တောင်အာဖရိက၌ ခရီးသည်တင်ဘတ်စ်ကား တံတားပေါ်မှအရှိန်လွန်ပြုတ်ကျမှုကြောင့် ၄၅ ဦး သေဆုံး

မတ် ၂၉

တောင်အာဖရိကနိုင်ငံရှိ တောင်ကုန်းထူထပ်သောဒေသတွင် ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်ပွားမှုကြောင့် ၄၅ ဦးသေဆုံးခဲ့သည်။ အဆိုပါဘတ်စ်ကားပေါ်တွင် ယာဉ်မောင်းအပါအဝင် ၄၆ ဦး လိုက်ပါလာကြောင်းနှင့်  ဘတ်စ်ကားသည် လမ်ပိုပိုပြည်နယ်မြောက်ပိုင်း မီတာ ၅၀ အမြင့်ရှိ တံတားတစ်စင်းပေါ်မှ အောက်သို့ပြုတ်ကျသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တောင်အာဖရိကအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။ အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအသက်ရှင်ကျန်ရစ်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ဆေးရုံတွင် ကုသမှု ခံယူနေသည်ဟု တာဝန်ရှိသူများက ဆိုသည်။ ထိုယာဉ်မောင်းသည် အရှိန်လွန်မောင်းနှင်ကာ တံတားလက်ရန်းများဖြင့်တိုက်မိရာမှ ယင်းတံတားပေါ်မှပြုတ်ကျသွားခြင်းဖြစ်သည်ဟု တောင်အာဖရိက သယ်ယူပို့ဆောင်ရေးဌာနကဆိုသည်။ ၎င်းဘတ်စ်ကားသည် ဘော့ဆွာနာမှလူများကိုတင်ဆောင်ကာ လမ်ပိုပိုရှိ ဘုရားကျောင်းသို့ မောင်းနှင်လာခြင်းဖြစ်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို