တောဆင်ရိုင်းများဝင်ရောက်ဖျက်ဆီးမှုကြောင့် လူနေအိမ်တခြမ်းပျက်စီးကာ အမျိုးသမီးတစ်ဦး  ဒဏ်ရာရရှိ

ငရုတ်ကောင်း ၂၀  စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ သစ်တိုပင်ကျေးရွာ၊ မြစ်တစ်ရာ သစ်တောကြိုးဝိုင်း၊ လုပ်ကွက်အမှတ် ၈၉ တွင် ယနေ့နံနက်ပိုင်းက တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်ပွားမှုတွင် သစ်တိုပင်ကျေးရွာရှိ ဦးထွန်းရီသည် ဇနီး၊သားသမီး၊ မြေးများနှင့် နေအိမ်၌ အိပ်ပျော်နေစဉ် တောဆင်ရိုင်း (၈)ကောင်က နေအိမ်အား ဝင်ရောက်ဖျက်ဆီးခဲ့ရာ နေအိမ်တစ်ခြမ်း ပျက်စီးပြီး ဦးထွန်းရီ၏ သမီးဖြစ်သူ မပြည့်ဖြိုးဇင်သည် ၎င်း၏ သားဖြစ်သူ (၃)နှစ် ကလေးငယ်အား ချီပွေ့ထွက်ပြေးစဉ် ဆင်နှာမောင်းဖြင့်ပုတ်ခတ်မှုကြောင့် မပြည့်ဖြိုးဇင်တွင် ဝဲဘက်နံဘေးဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

ပြုံးမောင်မောင်(ပြန်/ဆက်)