။

NCA ကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်တွေ အကြိမ်ကြိမ်တွေ့ဆုံပြီး ညှိနှိုင်းရေးဆွဲခဲ့ကြတာပါ။ အဲဒီလိုရေးဆွဲ ရာမှာ အခန်းတစ်ခန်းချင်း၊ ပုဒ်မတစ်ခုချင်း၊ စာပိုဒ်တစ်ပိုဒ်ချင်း၊ စာလုံးအသုံးအနှုန်း တစ်ခုချင်းကို အသေးစိတ် အကျေအလည်ဆွေးနွေးပြီး အားလုံးသဘော တူညီချက်ရပြီးမှသာ ထည့်သွင်းရေးဆွဲ ခဲ့တာဖြစ်ပါတယ်။ စာချုပ်ကို လက်မှတ်ရေးထိုးတဲ့အခါမှာတော့ သဘောတူညီဆွေးနွေးခဲ့တဲ့ အဖွဲ့အချို့ အကြောင်း အမျိုးမျိုးကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ ကနဦးလက်မှတ် ရေးထိုးခဲ့ရပါတယ်။

ဒါ့ကြောင့်လည်း လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့အဖွဲ့ အားလုံးပါဝင်နိုင်ရေးကို ကျွန်တော်တို့အားလုံး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ သူတို့အတွက်လည်း တံခါးဖွင့်ပြီး ကမ်းလှမ်း ကြိုဆိုနေ ပါတယ်။ သူတို့ကိုယ်တိုင် ပါဝင်ဆွေးနွေး ညှိနှိုင်းသဘောတူခဲ့တဲ့ အချက်များအပေါ် အုတ်မြစ်ချထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်တဲ့ အတွက် ဒီဖြစ်စဉ်ကို အကောင်အထည်ဖော်ရာမှာ သူတို့ကိုယ်တိုင် ပါဝင် လာခြင်းဖြင့် သူတို့ရဲ့ဆန္ဒတွေကိုပါ ထင်ဟပ်စေမှာဖြစ်ပါတယ်။ NCA စာချုပ်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် စာချုပ်လို့ အမည်တွင်ပေမယ့် စာချုပ်ထဲမှာပါဝင်ခဲ့တဲ့ သဘောတူညီချက်တွေဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတာထက် ပိုမိုကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးလိုအပ်ချက်၊ အမျိုးသား အကျိုးစီးပွားဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို စာချုပ် ရဲ့အခန်း(၁)နဲ့ အခန်း(၅)တို့မှာ နှစ်ကြိမ်တိုင်တိုင် လေးလေးနက်နက် သဘောတူညီအာမခံ ထားတာကို ထင်ရှားစွာတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ရှေးနှစ်ပေါင်းများစွာကတည်းက စုစည်းတည်ထောင်ထားတဲ့ ပြည်ထောင်စု နိုင်ငံတော်ကြီး ဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်းရှိ မည်သည့်တိုင်းဒေသကြီး ပြည်နယ်မှာမဆို တိုင်းရင်းသားလူမျိုးစု တစ်စုတည်းသီးသန့် နေထိုင်တာမဟုတ်ဘဲ လူမျိုးပေါင်းစုံ ပေါင်းစည်းနေထိုင်ခဲ့ ကြတာဖြစ်ပါတယ်။ သာဓကအားဖြင့် ၂၀၁၄ ခုနှစ်၊ လူဦးရေစာရင်းအရ ကချင်ပြည်နယ်မှာဆိုရင် လူဦးရေ ၁၆ သိန်း ကျော် ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေအချိုးမှာ ဗမာ ၂၉.၂ ရာခိုင်နှုန်း၊ ရှမ်း ၂၃.၆ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၁၈.၉၇ ရာခိုင်နှုန်း၊ လီဆူး ၇ ရာခိုင်နှုန်း၊ ရဝမ် ၅.၅ ရာခိုင်နှုန်း၊ လော်ဝေါ် ၃.၃၃ ရာခိုင်နှုန်း၊ လာချိတ် ၂.၈၉ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၁.၅၇ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းရင်းသားများအနေနဲ့ ၈ ရာခိုင်နှုန်းခန့် ရောနှောနေထိုင်တာကို တွေ့ရှိရပါတယ်။ ကယားပြည်နယ်မှာဆိုရင် လူဦးရေ ၂ သိန်း ၆ သောင်းကျော် ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေ အချိုးမှာ ကယား ၅၉.၄၅ ရာခိုင်နှုန်း၊ ရှမ်း ၁၆.ဝ၅ ရာခိုင်နှုန်း၊ ဗမာ ၁၅.၄၄ ရာခိုင်နှုန်း၊ ကရင် ၇.ဝ၄ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းရင်းသားများအနေနဲ့ ၂.ဝ၂ ရာခိုင်နှုန်း ရောနှော နေထိုင်ကြတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် လူဦးရေ ၅၈ သိန်းကျော် ပျံ့နှံ့ နေထိုင်လျက်ရှိပြီး လူဦးရေအချိုးမှာ ရှမ်း ၃၅.၂၃ ရာခိုင်နှုန်း၊ ဗမာ ၁၁.၄၄ ရာခိုင်နှုန်း၊ ပအိုဝ့် ၈.