တောင်ကိုရီးယားကြယ်ပွင့်စုံတွဲသစ် လီဆန်းဂီနဲ့ လီဒါအင်

လတ်တလောမှာ တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ ကြယ်ပွင့်နှစ်ဦးဟာ ချစ်သူတွေဖြစ်နေကြောင်း အတည်ပြုခဲ့တာကြောင့် ကြယ်ပွင့်စုံတွဲသစ်တစ်တွဲ ထပ်မံပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ သူတို့နှစ်ဦး ကတော့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား လီဆန်းဂီနဲ့ မင်းသမီး လီဒါအင်တို့ ဖြစ်ကြကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လီဆန်းဂီနဲ့ လီဒါအင်တို့နှစ်ဦး ချိန်းဆိုတွေ့ဆုံခဲ့ကြတဲ့ ဓာတ်ပုံတွေကို ဒစ်ပက်ချ်က ထုတ်ဖော်ပြသခဲ့ပြီး နောက် လီဒါအင်ရဲ့ အေဂျင်စီနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူတို့နှစ်ဦး တွေ့ဆုံနေတာ အမှန်ပင် ဖြစ်ကြောင်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ လီဆန်းဂီနဲ့ လီဒါအင်တို့ဟာ အေဂျင်စီတစ်ခုတည်း အောက်မှာ အနုပညာလှုပ်ရှားမှုတွေကို အတူလုပ်ဆောင်ခဲ့ကြသူတွေဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေ အဖြစ် တွေ့ဆုံခဲ့ကြရင်း တစ်ဦးကိုတစ်ဦးလေ့လာနေဆဲလည်း ဖြစ်တယ်လို့ သိရပါတယ်။

ကြယ်ပွင့်စုံတွဲနဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းက သူတို့နှစ်ဦး ထူးခြားတဲ့ ဆက်ဆံရေးရှိနေတာ အမှန်ပင် ဖြစ်ကြောင်းနဲ့ လီဆန်းဂီဟာ သူရဲ့ ရိုက်ကွင်းအားချိန်တွေမှာ လီဒါအင်နဲ့အတူ ရှိနေတတ်ကြောင်းလည်း ဆိုပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးကို မကြာသေးမီက ကားတစ်စီးထဲမှာ အတူရှိနေတာတွေ့ခဲ့ရပြီး လီဒါအင်ဟာ လီဆန်းဂီရဲ့ အဘွားနဲ့လည်း တွေ့ဆုံနှုတ်ဆက်ခဲ့တာတွေ့ရပါတယ်။

လီဆန်းဂီဟာ ယခင်ကလည်း ကျော်ကြားတဲ့ ကြယ်ပွင့်တစ်ဦးနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ သူကတော့ အမျိုးသမီးတေးဂီတအဖွဲ့ Girls' Generation ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ယွန်နဖြစ်ပြီး သူတို့နှစ်ဦးဟာ ၂၀၁၄ ခုနှစ်အတွင်း ချစ်သူတွေအဖြစ် တရားဝင်လက်တွဲခဲ့ကြပေမယ့် တစ်နှစ်အကြာမှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် လီဆန်းဂီနဲ့ ၂၈ နှစ်ရှိပြီဖြစ်တဲ့ လီဒါအင်တို့ဟာ ယခုနှစ်အတွင်းပေါ်ထွက်ခဲ့တဲ့ စတုတ္ထမြောက်  တောင်ကိုရီးယား ကြယ်ပွင့်စုံတွဲဖြစ်ပါတယ်။ နှစ်စမှာ ဦးစွာထွက်ပေါ်ခဲ့တဲ့ ကြယ်ပွင့်စုံတွဲ ကတော့ Crash Landing On You  ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ ဟွန်ဘင်းနဲ့ ဆန်းရယ်ဂျင်တို့ပါ။ သူတို့နောက်မှာတော့ ကေပေါ့ပ်ကြယ်ပွင့် စုံတွဲတစ်တွဲဖြစ်တဲ့ G-Dragon နဲ့ ဂျန်းနီ တို့ဖြစ်ကြပြီး တတိယမြောက်စုံတွဲကတော့ Crash Landing On You ဇာတ်လမ်းတွဲရဲ့  ဇာတ်ဆောင် တွေဖြစ်ကြတဲ့ မင်းသား ကင်ဂျန်ယွန်းနဲ့ မင်းသမီး ဆိုဂျီဟေးတို့ ဖြစ်ကြပါတယ်။

အေးပြည့်