တောင်သူ ဝင်ငွေ တိုးပွားဖို့ ကော်ဖီစိုက်ပျိုးကြပါစို့

ရွှေယွန်း

အနံ့အရသာနှင့် ပြည့်စုံကာ အရည်အသွေးကောင်းမွန်သော မြန်မာ့ကော်ဖီကို ထုပ်ပိုးမှု ဒီဇိုင်းသစ်များနှင့် ပေါင်းစပ်လိုက်သောအခါ စားသုံးသူ ကို ဆွဲဆောင်နိုင်သည့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခု ဖြစ်လာသည်။ ဈေးကွက်အတွင်းတွင် မြန်မာ့ကော်ဖီ Brand အမျိုးမျိုးကို ထုပ်ပိုးမှု ဒီဇိုင်းမျိုးစုံဖြင့် တွေ့မြင်လာနေရပြီး ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်ကိုပါ ထိုးဖောက်ဝင်ရောက်နိုင်ပြီဖြစ်သည်။

ဈေးကွက်ဝင် တန်ဖိုးမြှင့် High Value Crop  သီးနှံတစ်ခုဖြစ်သည့် ကော်ဖီသီးနှံကို  မြန်မာနိုင်ငံတွင်   ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေကို မူတည်၍၊ ဒေသ၏ ရေမြေရာသီဥတု အခြေအနေကို မူတည်၍ အရည်အသွေးကောင်းပြီး အထွက်နှုန်းမြင့်ကာ ရောဂါဒဏ် ခံနိုင်ရည်ရှိသော ကော်ဖီမျိုးများကို  ရွေးချယ်စိုက်ပျိုးလာကြသည်။

 အရည်အသွေးကောင်း ကော်ဖီသီးနှံစိုက်ပျိုး

ကော်ဖီပင်သည် နှစ်ရှည်ပင် ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီး အပင်ဖြစ်ထွန်းပါက သားသမီးမြေးမြစ်ထိတိုင် ဝင်ငွေရမည့် နှစ်ရှည် သီးနှံပင်မျိုးဖြစ်သည်။ ထို့သို့နှစ်ရှည် ဝင်ငွေရရှိနိုင်ပြီး အရည်အသွေး ကောင်း ကော်ဖီသီးနှံကို  စိုက်ပျိုးခြင်းဖြင့်  စိုက်ပျိုးတောင်သူဝင်ငွေ တိုးတက်ရရှိစေရန်  စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်   ကြိုးပမ်းဖော် ဆောင်လျက် ရှိသည်။
မြန်မာ့ကော်ဖီအရည်အသွေး   ပိုမိုမြင့်မားလာ၍   ထုတ်လုပ်မှု ပမာဏတိုးတက်လာပြီး ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန်၊ ကော်ဖီကို မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်လာစေရန်အတွက် ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာပေးသင်တန်းများ၊ မျိုးစေ့ ပျိုးပင်ပျိုးထောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကော်ဖီ-ရာသီသီးနှံ ဌာနခွဲမှ ဆောင်ရွက် လျက်ရှိသည်။

အသိမှတ်ပြုလက်မှတ်များ ရရှိရေးဆောင်ရွက်လျက်ရှိ

ကော်ဖီသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောင်သူပညာပေး စံပြကွက်များနှင့် အသုံးချသုတေသန စမ်းသပ်ကွက်အမျိုးမျိုးတို့ကို ဌာနမှ စိုက်ပျိုးပြသလျက်ရှိသည်။ ထို့ပြင်  စိုက်ပျိုးရေးထုတ်ကုန် များအား ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်နိုင်ရေးနှင့် စားသောက် ကုန်များတွင်  ဓာတုဓာတ်ကြွင်းများ   မကျန်ရှိစေရေးတို့အတွက် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် သက်ဆိုင်သည့် သင်တန်းများကို ပို့ချပေးလျက်ရှိကာ  ၎င်းလုပ်ငန်း စဉ်များအတိုင်းလိုက်နာပြီး စိုက်ပျိုးထုတ်လုပ်သော ကော်ဖီစိုက်ခင်း များ၊ ကော်ဖီ GAP အသိမှတ်ပြုလက်မှတ်များ ရရှိရေးတို့ကိုလည်း ကူညီဆောင်ရွက်လျက်ရှိသည်။
    
