တောင်ငူမြို့ ပသိဟိုတယ် မှန်တံခါးမကြီးနှင့် ATM ငွေထုတ်စက်အား စိတ်ဝေဒနာရှင်တစ်ဦးမှ ဖျက်ဆီးမှုဖြစ်ပွား

တောင်ငူ ၃ အောက်တိုဘာ

      

တောင်ငူမြို့၊ အနောက်ဘက် ကျုံးပတ်လမ်း၊ အမှတ် ၂ ရပ်ကွက်ရှိ ပသိဟိုတယ်၏ အဝင်တံခါးမကြီး မှန်တံခါးများရိုက်ခွဲပြီး လူတစ်ဦး ဓားကိုင်ရမ်းကားမှု ပြုလုပ်နေကြောင်း အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်က သတင်းရရှိသဖြင့် တောင်ငူအမှတ် ၂ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် နေဝင်းထွန်း ဦးစီးအဖွဲ့က သွားရောက်ရှင်းလင်း ဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်က အမည်မသိအမျိုးသားတစ်ဦးသည် ပသိဟိုတယ် အတွင်းသို့ဝင်လာ၍ ၎င်းမှထီပေါက်ကြောင်း၊ ထီပေါက်သည်ကို မထုတ်ပေးကြောင်း ပသိဟိုတယ်မန်နေဂျာ ဒေါ်နွယ်နီမြင့်အားပြောကြားခဲ့ပြီး ၎င်း၏မိခင်မှာ ကျန်းမာရေးကောင်းမွန်မှုမရှိ၍ ၎င်းတွင်ပါလာသောလွယ်အိတ်ထဲသို့ ပိုက်ဆံများထည့်ပေးရန်နှင့် မထည့်ပေးပါက မိမိကိုယ်ကို သတ်သေမည်ဟုပြောဆိုကာ ပါလာသောဓားဖြင့် ရင်အုံကိုထောက်သဖြင့် ဒေါ်နွယ်နီမြင့်မှ ပိုက်ဆံများထည့်ပေးမည်ဟု ချော့မော့ပြောသည့်အခါ အဆိုပါဓားကိုင်ဆောင်သူသည် ဟိုတယ်အတွင်းမှ အပြင်သို့ ပြန်လည်ထွက်သွားခဲ့ကြောင်း၊ ဟိုတယ်ရှေ့ထိုင်ခုံတွင် ထိုင်နေရင်း ၎င်း၏ရင်ဘတ်ကို ဓားဖြင့်ထိုးသွင်းခဲ့ကြောင်း၊ ထို့နောက် အနီးရှိ အုတ်ခဲအားကောက်ယူပြီး ဟိုတယ်အဝင်တံခါးမကြီး မှန်ချပ်တစ်ချပ်နှင့် ဟိုတယ်ရှေ့ရှိ ATM ငွေထုတ်စက်နှင့် ကာရံထားသည့် မှန်နှစ်ချပ်အား ရိုက်ခွဲ၍ ကျုံးအတွင်းရှိ အမှိုက်ပုံအတွင်း ပုံးနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ၎င်းအားစစ်ဆေးခဲ့ရာ ဝင်းဌေးဦး ၂၁ နှစ်၊ အလယ်ကျေးရွာ၊ ချောင်းဖြူအုပ်စု၊ တောင်ငူမြို့နယ်နေသူဖြစ်ကြောင်း၊ ဟိုတယ်အတွင်းသို့ ဝင်ရောက်မှုနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းအရာမှ ရေရေရာရာ ပြောဆိုနိုင်ခြင်းမရှိဘဲ ၎င်းသည် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကာ မိဘများက ရန်ကုန်မြို့၊ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ရန်ပြင်ဆင်နေစဉ် ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ဟိုတယ်ပိုင်ရှင်အနေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့မှ အခြားသော မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားမှုမရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)