တောင်အာဖရိက၌  ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျမှုကြောင့် ခြောက်ဦးသေဆုံး၊ ၄၈ ဦး ပျောက်ဆုံးနေ

မေ ၈

တောင်အာဖရိကတွင် မေလ ၆ ရက်နေ့က ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ခြောက်ဦးရှိပြီး ၄၈ ဦး မှာအကျိုးအပဲ့များအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။ အဆိုပါအထပ်များစွာပါရှိသောအဆောက်အအုံသည် အနောက်ပိုင်း ကိပ်ပြည်နယ် ကိပ်မြို့၏အရှေ့ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာတွင်ရှိသော ကမ်းရိုးတန်းမြို့ဖြစ်သည့်ဂျော့ချ်မြို့တွင် မေလ ၆ ရက်နေ့မွန်းလွဲပိုင်းက ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လူနာ ၂၇ ဦးကို ထိုအဆောက်အအုံပြိုကျအပျက်အစီးများအောက်မှ ဖယ်ထုတ်နိုင်ခဲ့ကြောင်းနှင့် လူနာခြောက်ဦးမှာ သေဆုံးသွားကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။ အဆောက်အအုံပြိုကျမှုဖြစ်ပွားချိန်က ယင်းအဆောက်အအုံတွင် ဆောက်လုပ်ရေးလုပ်သား ၇၅ ဦးရှိသည်ဟု သိရသည်။ ပိတ်မိနေသောဆောက်လုပ်ရေး လုပ်သားများကို ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာတွင်  စေတနာ့ဝန်ထမ်းများနှင့် အသင်းအဖွဲ့များအပါအဝင် လူပေါင်း ၁၀၀ ကျော်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို