တစ်ဖက်သတ်စွပ်စွဲချက်များကို ပယ်ချ

 

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ) ၏ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆိုင်ရာ အောက်တိုဘာလ ၂၂ ရက်နေ့ အစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူနှင့် ယခင် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူတို့က အသီးသီး ဆွေးနွေးခဲ့ကြသည်။

 

အထူးအစီရင်ခံစာတင်သွင်းသူသည် ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် တစိုက်မတ်မတ်စွပ်စွဲပြောကြား ဖိအားပေးလျက် ရှိသော မစ္စယန်ဟီလီပင်ဖြစ်သည်။ မစ္စယန်ဟီလီသည် လူ့အခွင့်အရေး ကောင်စီက အပ်နှင်းထားသော လုပ်ပိုင်ခွင့်တာဝန်ကို အသုံးချပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ သမာသမတ်မကျ၊ ဓမ္မဓိဋ္ဌာန်မကျသော ရှုမြင်မှုများဖြင့် မြန်မာပြည်သူများ၏ ခံစားချက်နှင့် စိတ်ရင်းမှန်တို့ကို လျစ်လျူရှုခဲ့သည်။ အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာများမှာလည်း အထောက်အထားမဲ့ ရေးသားထားပြီး အာဆာအကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို မျက်ကွယ်ပြုထားသည်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ သမာသမတ်ကျမှု၊ ဘက်မလိုက်မှု စသည့် အခြေခံမူများကို အထင်အရှား ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် လူ့အခွင့်အရေး ကောင်စီက အပ်နှင်းထားသော လွတ်လပ်သည့် လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ထမ်းဆောင်ရာတွင် လွတ်လပ်မှု၊ သမာသမတ်ကျမှုနှင့် ပညာရှင်ဆန်သည့် ဂုဏ်သိက္ခာရှိမှုတို့ကို မြဲမြံစွာကျင့်ကြံရန် လိုအပ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် နှစ်ပေါင်းများစွာ စိတ်ရင်းအမှန်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့သော်လည်း ယခုကဲ့သို့ သမာသမတ်မကျသည့် လုပ်ဆောင်မှုများဖြင့် နိုင်ငံရေးအရ ဖိအားပေးမှုများကို လက်မခံပယ်ချမည်သာ ဖြစ်သည်။

အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မစ္စယန်ဟီလီ၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဆိုသည့် မြင့်မြတ်သည့် ရည်ရွယ်ချက်များကို အကောင်အထည် ဖော်ရာတွင် စံနှုန်းနှစ်ခုကျင့်သုံးခြင်း၊ နိုင်ငံရေးအရ ခုတုံးလုပ်ခြင်းနှင့် နိုင်ငံ တစ်နိုင်ငံအား ပစ်မှတ်ထား ရွေးချယ်ထိုးနှက်ခြင်းစသည့် အလေ့အကျင့်များက မည်သို့မျှ အထောက်အကူပြုမည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ အချက် အလက်ရှာဖွေရေးအဖွဲ့ သက်တမ်းကုန်ဆုံးသည့်နောက် ဆက်လက် တာဝန်ယူဆောင်ရွက်မည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ယန္တရားဆိုသည့် IIM ကိုလည်း လက်မခံကန့်ကွက်ကြောင်း ထပ်မံပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူဝါဒများကို အလေးအနက်ထားလျက် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော်လည်း ရခိုင်ဒေသအရေးနှင့်ပတ်သက်၍ ၎င်းအဖွဲ့ နှင့်ပတ်သက်သည့် နိုင်ငံတကာအနေဖြင့် တစ်ဖက်သတ် ဆောင်ရွက်နေသည် ဟု ပြည်သူအကြား ခံစားချက်များ ကြီးထွားနေသည်ကို သတိပြုသင့်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုဖြစ်စဉ်၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာမှုအခြေအနေ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဆောင်ရွက်မှုတို့ကိုလည်း ထည့်သွင်းစဉ်းစား အလေးထားသင့်သည်။

မြန်မာနိုင်ငံအပေါ်တွင် တရားမျှတမှုမရှိသော လုပ်ရပ်များကြောင့် အသိုက်အဝန်းမျိုးစုံဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် အချင်းချင်း သဘောထားကွဲပြားမှု၊ ယုံကြည်မှုကင်းမဲ့လာမှုတို့ကို ဖြစ်ပေါ်စေသည့် အတွက် ၎င်းတို့၏လူ့အခွင့်အရေးဆောင်ရွက်ချက်များသည် အပြုသဘော မဆောင်ဘဲ နိုင်ငံတစ်နိုင်ငံ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်မှု သဘောဆောင်နေသည်ဟု ဆိုရမည်ဖြစ်သည်။ ကုလသမဂ္ဂအထွေထွေ ညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့၏ လုပ်ထုံးလုပ်နည်း၊ အခြေခံမူ များနှင့် သွေဖည်သည့် အဖွဲ့အစည်းတစ်ခုဟုလည်း ဆိုရမည်ဖြစ်သည်။

သို့ဖြစ်ရာ အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ သမာသမတ်ကျမှု၊ ဘက်မလိုက်မှုစသည့် အခြေခံမူများနှင့် သွေဖည်သည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ၏ ပြောကြားချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ၎င်းအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများအပေါ် လက်မခံ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း။ ။

ကြေးမုံ