ကော်ဖီမျိုးစိတ်  (Species)    ပေါင်းများစွာရှိနေသော်လည်း ကုန်းမြင့်ကော်ဖီဖြစ်သည့် အာရေးဗီးကား၊ မြေနိမ့်ကော်ဖီဖြစ်သည့် ရိုဘတ်စတာ၊ လိုက်ဘရီကာ၊ အိတ်ဆယ်စာ စသည့် ကော်ဖီမျိုးစိတ် လေးမျိုးကိုသာ ကမ္ဘာပေါ်တွင် စီးပွားဖြစ်စိုက်ပျိုးကြကြောင်း  လေ့လာ တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်လည်း ယင်းကော်ဖီမျိုးစိတ် လေးမျိုး ကို ဒေသ၏ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေနှင့် ရေ၊ မြေ၊ ရာသီဥတုအခြေအနေပေါ် မူတည်ကာ ကုန်းမြင့်ကော်ဖီ၊ မြေနိမ့်ကော်ဖီ ဟူ၍ ခွဲခြားစိုက်ပျိုးလျက် ရှိသည်။

“ဌာနအနေနဲ့  ကော်ဖီစိုက်တောင်သူတွေအတွက် ပညာပေးရေး လုပ်ငန်းများ၊ ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းများကို ၁၂ လရာသီ စလုံး လအလိုက်အချိန်ဇယားတွေ ရေးဆွဲပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဥပမာအနေနဲ့ ဧပြီလမှာ ကော်ဖီ စိုက်ခင်းသစ်တည်ထောင် လိုသူတွေအတွက် မြေပြင်ခြင်းနဲ့ စိုက်ပျိုးနည်းစနစ်ဆိုင်ရာ သင်တန်း တွေ၊ ကော်ဖီခင်းဟောင်းပိုင်ရှင်တွေအတွက် ကိုင်းဖြတ်ပုံသွင်းခြင်း၊ နေရောင်ခြည်နဲ့ လေဝင်လေထွက်ကောင်းအောင် ကော်ဖီပင်ကို လိုအပ် သလို ပြုပြင်ပေးခြင်းဆိုင်ရာ သင်တန်းတွေ၊ မေလနဲ့ ဇွန်လတွေမှာ ခင်းသစ်စိုက်ပျိုးခြင်းနဲ့ ခင်းဟောင်းတွေ ပြုပြင်ဖာထေးစိုက်ပျိုးခြင်း ဆိုင်ရာသင်တန်းတွေ၊  ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ ပေါင်းနှိမ်နင်း ခြင်း၊  မြေဩဇာကျွေးခြင်းနဲ့   အပင်ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းတွေ ပေးနေပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာ လတွေမှာ ဆီးမိုးနေကာအုံ ပြုလုပ်ခြင်းစတဲ့ ရာသီအလိုက်နည်းပညာ ပေးခြင်းလုပ်ငန်းတွေနဲ့ ကော်ဖီသီးစနစ်တကျ ခူးဆွတ်၊ ကြိတ်ခွဲခြင်းနဲ့ ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာပညာပေးခြင်းနဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် အလေ့အကျင့်ကောင်းတွေ လိုက်နာကျင့်သုံး ရေး ပညာပေးခြင်းနဲ့ ကြီးကြပ်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်ပါတယ်” ဟု  စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။

မြန်မာ့ကော်ဖီကို Brand တစ်ခု အနေဖြင့် ကမ္ဘာ့ကုန်စည်ဈေးကွက် တွင် ယခုထက်  ပိုမိုထိုးဖောက်ဝင်ရောက်နေရာရရှိရေး၊ ပြည်ပသို့ အဓိကတင်ပို့သည့် ထုတ်ကုန်တစ်ခုဖြစ်လာစေရေးအတွက်  ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု၊ ပြည်တွင်းပြည်ပသို့တင်ပို့ရောင်းဝယ်မှု၊ ပြုပြင် ထုပ်ပိုးမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပနိုင်ငံများ၏ ကော်ဖီဈေးကွက်နှင့် ချိတ်ဆက်မှု  စသည်ဖြင့် ကော်ဖီသီးနှံထုတ်လုပ်မှု  တန်ဖိုးကွင်းဆက် တစ်လျှောက်လုံး အရှိန်အဟုန်ကောင်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေ ရန် ဆက်စပ်နေသော သက်ဆိုင်ရာဝန်ကြီးဌာနများ၊   ကော်ဖီစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ မြန်မာ နိုင်ငံကော်ဖီအသင်းနှင့် အဖွဲ့အစည်းများပါဝင်သော ကော်ဖီဗဟိုအဖွဲ့ ကိုလည်း ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီး ဌာနမှ သိရှိရသည်။ 

နည်းပညာများ ပို့ချပေးလျက်ရှိ

စိုက်ပျိုးရေးဦးစီးဌာနအောက်တွင် မြန်မာ့ကော်ဖီ ဖွံ့ဖြိုးတိုးတက် ရေးအတွက်   ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်    ဌာနပိုင်ကော်ဖီ နည်းပညာဖွံ့ဖြိုးရေးခြံများသည် ကော်ဖီသုတေသနနှင့် နည်းပညာပြန့်ပွားရေးဗဟိုဌာနအပါအဝင် ၁၂  ခြံရှိသည်။  နိုင်ငံပိုင် ကော်ဖီ နည်းပညာဖွံ့ဖြိုးရေးခြံများသည်  အစိုးရနှင့်  ပုဂ္ဂလိကပိုင်းဆိုင်ရာ စီးပွားဖြစ် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နိုင်ငံပိုင် ခြံများ၏ စုစုပေါင်း စိုက်ပျိုးထုတ်လုပ်မှု ဧရိယာမှာ ၃၉၂ ဒသမ ၇၈၈ ဟက်တာရှိကြောင်း စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။ ယင်းကော်ဖီခြံများမှ ပြည်ပသို့ တင်ပို့ရောင်းချရန်နှင့်  ပြည်တွင်းစားသုံးမှု ဖြည့်ဆည်းရန်အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသည့်အပြင် ကော်ဖီစိုက်ပျိုးသူများထံ မျိုးကောင်း မျိုးသန့်မျိုးစေ့နှင့် ပျိုးပင်များ ဖြန့်ဖြူးပေးခြင်းနှင့် နည်းပညာများပို့ချ ပေးခြင်းတို့ကိုပါ ဆောင်ရွက်လျက်ရှိသည်။ 
မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးပြီး ဧရိယာစုစုပေါင်း ၂၀၂၃၄ ဟက်တာ (၅၀၀၀၀ ဧက) ခန့်ရှိပြီး ထုတ်လုပ်မှုဧရိယာမှာ ၁၂၂၆၂ ဟက်တာ (၃၀၃၀၀ ဧက) ခန့် ရှိသည်။ တစ်နိုင်ငံလုံးအနေဖြင့် ကော်ဖီဆံ ထွက်ရှိမှုသည် တန်ချိန် ၁၀၀၀၀ ခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကော်ဖီပင်သည် နှစ်ရှည်သီးနှံဖြစ်

