တောင်သမန်အင်းအတွင်း မြစ်ရေ၀င်ရောက်မှု မြင့်တက်လာခြင်းကြောင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေ

မန္တလေး ၂၈ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအတွင်း မြစ်ရေ၀င်ရောက်မှု မြင့်တက်လာခြင်းကြောင့် ရေထိန်းတံခါးကို ကျော်လွန်၍ အင်းအနီးရှိ ကျေးရွာများသို့ ရေဝင်ရောက်မှု မရှိစေရန် ကြိုတင်ကာကွယ် ပြင်ဆင်မှုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း တောင်မင်းကြီးဘုရား စည်းကမ်းထိနန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဦးက ပြောသည်။

 

“တောင်သမန်းအင်းရေ မြင့်တက်လာနေတဲ့အတွက် ရေထိန်းတံခါးကိုကျော်ပြီး ရွာတွေကို ရေ၀င်ရောက်မှု မရှိစေဖို့ သဲအိတ်တွေ ချထားသလို၊ လိုအပ်တဲ့ အကူအညီပေးရအောင် လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိနေကြပြီ။ အင်းအတွင်းမှာရှိတဲ့ ဦးပိန်တံတားပေါ် ရေရောက်ရှိဖို့လည်း ၂ ပေခန့်သာ လိုတော့တယ်”ဟု ၎င်းက ပြောသည်။

 

တောင်သမန်အင်းအတွင်းသို့ မြစ်ရေဝင်ရောက်မှုကြောင့် ဦးပိန်တံတားပေါ်သို့ ၂၀၀၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ရေများ ကျော်လွန်ရောက်ရှိခဲ့ကြောင်းနှင့် ၂၀၀၈ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များတွင် တံတားမျက်နှာပြင်နှင့် နီးကပ်စွာ ရောက်ရှိခဲ့ကြောင်း သိရဿည်။

 

အဆိုပါ တောင်သမန်အင်းအတွင်းသို့ ရေဝင်ရောက်မှုနှင့်ပတ်သက်၍ တောင်သမန်ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းကလည်း “တောင်သမန်အင်းက ဝါထပ်တဲ့နှစ်တွေမှာ အင်းရေမြင့်တက်လေ့ရှိတဲ့အတွက် ဒီနှစ် ဝါဆိုလမှာ ဝါထပ်တဲ့အတွက် အင်းရေမြင့်တက်လာတာပါ။ လက်ရှိအချိန်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပရဟိတအဖွဲ့တွေက အချိန်ပြည့်ရှိနေကြပါတယ်။ ကျွန်တော်တို့ ငှက်လှေအသင်းကလည်း လိုအပ်သလို ကူညီဆောင်ရွက်ပေးမှာပါ” ဟု ပြောသည်။

 

လက်ရှိအခြေအနေတွင် မန္တလေးမြို့၏ ဧရာ၀တီမြစ်ရေသည် ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်များအရ ၁၂၅၃ စင်တီမီတာသို့ ရောက်ရှိနေပြီ စိုးရိမ်ရေအမှတ် ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိရန် ၇ စင်တီမီတာသာ လိုတော့ကြောင်းနှင့် ဒုဌဝတီမြစ်ရေမှာလည်း ဇူလိုင် ၂၈ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ်ထက် ၂ စင်တီမီတာ ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ) မန္တလေးမှ သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)