တောင်ကိုရီးယား သင်္ဘော ပြန်လွှတ်ပေးရေးအတွက် အရေးပါလာတဲ့ ကာတာနိုင်ငံ၏ အကူအညီ

ခြူးစန္ဒီနွေး

 

ယခုလအတွင်း အီရန်က သိမ်းပိုက်ထားတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘော ပြန်လွှတ်ပေးရေးအတွက် တောင်ကိုရီးယားဘက်က ကြိုးပမ်းညှိနှိုင်းလျက်ရှိရာမှာ ကာတာနိုင်ငံကနေ ကြားဝင်ကူညီပေးဖို့အထိ အကူအညီ တောင်းခံလာတာကို တွေ့ရပါတယ်။

 

ကာတာနိုင်ငံနှင့် ရင်းနှီးမှု

 

ကာတာနိုင်ငံနဲ့ အီရန်နိုင်ငံတို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုကတော့ အထူးပြောနေစရာ မလိုပါဘူး။ ဒေသတွင်းမှာ အီရန်နဲ့ နီးကပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံတွေဟာ ကာတာနိုင်ငံနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ဖူးပါတယ်။ မကြာသေးမီကမှ အဲဒီနိုင်ငံတွေနဲ့ ကာတာနိုင်ငံတို့ ပုံမှန်ဆက်သွယ်ရေး ပြန်လည်ပြုလုပ်နိုင်ခဲ့တာပါ။ နောက်ပြီး ကာတာနိုင်ငံဟာ ကမ္ဘာပေါ်မှာအကြီးဆုံး သဘာဝ ဓာတ်ငွေ့ လုပ်ကွက်နေရာကို အီရန်နဲ့အတူမျှဝေပိုင်ဆိုင်ပါတယ်။

 

ဆော်ဒီနဲ့ယူအေအီးနိုင်ငံတို့လို အခြားသော ပင်လယ်ကွေ့နိုင်ငံတွေက ကာတာနိုင်ငံကို အထီးကျန်နိုင်ငံအဖြစ် ထားရစ်ခဲ့စဉ်ကတောင် ကာတာနိုင်ငံဟာ အီရန်နဲ့နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။

 

အကျိုးဖြစ်ထွန်းခြင်းမရှိခဲ့

 

တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချွိုက်ဂျုံကွန် ဟာ ကာတာနိုင်ငံ ဒိုဟာမြို့ကို သွားရောက်စဉ်အတွင်းမှာ မေတ္တာရပ်ခံခဲ့ပါတယ်။ ကာတာနိုင်ငံခရီးစဉ်အတွင်းမှာ ကာတာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဘင်အဗ္ဗဒူရာမင် အယ်သန်နီနဲ့ တွေ့ဆုံခဲ့တယ်လို့ ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တောင်ကိုရီးယားအလံ တပ်ဆင်ထားတဲ့ သင်္ဘော Hankuk Chemi ကို သိမ်းဆည်းထားရာမှ ပြန်လွှတ်ပေးရေးအတွက် ချွိုက်ဟာ အီရန်နိုင်ငံ တီဟီရန်မြို့ကိုသွားပြီး ဆွေးနွေးခဲ့ပေမယ့် အကျိုးဖြစ်ထွန်းခဲ့ခြင်း မရှိပါဘူး။ အဲဒီသင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ်ကနေ ဇန်နဝါရီ ၄ ရက်နေ့ကတည်းက သိမ်းယူခဲ့တာပဲ ဖြစ်ပါတယ်။ တီဟီရန်မှာရောက်ရှိနေစဉ်အတွင်း အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် တောင်ကိုရီးယားမှာ ပိတ်မိနေတဲ့ အီရန်နိုင်ငံက ပိုင်ဆိုင်တဲ့ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

ဆက်ဆံရေး တင်းမာခဲ့ရ

 