 “ကော်ဖီခြံတည်ထောင်ရာမှာ   မှန်ကန်သည့်   စိုက်ပျိုးရေး နည်းစနစ်ကိုအသုံးပြု၍ လုံလောက်သည့်ငွေကြေးရင်းနှီးမြှုပ်နှံမှုကိုထည့်ကာ တစ်ကြိမ်တည်းနဲ့ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင် ရေးဟာ အရေးကြီးပါတယ်။ သို့မှသာ စတင်စိုက်ပျိုးသည်မှ သုံးနှစ် အကြာမှာ ကော်ဖီသီးမှည့်များ  စတင်ဆွတ်ခူးရရှိမှာ   ဖြစ်ပါတယ်။ ကော်ဖီပင်သည်  နှစ်စဉ်အပင်ထိန်းသိမ်းစရိတ်  အသင့်အတင့်သာ ထည့်ရန်လိုအပ်ကာ အကျိုးအမြတ် ပုံမှန်ရရှိစေသော နှစ်ရှည်သီးနှံ ဖြစ်ပါတယ်။  


“အခုအခါ မြန်မာကော်ဖီကို နိုင်ငံတကာဈေးကွက်အထိ နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိပြီး   ပြည်တွင်းသဘာဝကော်ဖီသောက်သုံး မှုဟာ နှစ်စဉ်မြင့်တက်လာလျက်  ရှိပါတယ်။  ကော်ဖီလိုအပ်ချက် မြင့်မားနေတာဖြစ်တဲ့အတွက် လက်ရှိထုတ်လုပ်မှုနဲ့ မလုံလောက်ဘူး။ ကော်ဖီစိုက်ခင်းသစ်တွေ အများကြီးတိုးချဲ့တည်ထောင်နိုင်မှသာ ကော်ဖီ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့်အနေအထားမျိုး ဖြစ်ပါတယ်” ဟု ပြင်ဦးလွင်မြို့ Blue Mountain ကော်ဖီခြံပိုင်ရှင် ဦးမျိုးနိုင်က ပြော သည်။

အပူဒဏ်နှင့် ရေငတ်ဒဏ်ခံနိုင်သောမျိုးများ စိုက်ပျိုးသင့်

ကုန်းမြင့်ကော်ဖီကို စိုက်ပျိုးရာတွင် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၃၀၀ တွင် ရှိသော တောင်တန်းနှင့် တောင်ကုန်းဒေသများ တွင် အာရေးဗီးကားကော်ဖီမျိုးစိတ် အားလုံးနီးပါး စိုက်ပျိုးဖြစ်ထွန်း သော်လည်း ပေ ၃၃၀၀ အောက် နိမ့်သော ဒေသများတွင် အပူဒဏ်နှင့် ရေငတ်ဒဏ် ခံနိုင်သော မျိုးများကို စိုက်ပျိုးသင့်ကြောင်း ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ ကော်ဖီစိုက်တောင်သူများကို အကြုံပြုလမ်းညွှန် ထားသည်။ 

ကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင်  ရေနံပြီးလျှင်   ကုန်သွယ်မှု အများဆုံးဖြစ်သည်။ အနံ့နှင့်အရသာကောင်းမွန်လျှင် ဈေးကောင်း ရသည့်အတွက် မြန်မာကော်ဖီ  ဖွံ့ဖြိုးရေးအတွက် နေရာဒေသနှင့် ကိုက်ညီသည့် မျိုးရွေးချယ်မှု မှန်ကန်ရမည်ဖြစ်သည်။ ကော်ဖီ စိုက်ပျိုး ရာတွင် အရိပ်ပင်အမျိုးအစား/ အရေအတွက် မှန်ကန်စွာထည့်သွင်း စိုက်ပျိုးရမည်။ ကော်ဖီသီးမှည့်ခူးရာတွင် ကော်ဖီဆန် (အစိမ်းရောင် ရှိသဖြင့်  Coffee Green Bean  ဟု  ခေါ်ပါသည်)   ရသည်အထိ   အဆင့်ဆင့်ထုတ်လုပ်မှုသည် အရေးအပါဆုံးဖြစ်၍ ရိတ်သိမ်းချိန်လွန် နည်းစနစ်မှန်ကန်ရန် လိုအပ်သည်။ 

