တစ်နိုင်တစ်ပိုင်ဝါးဖျာလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကောလင်း  ၁၀  ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ရေကန်သာအုပ်စု အထက်သီတစ်ရာကျေးရွာသည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အဓိကထားလုပ်ကိုင်လျက်ရှိသည်။ လယ်ယာ လုပ်ငန်းများ ခဏနားချိန်တွင်လည်း ဝါးဖျာလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းဖြင့် လုပ်ကိုင်ကြပြီး မိသားစုအပိုဝင်ငွေရရှိအောင် တစ်နိုင်တစ်ပိုင် ဝါးဖျာရက်လုပ်ခြင်းလုပ်ငန်းကို တစ်ရွာလုံးနီးပါး ရက်လုပ်လျက်ရှိကြောင်း သိရသည်။

 

ဝါးဖျာရက်လုပ်ရန်အတွက် အဓိကလိုအပ်သော တင်းဝါးကို ပြာသိုလတွင် ခုတ်ယူထားရပြီး ဖျာကို ပိုးမစားစေရန် တင်းဝါးများကို ဆေးဖျန်း၍ နေပူလှန်းထားရကြောင်း၊ ဝါးကို တစ်စစ်ထောင့်ဖြတ်၍ သုံးည ရေစိမ်ထားသောဝါးများကို နှီးဖျာပြီး ဖျာကြမ်းရက်လုပ်၍ ဝါးနှီးကျောများကို နှီးကျောဖျာရက်လုပ်ကြကြောင်း သိရသည်။ 

 

ဝါးနှီးသားဖျာ တစ်ချပ်ရရန် ဝါးနှီးသား ၂ ပိဿာကုန်ပြီး ဝါးဖြစ်လျှင် တစ်စစ်ထောင့်ဝါး ၁၅ လုံး၊ ဝါးနှီးကျော ၅ ပိဿာကို နှီးကျောဖျာတစ်ချပါရရှိသည်။ ဝါးနှီးသားဖျာကို စပါး၊ ငရုပ်၊ မြေပဲလှန်တဲ့အခါ မှာသုံးပြီး ဝါးနှီးကျောဖျာကို အိပ်ယာခင်းဖျာအဖြစ် အသုံးပြုကြကြောင်း၊ ဝါးနှီးသားဖျာ လေးထောင့် ပတ်လည် တစ်ချပ်ကို ငွေကျပ် ၃၀၀၀ ဖြင့်ရောင်းပြီး ဝါးနှီးကျောဖျာတစ်ချပ်ကို ငွေကျပ် ၆၀၀၀ ဖြင့်ရောင်းရကြောင်း၊ ထို့အပြင် စပါးသယ်ယူရန်အတွက် ယိုင်ကိုလည်းရက်လုပ်ကြပြီး အလျား ၁၃ တောင် အနံ ၂ တောင် တောင်သူသုံးယိုင်တစ်ချပ်ဆိုရင် ၇၀၀၀ ဖြင့် ရောင်းရကြောင်း၊ အထက်သီးတစ်ရာ ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို စတင်လုပ်ကိုင်မှသာလျှင် ဝါးဖျာရက်ခြင်းလုပ်ငန်းကို ခဏနားကြရပြီး ဝါးဖျာရက်လုပ်ခြင်းလုပ်ငန်းကို တစ်နှစ်ပတ်လုံးလုပ်ကိုင်ကြကြောင်း၊ ဝါးဖျာရက်လုပ်ခြင်းလုပ်ငန်းမှ ရွာအတွက် မရှိမဖြစ်လုပ်ငန်းဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းပြီးလျှင် ရွာ၏ အဓိကအရေးကြီးလုပ်ငန်းမှာ ဝါးဖျာရက်လုပ်ငန်းလည်းပါဝင်ကြောင်း အထက်သီတစ်ရာကျေးရွာမှ ဦးရဲအောင်က ပြောကြားသည်။

 

မြင့်ထွန်းမင်း(ကောလင်း)