တောမီးဂယက်ကြောင့် ဥရောပတစ်ခွင် ပြင်းထန်သော အပူလှိုင်းအောက်ရောက်ရှိနေ

နွယ်နီလင်း

 အနောက်တောင်ပိုင်းဒေသများတွင် တောမီးများ ပြင်းထန်စွာဆက်တိုက် လောင်ကျွမ်းမှု၏ အကျိုးဆက်အားဖြင့် ဥရောပဒေသအတွင်းရှိ နိုင်ငံတော်တော်များများတွင် အမြင့်ဆုံးအပူချိန်စံချိန်သို့ပင် ရောက်ရှိနိုင်ကြောင်း ဇူလိုင် ၁၈ ရက် က သတိပေးချက်ထုတ်ပြန်လိုက်သည်။

 

အင်္ဂလန်

 

ကမ္ဘာ့မိုးလေဝသအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ကလယ်ရာနူးလစ်ကလည်း အနောက်ဥရောပတွင် အပူလှိုင်းသစ်တစ်ခု တိုးလာနေပြီး နောက်သီတင်းပတ် များအတွင်း ဥရောပ၏အခြားနေရာ များသို့ ပျံ့နှံ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဇူလိုင် ၁၂ ရက်ကတည်းက ပြောကြားခဲ့သည်။ အင်္ဂလန်နိုင်ငံ၏ အမျိုးသား မိုးလေဝသဌာနကလည်း ပြင်းထန်သော အပူလှိုင်းအတွက် အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အင်္ဂလန်နိုင်ငံ၏ အစိတ်အပိုင်း တော်တော်များများကို အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ထားသည်။ အင်္ဂလန်နိုင်ငံ၏ စံချိန်တင်အမြင့်ဆုံး အပူချိန်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကိန်းဘရစ် ရုက္ခဗေဒဥယျာဉ်တွင် ကြုံတွေ့ခဲ့ပြီး အပူချိန် ၃၈ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့သည်။ ယခု ကျရောက်မည့် အပူလှိုင်းသည် အဆိုပါ စံချိန်ကိုပင် ကျော်တက်သွားနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြသည်။ အဆိုပါပြင်းထန်သည့် အပူလှိုင်းကြောင့် လူအများအပြား၏ ကျန်းမာရေး ထိခိုက်မှုများနှင့် သေဆုံးမှုများပါရှိနိုင်ကြောင်း၊ ကျောင်းများလည်း ဆက်လက်ပိတ်ထားရနိုင်ကြောင်း အင်္ဂလန်နိုင်ငံ၏ အမျိုးသား မိုးလေဝသဌာနက သတိပေးထားသည်။

 

ဥရောပမြောက်ပိုင်းဘက်မှ ပျံ့နှံ့လာသောအပူလှိုင်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဥရောပ အနောက်တောင်ပိုင်းသို့ ဒုတိယအကြိမ်အဖြစ် ပြန်လည်ဝင်ရောက်လာခဲ့ပြီးနောက် ပြင်သစ်၊ ဂရိ၊ ပေါ်တူဂီနှင့် စပိန် နိုင်ငံတို့တွင် တောမီးများဆက်တိုက် လောင်ကျွမ်းနေပြီး သစ်တောမြေဟက် တာထောင်ပေါင်းများစွာ ပျက်စီးခဲ့ကာ ထောင်နှင့်ချီသော ပြည်သူများနှင့် အားလပ်ရက် အပန်းဖြေထွက်သူများပါ ထွက်ပြေးခဲ့ရသည်အထိ ဆိုးရွားလာခဲ့သည်။

 

ပြင်သစ်

 

ပြင်သစ်နိုင်ငံ အနောက်တောင်ဘက် အကွီကျင်းဒေသ၏ အပူချိန်သည် ဇူလိုင် ၁၈ ရက်တွင် ၄၂ ဒီဂရီ စင်တီဂရိတ် (၁၀၇ ဖာရင်ဟိုက်) ထက်ပိုနေမည်ဟု ခန့်မှန်း ထားကြောင်း၊ ထို့အတူ မကြာသေးမီက အဆိုးရွားဆုံး အပူဒဏ်မှ လွတ်မြောက်ခဲ့ သည့် ဘရစ်တနီကျွန်းဆွယ်တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် အိုလီဗီယာ ပရော့ကဆိုသည်။ ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဂီရွန်ဒီဒေသရှိ မီးသတ်သမားများသည် ပြီးခဲ့သည့် တစ်ပတ်ကတည်းက ဟက်တာ ၁၁၀၀၀ (ဧက၂၇၀၀၀) နီးပါးလောင်ကျွမ်း ခဲ့သည့် တောမီးများကို ထိန်းချုပ်ရန် ဆက်တိုက် ကြိုးစားငြှိမ်းသတ်နေကြရသည်။

 

တောမီး လောင်ကျွမ်းမှုကြောင့် ပြင်သစ်နိုင်ငံအတွင်းရှိ ပြည်သူများနှင့် ခရီးသွားများအပါအဝင် လူပေါင်း ၁၆၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး အရေးပေါ် ကယ်ဆယ်ရေးစခန်းခုနစ်ခု ထူထောင်ကာ အဆိုပါ ဘေးသင့်ပြည်သူ များအား နေရာချထားပေးလျက်ရှိသည်။ တောမီးများကို ငြှိမ်းသတ်နိုင်ရန် အတွက် ပြင်သစ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက နောက်ထပ်မီးငြှိမ်းသတ် လေယာဉ်သုံးစင်း၊ မီးသတ်သမား ၂၀၀ နှင့် မီးငြှိမ်းသတ်ယာဉ် အများအပြား ထပ်မံစေလွှတ်မည်ဟု ကြေညာထားသည်။ အနောက်တောင်ပိုင်းဒေသများတွင် တောမီးများဆက်လက် လောင်ကျွမ်း နေသဖြင့် နောက်ထပ်လူ ၅၀၀၀ ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဇူလိုင် ၁၈ ရက်တွင် ပြောကြားသည်။

 

စပိန်

 

စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ဇာမိုရာဒေသရှိ လိုဆာစီယိုတွင် တောမီး ငြှိမ်းသတ်ရန် လုပ်ဆောင်နေစဉ် မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇူလိုင် ၁၇ ရက်တွင် ကြေညာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ် များအတွင်း တောမီးလောင်ကျွမ်းမှုများ ကြောင့် ပြည်သူများစွာနှင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်နေသူအချို့ကိုလည်း သေဆုံးစေခဲ့ပြီးဖြစ်သည်။

 

စပိန်နိုင်ငံတောင်ပိုင်းမှ အနောက်မြောက်ဘက်စွန်းရှိ ဂါလီစီယာဒေသ အထိ နိုင်ငံအနှံ့ နေရာ ၂၀ ခန့်တွင် တောမီးများ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသေးကြောင်း စပိန်အာဏာပိုင်များက သတင်းထုတ်ပြန်ထားပြီး အပူလှိုင်း စတင်ခဲ့သည့် တစ်ပတ်တာ ကာလအတွင်း သစ်တောဟက်တာပေါင်း ၂၂၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ပေါ်တူဂီ

 

ပေါ်တူဂီနိုင်ငံတွင် အပူချိန်အနည်း ငယ်ကျဆင်းသွားသော်လည်း ပြီးခဲ့သည့် တစ်ပတ်အတွင်းက အမြင့်ဆုံးအပူချိန် ၄၇ ဒီဂရီဆဲလ်စီးယပ်စ်သို့ ရောက်ရှိခဲ့မှုကြောင့် နိုင်ငံတစ်ဝန်းလုံးနီးပါး တောမီးသတိပေးချက် အမြင့်ဆုံးထုတ်ပြန်ထား ဆဲပင်ဖြစ်သည်။ ပေါ်တူဂီနိုင်ငံတွင် ယခု နှစ်အတွင်း တောမီးလောင်ကျွမ်းမှုကြောင့် နှစ်ဦးသေဆုံးကာ ၆၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သစ်တောမြေ ဟက်တာ ၃၀၀၀၀ ခန့်မှာလည်း ပျက်စီးခဲ့ပြီးဖြစ်သည်။ အလားတူ နယ်သာလန် နိုင်ငံ၏နေရာ အနှံ့အပြားတွင်လည်း အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်အထက်ကို ကျော်လွန်လျက်ရှိသည်။