အစုအဖွဲ့ဖွဲ့၍ ဆောင်ရွက်သင့်

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေရန်အတွက် စိုက်ပျိုးရေးဦးစီး ဌာနနှင့် မြန်မာနိုင်ငံ ကော်ဖီအသင်းတို့မှ ကော်ဖီတန်ဖိုးကွင်းဆက်တစ်လျှောက်လုံးနှင့်သက်ဆိုင်သည့် သင်တန်းအသီးသီးသို့ တက်ရောက် လေ့လာဆည်းပူးသင့်ကြောင်း၊ ကော်ဖီခင်းများသည် သီးနှံ သစ်တော ရောနှောစိုက်ခင်းများဖြစ်သည့်အတွက်     သဘာဝခရီးသွားများကို စိတ်ချမ်းမြေ့စရာနေရာများဖြစ်သဖြင့် ဝင်ငွေတိုးစေရန် Ecotourism ပူးတွဲအကောင်အထည်ဖော်သင့်ကြောင်း၊ စီးပွားရေးတွက်ခြေကိုက်မှု ဖြစ်စေရန် ကော်ဖီလုပ်ငန်းများသည် စုပေါင်းလုပ်ကိုင်သည့် အစုအဖွဲ့ စိုက်ပျိုးကုန်ထုတ်သမများဖွဲ့စည်း၍ ဆောင်ရွက်သင့်ကြောင်း မြန်မာ နိုင်ငံကော်ဖီအသင်းမှ   နာယက   ဦးရဲမြင့်က   အကြုံပြုပြောကြား သည်။

အများအားဖြင့် ကုန်းမြင့်ကော်ဖီမျိုးများကို ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၊ ချင်းပြည်နယ်၊  ကချင်ပြည်နယ်၊  ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်နှင့် ပြင်ဦးလွင်၊ မကွေးတိုင်းအနောက်ခြမ်းရှိ နတ်ရေကန်တောင်တန်း စသည့်ဒေသ များတွင် စိုက်ပျိုးမှုများပြီး မြေနိမ့်ကော်ဖီမျိုးများကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေကြီး၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် စိုက်ပျိုးကြသည်။

အာရေးဗီးကားကော်ဖီမျိုးကို ပင်ကြား၊ တန်းကြား ၄ ပေx ၈ ပေ ဖြင့် စိုက်ပျိုးလျှင် တစ်ဧက အပင် ၁၃၆၀  ဝင်ဆံ့ပြီး ရိုဘတ်စတာ​ကော်ဖီမျိုးသည် ပင်ကြား၊ တန်းကြား ၁၀ ပေx ၁၀ ပေဖြင့် တစ်ဧက လျှင် ၄၃၅ ပင် ဝင်ဆံ့သည်။ မြန်မာနိုင်ငံတွင် အာရေးဗီးကားကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုသည်  အများဆုံးဖြစ်ပြီး   အာရေးဗီးကားကော်ဖီ ၈၀ ရာခိုင်နှုန်း ရှိကာ ရိုဘတ်စတာကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀ ရာခိုင်နှုန်း ရှိသည်။

