တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်း၏ မြန်မာနိုင်ငံခြေစမ်းခရီးစဉ်တွင် မြန်မာ ယူ-၂၂ အသင်းအပါအဝင် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်

ရန်ကုန် ၁၅ မေ

 

တောင်ကိုရီးယားထိပ်သီးကလပ် ပိုဟန်စတီးလားစ်အသင်းသည် ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ခြေစမ်းခရီးစဉ် လာရောက်မည်ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်းအပါအဝင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းသည် မေ ၂၈၊ ၃၀ ရက်တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မေ ၂၈ ရက်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီအသင်း၊ မေ ၃၀ ရက်တွင် မြန်မာ ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ပိုဟန်စတီးလားစ်အသင်းနှင့် ခြေစမ်းပွဲကစားရန် ကလပ်အသင်းများ၏ ဆန္ဒသဘောထားကို မေးမြန်းခဲ့ရာ နောက်ဆုံးရက်သတ်မှတ်ထားသည့် မေ ၁၅ ရက်အထိ ဧရာဝတီအသင်းသာ ကစားလိုကြောင့် တင်ပြလာသောကြောင့် ဧရာဝတီအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

 

မြန်မာ ယူ-၂၂အသင်းသည် ပိုဟန်စတီးလားစ်အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သော်လည်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် တက်ရောက်သည့် ကလပ်အသင်းများမှ ကစားသမားများကို ပြန်လည်စေလွှတ်ရမည်ဖြစ်သောကြောင့် ယူ-၁၈ အသင်းမှ ကစားသမားများဖြင့် ပေါင်းစပ် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစမ်းပွဲကို ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်ထားပြီး ကိုရီးယား ရိုးရာအကများအပါအဝင် ဖျော်ဖြေရေးအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ် များလည်း ပါဝင်မည်ဖြစ်သည်။ ယင်းခြေစမ်းပွဲနှစ်ပွဲစလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ညနေ ၅ နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။ 

 

မြန်မာ ယူ-၂၂ အသင်းသည် ဇွန် ၇ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲအပါအဝင် ယခုခြေစမ်းပွဲအတွက် မေ ၂၁ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်ပြီး ကစားသမား ၂၅ ဦး ရွေးချယ်ထားသည်။ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှာမူ ခြေစမ်းပွဲကစားမည့် ကာလတွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ကစားရမည်ဖြစ်သောကြောင့် ကွာတားဖိုင်နယ်တက်ရောက်ထားသည့် ရှစ်သင်းမှာ လာရောက်လျှောက်ထားခြင်း မရှိခြင်းဖြစ်သည်။ ဧရာဝတီအသင်းသည် MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့အတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်