 

အမေရိကန်

 

ဇွန်လလယ်ခန့်မှစ၍ အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဖီးနစ်၊ လတ်စ်ဗီးဂတ်၊ ဒင်ဗာနှင့် ကယ်လီဖိုးနီးယား တို့တွင်လည်း ပြင်းထန်သော အပူလှိုင်းရိုက်ခတ်မှုများကြောင့် စံချိန်တင် အပူချိန်များ ဖြစ်ပေါ်ခဲ့သည်။ ဖီးနစ် ပြည်နယ်တွင် အပူချိန် ၄၆ ဒီဂရီ စင်တီဂရိတ်အထိခံစားခဲ့ရပြီး ၁၉၁၈ ခုနှစ်နောက်ပိုင်း မကြုံစဖူးခံစားခဲ့ရသည့် စံချိန်တင်အပူချိန် မြင့်မားမှုဖြစ်သည်။

 

အသံတိတ်လူသတ်သမား

 

လွန်ခဲ့သည့် သီတင်းပတ်အတွင်း အပူလှိုင်းကြောင့် ပေါ်တူဂီနိုင်ငံ၌ လူ ၆၅၉ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ စပိန်နိုင်ငံတွင်လည်း ဇူလိုင် ၁၆ ရက်အထိ အပူလှိုင်းနှင့်ဆက်စပ်သည့် အကြောင်းရင်းများကြောင့် လူ ၃၆၀ ခန့်သေဆုံးခဲ့သည်။

 

ရာသီဥတု ဖောက်ပြန်မှုကြောင့် အပူလှိုင်းရိုက်ခတ်မှုများ မကြာခဏဖြစ်ပွားနေပြီး ယခင်ကထက်လည်း ပိုမိုပြင်းထန် လာသည်ဟု ကျွမ်းကျင်သူများကဆိုသည်။

 

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ အလွန်အမင်း အပူချိန် ပြောင်းလဲမှုနှင့် အပူလှိုင်းကျရောက်မှု အရေအတွက် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေလျက်ရှိသည့်အတွက် အပူလှိုင်းများကို ခပ်စိပ်စိပ် ကြုံတွေ့လာရနိုင်ပြီး ယင်းအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင်နေထိုင်ရေး သင်ယူတတ်ရန် လိုအပ်လာပြီဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ အရှေ့အန်ဂလီယာ တက္ကသိုလ်မှ ရာသီဥတုပြောင်းလဲမှု သိပ္ပံဆိုင်ရာ ပါမောက္ခ ကော်ရင်နီလီကီရင် က သတိပေးထားသည်။

 

အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်နှင့် အထက်သည် အလုပ်လုပ်ကိုင်ရန် အန္တရာယ်ရှိသည့် အခြေအနေနှင့် အပူချိန် ၄၀ ဒီဂရီထက်ကျော်လွန်ပါက အသက်အန္တရာယ်ရှိသည့် အခြေအနေ များဖြစ်ကြောင်း ၎င်းက အကြံပြုထားသည်။

 

အပူလှိုင်းသည် ရေကြီးခြင်းနှင့် ငလျင်လှုပ်ခြင်းကဲ့သို့ ကြီးမားသော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို မဖြစ်ပေါ်စေဘဲ ရာသီဥတု ဖောက်ပြန်မှုနှင့်အတူ ကောက်ပဲသီးနှံများ၊ တိရစ္ဆာန်များနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထိခိုက်စေသည့် အသံတိတ် လူသတ်သမားပင်ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ၊ အေအက်ဖ်ပီ