တောင်ခင်ရန်း အထက်တန်းကျောင်းတွင် ဆောက်လုပ်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာသစ် ၃၀ ရာခိုင်နှုန်းပြီးစီး

ဂန့်ဂေါ  ၁၃ ဇွန်

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပညာရေးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း အထက်တန်းကျောင်းတွင် တည်ဆောက်လျက်ရှိသော ဝန်ထမ်းအိမ်ရာသစ်မှာ ယခုအခါ ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ကျောင်းဆောက် လုပ်ရေးကော်မတီအဖွဲ့ထံမှ သိရသည်။

 

 

အဆိုပါဝန်ထမ်းအိမ်ရာသစ်မှာ အလျား ၉၀ ပေနှင့် အနံ ၃၀ ပေရှိ အုတ်ညှပ်၊ သွပ်မိုး၊ ကွန်ကရစ်ခင်း တစ်ထပ်ဆောင်ဖြစ်ပြီး ပညာရေးရန်ပုံငွေ ၄၉၉၅၀၀၀၀ ကျပ်ဖြင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ယူကာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၈ ရက်မှ စတင်ဆောက်လုပ်ခဲ့ကာ ဩဂုတ် ၃၁ ရက်မတိုင်မီ ပြီးစီးအောင်ဆောင်ရွက်မည် ဖြစ်သည်။

 

 

အဆိုပါ ဝန်ထမ်းအိမ်ရာသစ် ပြီးစီးမှုအား ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)