၉၄ ရာခိုင်နှုန်း၊ ပလောင် ၇.ဝ၆ ရာခိုင်နှုန်း၊ ]]ဝ}} ၆.၄၁ ရာခိုင်နှုန်း၊ ဓနု ၄.၄၆ ရာခိုင်နှုန်း၊ ကိုးကန့် ၃.၂၂ ရာခိုင်နှုန်း၊ လားဟူ ၄.ဝ၅ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၂.၃၅ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းရင်းသားများအနေနဲ့ ၁၆.၈၄ ရာခိုင်နှုန်း ရောနှောနေထိုင်ကြတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဓိကတိုင်းရင်းသား လူမျိုးကြီး ၈ မျိုးလို့ဆိုသော်လည်း တိုင်းရင်းသား မျိုးနွယ်စုများအနေနဲ့ ၁၃၀ ကျော်ခန့် ရှိပါတယ်။ အချို့တိုင်းရင်းသားတွေက လူဦးရေများပြားပြီး အချို့တိုင်းရင်းသားတွေကတော့ လူဦးရေနည်းပါးပါတယ်။ ပြည်နယ်အကြီးအသေးကွဲပြားခြားနားခြင်း၊ လူဦးရေနဲ့ မျိုးနွယ်စု ကွဲပြားခြားနားခြင်းများရှိပေမယ့် တိုင်းရင်းသားအားလုံးရရှိခံစားရတဲ့ အခွင့်အရေးကတော့ တန်းတူညီမျှရှိပြီး ဘယ်သူ့ကိုမှ ပိုပေးထားတာ မရှိပါဘူး။ ဒီမိုကရေစီဆိုရာမှာ လူများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရမှာ ဖြစ်သလို လူနည်းစုရဲ့ဆန္ဒကိုလည်း လေးစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်အာဏာခွဲဝေရာ မှာလည်း ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၁၈၈၊ နောက်ဆက်တွဲ ဇယား ၂ ဥပဒေပြုစာရင်းအရ ညီတူမျှတူ ခွဲဝေပေးထားတာကို တွေ့ရမှာ ဖြစ်သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက်လည်း ဇယား(၃)မှာ ပြဌာန်းပေးထားပါတယ်။ ဒါတွေဟာ ဖက်ဒရယ်စနစ်ကို အခြေခံထားတယ် ဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီလုပ်ပိုင်ခွင့်အာဏာများ၊ အခွင့်အလမ်း များကို ပြည့်ပြည့်ဝဝခံစားနိုင်ဖို့အတွက် တိုင်းရင်းသားများအနေနဲ့ လွှတ်တော်အဆင့်ဆင့်ကနေ ဥပဒေပြုခြင်း နည်းလမ်းများအတိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီကျင့်စဉ်ဖြစ်ပါတယ်။

ဒီလိုအခွင့်အရေး၊ အခွင့်အလမ်းတွေကို မျက်ကွယ်ပြုပြီး လက်နက်ကိုင်ဖြတ်လမ်းနည်းနဲ့ အခွင့်အရေး ရယူလိုခြင်းဟာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း ပြောလိုပါတယ်။ တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးဆိုတာ တိုင်းပြည်ကိုလုံခြုံအောင်လုပ်ဖို့၊ ပြည်သူကိုကာကွယ်ဖို့၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ဖို့၊ ဥပဒေနဲ့ ညီညွတ်တဲ့ ပြည်သူ့ဆန္ဒကိုကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး လုပ်ဆောင်နေတာ မှန်သမျှ အကြောင်းအမျိုးမျိုးပြပြီး ပြည်သူတွေကို ဖိအားပေးနေတာ မှန်သမျှကို တပ်မတော်အနေနဲ့ ပြည်သူ့ဘက်ကရပ်တည်ပြီး ကာကွယ်စောင့်ရှောက် သွားရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာမှာ စနစ်တကျ အဆင့်လိုက်၊ အစီအစဉ်တကျ ဆောင်ရွက်သွားမှ ခိုင်မာမှုရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ဖြစ်ချင်တာထက် ဖြစ်နိုင်တာဖြစ်သင့်တာကို ဦးစားပေး လုပ်ကိုင်ရခြင်း (Art of Possible) ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ မှာလည်း ဖြစ်ချင်တာထက်၊ ဖြစ်နိုင်တာတွေ၊ ဖြစ်သင့်တာတွေ ဦးစားပေးဆောင်ရွက်မှ ကျွန်တော်တို့ ရည်မှန်းထားတဲ့ တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးကို အချိန်အတိုင်းအတာတစ်ခုအတွင်းရရှိမှာ ဖြစ်ပါ တယ်။ ဒီမိုကရေစီစနစ်ကိုပီပြင်စွာဖော်ဆောင်နိုင်ဖို့ တည်ငြိမ် အေးချမ်းမှု မဖြစ်မနေလိုအပ်ပါမယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ တည်ငြိမ် အေးချမ်းမှုအတွက် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရပါမယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုရင် နိုင်ငံတကာမှာ ပြုလုပ်နေတဲ့ လုပ်ငန်းစဉ်များနဲ့အညီ အဆင့်ဆင့်မပျက်မကွက် ပြုလုပ်ရပါ မယ်။ ဒီနေ့ ကျွန်တော်တို့ပြောဆိုနေတဲ့ NCA စာချုပ်ဆိုတာဟာ လုပ်ငန်းစဉ်များရဲ့အစကနဦး အခြေခံမျှသာဖြစ်ပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေ မရပ်စဲဘဲ လုပ်နေတဲ့ တွေ့ဆုံမှုတွေ၊ ဆွေးနွေးပွဲတွေဟာ သံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ၊ အခက်အခဲအနည်းငယ်ရှိတာနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုသာ ပြန်လည်ငဲ့စောင်းသွားလိုတဲ့ စိတ်တွေနဲ့ ပြည့်နှက်နေမှာ အမှန်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တိုင်းရင်းသားများ၏ ရိုးသားမှုအပေါ်မှာအခြေခံပြီး ယုံကြည်မှုထားခဲ့တာဖြစ်လို့ ဒါကိုခိုင်မာအောင် ဆက်လက်လုပ်ဆောင် နိုင်ရေးနဲ့ ကတိကဝတ် တည်ရှိရေးဟာ အလွန်အရေးကြီးပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီကို လက်ခံတယ်ဆိုရင် ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်ကိုင်လမ်းစဉ်အပေါ် အစွဲအလမ်းကိုဖြတ်တောက်ပစ်ဖို့လိုမှာ ဖြစ်ပါတယ်။ ဒါကို ဖြတ်တောက်ပစ်ဖို့ ကျွန်တော်တို့မှာ အင်အားစုတော်တော်များများ သဘောတူညီထားတဲ့ NCA ဆိုတဲ့ စာချုပ်ရှိနေပြီ ဖြစ်ပါတယ်။ စာချုပ်ထဲမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိုသာမက ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် တွေကိုပါ တိတိကျကျဖော်ပြထားတာ တွေ့ရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် တပ်မတော်အနေနဲ့လည်း ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ကို ချမှတ်ပြီး စစ်မှန်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်နေတာဖြစ်ပါတယ်။ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်ဟာ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတွေက ရရှိလာတဲ့ တပ်မတော်ရဲ့ “အသိတရား” ဖြစ်သလို လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှုကို ခိုင်မြဲစေဖို့ “ အရှိတရား” လည်း ဖြစ်ပါတယ်။ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်နဲ့ NCA စာချုပ်ဟာ လက်နက်ကိုင်လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် စစ်မှန်သောဒီမိုကရေစီ ပြည်ထောင်စု ဖြစ်စေဖို့ လမ်းခင်းပေးထားပါတယ်။ မည်သည့်အင်အားစုကိုမှ အကျပ်အတည်း၊ အခက်အခဲမတွေ့စေဘဲ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ပြည်ထောင်စုရဲ့အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် ပြည်ထောင်စုရဲ့ ထွက်ရပ်လမ်းလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်ကို လေးစား လိုက်နာပြီး NCA စာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးစေဖို့ ရှေးရှုတိုက်တွန်းနေရခြင်း ဖြစ်ပါတယ်။

NCA စာချုပ် လက်မှတ်ရေးထိုးခြင်းရဲ့ အကျိုးရလဒ်အနေနဲ့ အဲဒီဒေသမှာ လက်မှတ်ရေးထိုးပြီးချိန်ကစပြီး တိုက်ပွဲတွေမရှိတော့ဘဲ နယ်မြေအေးချမ်းသွားတာတွေ၊ ဒေသခံပြည်သူလူထု စိတ်ချလက်ချ ကူးသန်း သွားလာ အသက်မွေးဝမ်းကျောင်းပြုလာနိုင်တာတွေ၊ နှစ်ဖက်တပ်ဖွဲ့များအကြား ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်နိုင်ခြင်းတို့အပေါ်မှာ ကြည့်ပြီး သက်သေပြနိုင်ပါတယ်။ ဒါ့ကြောင့် NCA ကို လက်မှတ် ရေးထိုးဖို့ ကျန်ရှိနေတဲ့အဖွဲ့များအနေဖြင့်လည်း နမူနာကောင်းအဖြစ် ရယူသင့်တယ်လို့ တိုက်တွန်း ပြောကြားလိုပါတယ်။