အမေရိကန်က အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့အချိန်ကစလို့ တောင်ကိုရီးယားနဲ့အီရန်တို့ရဲ့ ဆက်ဆံရေးဟာလည်း တင်းမာလာခဲ့ရပါတယ်။ တောင်ကိုရီးယားဘဏ်မှာ ရေနံရောင်းချရငွေ ၇ ဘီလီယံနီးပါး သောင်တင်နေတယ်လို့ အီရန်ကပြောပါတယ်။ အခုအချိန်ဟာ အဲဒီငွေကြေးတွေကို ကိုဗစ် -၁၉ ကာကွယ်ဆေး အပါအဝင် အခြားသော လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ပြန်လိုချင်နေပါပြီ။ ရေနံကနေရတဲ့ ငွေကြေးတွေကို အီရန်ဘက်ကို ပြန်ရောက်ဖို့အတွက် တောင်ကိုရီးယားက လိုလိုလားလား မရှိဘူးဆိုပြီး အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရစ်ချီက ပြောပါတယ်။ အခုအီရန်တို့ ဖမ်းဆီးထားတဲ့ သင်္ဘောဟာ ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေကို ချိုးဖောက်တဲ့အတွက် ဖမ်းဆီးထားတာလို့ အီရန်ဘက် ကပြောပါတယ်။ ဒါ့အပြင် သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ သင်္ဘောသား ၂၀ ဝန်းကျင်ကိုလည်း ထိန်းသိမ်းထားပါ တယ်။

 

အီရန်ပိုင်ပိုက်ဆံတွေ ထုတ်ယူခွင့်ရဖို့လို

 

တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာအစ်ဖ်ဟာ အမေရိကန်ရဲ့ပိတ်ဆို့မှုကြောင့် တောင်ကိုရီးယားဘဏ်မှာ ပိတ်မိနေတဲ့ အီရန်ပိုင် ပိုက်ဆံတွေကို ထုတ်ယူခွင့်ရရှိဖို့ ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယာဘဏ်တွေရဲ့ တရားမဝင် အပြုအမူကြောင့် တောင်ကိုရီးယားနိုင်ငံအပေါ် အီရန်နိုင်ငံသား တွေအမြင်စောင်းရပြီး ဂုဏ်သိက္ခာလည်း ပျက်ပြားရတယ်လို့ ပြောကြားခဲ့ပါတယ်။ သိမ်းဆည်းထားတဲ့ သင်္ဘောပြန်လွှတ်ပေးရေးနဲ့ပတ်သက်ပြီးတော့ တရားဝင်သုံးသပ်မှုတွေနဲ့ တရားရေး မူဘောင်အတွင်းကနေ လုပ်ဆောင်လျက်ရှိပြီး အစိုးရရဲ့ လက်ထဲမှာမရှိဘူးလို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

ဓားစာခံအဖြစ် ဖမ်းထားခြင်းမဟုတ်

 

တောင်ကိုရီးယားအလံ လွှင့်ထူထားတဲ့သင်္ဘောပေါ်မှာ အီသနောတန်ချိန် ၇၂၀၀ တင်ဆောင်လာပြီး တောင်ကိုရီးယားကနေ ဆော်ဒီအာရေဗျရှိ အယ် - ဂျူဘေးလ် ဆိပ်ကမ်းကို ဦးတည်ခုတ်မောင်းလာတာ ဖြစ်ပါတယ်။ အဲဒီလို တင်ဆောင်လာခြင်းဟာ ပင်လယ်ပြင်ကို ညစ်ညမ်းစေပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုပြီး အီရန်အာဏာပိုင်တွေက ပြောပါတယ်။

 

နောက်ပြီး သင်္ဘောသား ၂၀ ကို ထိန်းသိမ်းထားတာဟာ ဓားစာခံအဖြစ် ဖမ်းဆီးထားတာမဟုတ်ဘူးလို့ အီရန်ဘက်က ငြင်းဆိုထားပါတယ်။ အီရန်ပိုင် ပိုက်ဆံတွေကို တောင်ကိုရီးယားက နှစ်နှစ်ကျော်ကြာ ဓားစားခံအဖြစ် သိမ်းဆည်းထားတယ်ဆိုပြီးတော့လည်း အီရန်က တစိုက်မတ်မတ် ပြောဆိုခဲ့ပါတယ်။ ထိန်းသိမ်းခံထားရတဲ့ သင်္ဘောသား ၂၀ မှာတော့ တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်ကြပါတယ်။

