တောင်ဇလပ်ပွင့်သုပ် (ချင်းပြည်နယ်)

တောင်ဇလပ်ဆိုသည်နှင့် ချင်းပြည်နယ်ကို ရုတ်ခြည်းပင် သတိရမိမည်ဖြစ်သည်။ တောင်ဇလပ် အဖြူနှင့် အနီ နှစ်မျိုးရှိသည်။ ချင်းပြည်နယ် နတ်မတောင်၌မူ တောင်ဇလပ်အဝါရှိသည်ဟူ၍ ကြားသော်လည်း မမြင်ဖူးသေးချေ။ တောင်ဇလပ်အဖြူနှင့် အနီပါ အသုပ်လုပ်၍စားနိုင်သော်လည်း အချဉ်ဓာတ်ပါသည့် တောင်ဇလပ်အနီကို လူကြိုက်ပိုများသည်။

 

တောင်ဇလပ်ကို အသုပ်လုပ်စားရာတွင် လတ်လတ်ဆတ်ဆတ် အပွင့်ရော အခြောက်လှန်းထားသည့် တောင်ဇလပ်ပွင့်ခြောက်ပါ နှစ်မျိုးလုံးအသုံးပြုနိုင်သည့် တောင်ဇလပ်ပွင့်ချပ်များကို သန့်စင်ပြီး ရေနွေးဖျောပါ။ ပွင့်ချပ်များ ပျော့ပျောင်းလာသည်အထိ အချိန်ယူ၍ ရေနွေးဖျောရသည်။ ပြီးက ရေအေးစိမ်၍ ရေညှစ်ပစ်ပါ။ ပြီးလျှင် အနေတော်လှီးပြီး ကြက်သွန်ဖြူ၊ နီ ဆီချက်လောင်း၍ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်နှင့် ဆားအနေတော် ထည့်၍သုပ်ပါ။ အစပ်ကြိုက်ပါက ငရုတ်စိမ်းတောင့်ညှပ်ထည့်ပြီး ရောသုပ်နိုင်သည်။ အရောင်အဆင်း၊ အနံ့၊ အရသာနှင့် ပြည့်စုံသော တောင်ဇလပ်ပွင့်သုပ်တစ်ခွက် ရပါပြီ။

 

စံလွင် (ငါးဦးစီး)