ပြည်သူတွေ လိုလားတောင့်တနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာမှာ ဒီမိုကရေစီ ကျင့်စဉ်များနဲ့အညီ လျှောက်လှမ်းဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းအသီးသီးရဲ့ လိုအင်ဆန္ဒတွေကို ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းနည်းများဖြင့် အဖြေရှာရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ အတွက်လည်း တံခါးအားလုံးကို ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ ဖွင့်ထားတဲ့ တံခါးပေါက်တွေကို လျစ်လျူရှုပြီး လက်နက် စွဲကိုင်အခွင့်အရေး တောင်းဆိုခြင်းဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဒီလိုတောင်းဆိုမှုတွေဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်တွေကို ပျက်စီးစေပြီး ပြည်ထောင်စုကို အဆိုးကျော့ သံသရာ လည်စေမှာဖြစ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ သေချာသုံးသပ်ဖို့ လိုအပ်ပါကြောင်း အသိပေးလိုပါတယ်။

၂၀၁၅ ခုနှစ်၊ ပြည်သူ့ရွေးကောက်ခံ အစိုးရအနေနဲ့လည်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ဖို့အတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) ကို ကျင်းပခဲ့ပါတယ်။ အင်အားစုအသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သလို တစ်နိုင်ငံလုံးရှိ ပြည်သူလူထု ကိုလည်း ပွင့်လင်းမြင်သာစေခဲ့ပါတယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာရှိပါတယ်။ အဲဒီ အားများနဲ့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရာမှာ NCA ကိုအခြေခံပြီး ဆောင်ရွက်မယ် လို့လည်းအခြေခံမူအဖြစ် ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ သို့သော်ဒါကို အကောင်အထည် ဖော်ဆောင်ရွက်တဲ့နေရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြာမြင့်လာသည်နှင့်အမျှ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ် ဆုံးရှုံးမှုတွေ၊ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နောက်ကျမှုတွေ ရှိလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်နဲ့ တိုင်းရင်းသားများရဲ့အကျိုးကို ရှေးရှုပြီး NCA လက်မှတ်ရေးထိုးခြင်းမှတစ်ဆင့် ငြိမ်းချမ်းရေးညီလာခံကြီးကို အချိန်မဆွဲဘဲ ဆောလျင်စွာပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဒီ NCA စာချုပ်ဟာ အစိုးရတစ်ရပ်တည်းရဲ့ သဘောထားအမြင်၊ တပ်မတော်ရဲ့ သဘောထား အမြင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ သဘောထားအမြင် မဟုတ်ဘဲ NCA စာချုပ်ထဲမှာပါဝင်တဲ့ သဘောတူညီချက် အားလုံးနီးပါးဟာ တိုင်းရင်းသားလက်နက်ကိုင် များဘက်က တင်ပြချက်များအပေါ် အခြေခံပြီး နိုင်ငံတော်ဘက်က ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ NCA ကို လက်မှတ်ရေးထိုးခြင်းမရှိဘဲ NCA စာချုပ်ပါကိစ္စရပ်များကို ကျော်လွန်ပြီး အမျိုးသားအဆင့် ဆွေးနွေးပွဲများသို့သွားနိုင်ရန် ကြိုးစားနေခြင်းဟာ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ ဘာတွေလုပ်ခဲ့ကြတယ်။ ဘယ်လို သဘောထားတွေရှိခဲ့ကြတယ်။ ငြိမ်းချမ်းရေးကို ဘယ်လိုဖော်ဆောင် ခဲ့ကြတယ်ဆိုတာကို သမိုင်းကသက်သေခံပါလိမ့်မယ်။ အနာဂတ် မျိုးဆက်သစ်များက ဒီငြိမ်းချမ်းရေးဖြစ်စဉ်သမိုင်းကို လေ့လာ တဲ့အခါမှာ ကျွန်တော်တို့ဟာ သူတို့အတွက် ငြိမ်းချမ်းသာယာခိုင်မာတဲ့ ပြည်ထောင်စု နိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ကြသူများအဖြစ် အတုယူနိုင်ကြစေဖို့ ဒီ NCA စာချုပ်ကို ဆက်လက်အကောင်အထည်ဖော် ပူးပေါင်းပါဝင်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။