 

ကတိပြုထား

 

၂၀၁၈ ခုနှစ် မေလအတွင်းမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား လက်မှတ်ရေးထိုးထားတဲ့ အီရန်နျူကလီးယားသဘောတူ စာချုပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက် အီရန်ရဲ့ စီးပွားရေးကို ပစ်မှတ်ထားပြီး ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဂျိုးဘိုင်ဒင်ကတော့ အီရန်နျူကလီးယားစာချုပ်ကို ပြန်လည်ထိန်းသိမ်းသွားမယ်လို့ ကတိပြုထားပါတယ်။ တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးကတော့ သိမ်းဆည်းထားတဲ့ သင်္ဘောနဲ့ ထိန်းသိမ်းခံထားရတဲ့ သင်္ဘောသားတွေကို ပြန်လွှတ်ပေးဖို့ရာ တစိုက်မတ်မတ် တောင်းဆိုခဲ့ပါတယ်။

 

လက်ခံဖွယ်ရာမရှိ

 

ဇန်နဝါရီ ၁၁ ရက်မှာတော့ အီရန် ဗဟိုဘဏ်အကြီးအကဲ အဗ္ဗဒေါနယ်ဆာဟမ်မက်တီက အီရန်နိုင်ငံပိုင် ငွေကြေးတွေကို သုံးစွဲခွင့်မရဖြစ်နေတာဟာ လက်ခံဖွယ်ရာ မရှိဘူးလို့ တောင်ကိုရီးယားသံတမန်အဖွဲ့ကို ပြောခဲ့ပါတယ်။ တခြားနိုင်ငံတစ်ခုကြောင့် အီရန်နိုင်ငံပိုင် ငွေကြေးတွေကို တောင်ကိုရီးယားဘက်က ပိတ်ဆို့လိုက်တာဟာ အဓိက မှားယွင်းနေတဲ့လုပ်ရပ်ပဲလို့ သူကဆက်ပြောပါတယ်။ တခြားသော နိုင်ငံတွေမှာလည်း အီရန်နိုင်ငံပိုင်ဆိုင်တဲ့ ငွေကြေးတွေရှိနေပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေရှိနေတာတောင် အဲဒီငွေတွေကို အသုံးပြုလို့ရနေသေးတယ်လို့ အီရန် ဗဟိုဘဏ်အကြီးအကဲက ပြောပါတယ်။

 

ကာတာနိုင်ငံရဲ့ အကူအညီ တောင်းခံထား

 

အိမ်နီးချင်း အီရတ်နိုင်ငံမှာထားရှိတဲ့ ငွေကြေးတွေကို ရည်ညွှန်းပြီးပြောဆိုတဲ့ပုံပါပဲ။ အီရတ်နိုင်ငံမှာလည်း အီရန်နိုင်ငံပိုင် ငွေကြေး အမေရိကန်ဒေါ်လာ ငါးဘီလီယံထက်မနည်း ရှိနေပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူဖို့အတွက် ငွေကြေးအစိတ်အပိုင်းတချို့ သုံးစွဲခွင့်ရဖို့အီရတ်က သဘောတူပေးခဲ့ပါတယ်။ တောင်ကိုရီးယား သံတမန်အဖွဲ့ဟာ သင်္ဘောကပ္ပတိန်နဲ့ ဖုန်းပြောခွင့်ရတဲ့အပြင် သင်္ဘောသားတွေနဲ့ပါ အဆက်အသွယ်ရခဲ့ တယ်လို့သိရပါတယ်။ ထိန်းသိမ်းထားတဲ့သင်္ဘောနဲ့ သင်္ဘောသား တွေကို ပြန်လွှတ်ပေးရေးအတွက် ကြိုးပမ်းရာမှာ ကာတာနိုင်ငံရဲ့ အကူအညီကို တောင်းခံထားပြီး ကာတာနိုင်ငံက ကြားဝင်ညှိနှိုင်းပေးနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမယ့် အခြေအနေပါပဲ။ ။

 

ကိုးကား - Bloomberg