တောင်ပေါ်ဒေသဖြစ်သည့် ငဖဲမြို့နယ်သို့ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး

ငဖဲ ၁၃ ဇန်နဝါရီ 

 

ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထင်ကျော်၏ ဦးဆောင်မှုဖြင့် ငဖဲမြို့နယ် ကျန်းမာရေးမှူးအသင်းနှင့် ငဖဲမြို့နယ် ကျန်းမာရေးကြီးကြပ်အသင်းတို့ ပူးပေါင်း၍ တောင်ပေါ်ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ဆေးကုသခြင်းများကို ဇန်နဝါရီ ၁၂ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

33

 

ထိုသို့ဆောင်ရွက်ရာ၌ နံနက်ပိုင်းတွင် ကျေးရွာအတွင်းရှိ အိမ်ခြေများအား အိမ်သာစစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ လှည့်လည်ဆာင်ရွက်ခဲ့ပြီး သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာနိုင်တိုးဦး၊ ငဖဲမြို့နယ် ကျန်းမာရေးမှူးအသင်းဥက္ကဋ္ဌ ဦးသက်နိုင်ဝင်း၊ ငဖဲမြို့နယ် ကျန်းမာရေးမှူးအသင်းအဖွဲ့ဝင် ဒေါ်မူမူနှင့် ကျန်းမာရေးကြီးကြပ်(၂) ဒေါ်ဇင်ခိုင်ဝင်းတို့မှ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ နေ့လယ်ပိုင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထင်ကျော်၊ လက်ထောက်ဆရာဝန် ဒေါက်တာဇန်နဝါနှင့် သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာနိုင်တိုးဦးတို့မှ တောင်ပေါ်ဒေသ ဂုတ်ကြီး၊ ဘုံးဘော၊   မြေလတ်၊ ဆားပေါက်၊ ကျွဲသလင်း၊ လင်းတဲ၊ စွန်တက်၊ ပဘွေးနှင့် ပဇီကျေးရွာများရှိ လူနာ (၁၃၁) ဦးတို့ကို ဆေးကုသမှုပေးခဲ့သည်၊။ ထို့နောက် ပဒါန်းမြတ်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းမှ လူနာ (၅၆) ဦးအား အခမဲ့သွေးအုပ်စုခွဲ ခွဲခြင်းနှင့် HIV, အသည်းရောင် အသားဝါဘီပိုးနှင့် အသည်းရောင် အသားဝါ စီပိုးစစ်ဆေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

သန်းနိုင်ဦး(ငဖဲ)