စိုက်ပျိုးတောင်သူများထံ အခမဲ့ဖြန့်ဝေလျက်ရှိ

ပင်လယ်ရေမျက်နှာပြင်အထက်  အမြင့်ပေ ၃၈၀၀ မှ ၅၈၀၀ ကြားရှိသည့် ဒေသများတွင်သာ စိုက်ပျိုးသင့်သော အရည်အသွေးမြင့် ကော်ဖီမျိုးများ၊ ပင်လယ်ပြင် မျက်နှာပြင်အထက် အမြင့်ပေ ၃၃၀၀ မှ ၃၈၀၀ အတွင်း စိုက်ပျိုးသင့်သည့်  ကော်ဖီမျိုးများ၊ အပူဒဏ်နှင့် ရေငတ်ဒဏ် ခံနိုင်ပြီး   ပင်လယ်ရေမျက်နှာပြင်အထက်   အမြင့်ပေ ၃၃၀၀ အောက်တွင် စိုက်ပျိုးသင့်သည့် ကော်ဖီမျိုးများ၊ မြေနိမ့်ပိုင်းဒေသ တွင်သာ စိုက်ပျိုးသင့်သည့် ကော်ဖီမျိုးများနှင့် လေပြင်းတိုက်ခတ်၍ မိုးများသောဒေသတွင် စိုက်ပျိုးသင့်သည့် ကော်ဖီမျိုးများဟူ၍ အကြမ်း အားဖြင့် ကော်ဖီမျိုးများကို ပင်လယ်ရေမျက်နှာပြင် အမြင့်ပေအလိုက် ခွဲခြား၍ ကော်ဖီစိုက်တောင်သူများစိုက်ပျိုးနိုင်ရန်အတွက် မြန်မာနိုင်ငံ ၏ ကော်ဖီ စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုန် စာအုပ်ကို  စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေကာ စိုက်ပျိုးတောင်သူများထံ  အခမဲ့ဖြန့်ဝေလျက်ရှိသည်။ 

“မြန်မာနိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်နေသော   အာရေးဗီးကား ကော်ဖီမျိုး ၂၆ မျိုးရှိပြီး မှတ်ပုံတင်ပြီးမျိုး ၁၆ မျိုး ရှိပါတယ်။ အာရေး ဗီးကားကော်ဖီမျိုးတွေကို မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တွေ မှာ အများဆုံးစိုက်ပျိုးထားပြီး အဲဒီဒေသတွေမှာ မျိုးအနေနဲ့ SL-28, SL-34,S-795, Catuai, Caturra, Catimor, P-88 နဲ့ P-90 မျိုးတွေကို အများဆုံးစိုက်ပျိုးလေ့ရှိတယ်။ ကုန်းမြင့်ကော်ဖီမျိုးတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးတဲ့ရိုဘတ်စတာကော်ဖီမျိုးတွေမှာ ဒေသမျိုး တွေအပါအဝင် ၁၀ မျိုးကျော်ခန့်ရှိပါတယ်။ ရိုဘတ်စတာကော်ဖီမျိုး တွေကို ကရင်ပြည်နယ်မှာ အများဆုံးစိုက်ပျိုးတာကို တွေ့ရှိရပြီးတော့ မျိုးအနေနဲ့ ဒေသမျိုးတွေဖြစ်တာကို တွေ့ရှိရပါတယ်” ဟု  ညွှန်ကြား ရေးမှူး ဦးမြင့်ဆွေက ရှင်းပြသည်။ 

ကော်ဖီသီးနှံများကို စိုက်ပျိုးရာတွင် မက္ကဒေးမီးယား၊ ပိန္နဲ၊ တညင်း၊ ထောပတ်၊ မျောက်ငိုစသည့် စားသုံးသီးပင်များကို   အရိပ်ပင်အဖြစ် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့်လည်း ဝင်ငွေထပ်မံရရှိနိုင်သည်။ ထို့ကြောင့် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးခြင်းအားဖြင့်   ထုတ်လုပ်မှုတိုးတက်ကာ ပြည်တွင်းကော်ဖီသောက်သုံးမှုအတွက် ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပြည်ပဈေးကွက်ပိုမိုရရှိအောင်  ကြိုးပမ်းကြခြင်းဖြင့်   ကော်ဖီစိုက် တောင်သူများ  ဝင်ငွေတိုးပွားလာစေမည်ဖြစ်ပါကြောင်း   တင်ပြ ရေးသားလိုက်ရပါသည်။       ။