တောင်သူဈေးကားများ အစီအစဉ်တွင် အသား၊ ငါး၊ ပုဇွန်များပါ ထည့်သွင်းရောင်းချပေးနေ

ရန်ကုန် ၂၆ အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်၊ ရပ်ကွက်များအရောက် လှည့်လည်ရောင်းချလျက်ရှိသော တောင်သူဈေးကားများအစီအစဉ်တွင် ယနေ့မှစ၍ အသား၊ ငါး ပုဇွန်များပါ ထည့်သွင်းရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။

သန့်ရှင်းလတ်ဆတ် ဈေးနှုန်းသက်သာသော စားဖိုဆောင်သီးနှံများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များကို စားသုံးသူပြည်သူများထံ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် တောင်သူဈေးကားများ အစီအစဉ်ကို ဇူလိုင် ၁၁ ရက်မှစ၍ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း မော်တော်ယာဉ် စီးဖြင့် လှည့်လည်ရောင်းချပေးခဲ့သည်။

 

shop car

 

ယခုအခါ ပြည်သူများအနေဖြင့်  မိမိတို့နေအိမ်မှဝေးကွာသော ဈေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုသည့်အတွက် ကူးစက်ရောဂါပြန့်ပွားမှု အထိုက်အလျောက် ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး စားသောက်ကုန်များအား မိမိတို့ရပ်ကွက်အတွင်း၌ ဝယ်ယူရရှိနိုင်ရေးကို ရည်ရွယ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်လုပ်ငန်းရှင် အသင်းများပူးပေါင်း၍ အောက်တိုဘာ ၂၆ ရက်မှစတင်ကာ မြို့နယ်၊ ရပ်ကွက်များအလိုက် ဈေးကားများ လှည့်လည်ဈေးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဒုတိယလှိုင်းဖြစ်ပွားပြီးနောက် အသွားအလာ တားဆီးကန့်သတ်မှုများကြောင့်  တောင်သူဈေးကားများ အစီအစဉ်ကို သီတင်း ပတ်ခန့်ရပ်နားခဲ့ပြီး ယခုအခါ ဈေးကားများ ပြန်လည်ရောင်းချနေမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဉီးကျော်သူကပြန်ထွက်တာတော့ တစ်ပတ်ကျော်လောက်ရှိသွားပြီ။ ရှေ့ပိုင်းမှာ ကျွန်တော်တို့အသင်းအနေနဲ့ပဲ ထွက်ခဲ့ပြီး ခုနောက်ပိုင်းမှာတော့ ဟင်းသီးဟင်းရွက်ချည်းပဲ မဟုတ်တော့ဘဲ ကြက်၊ ဝက်၊ အမဲ၊ ဆိတ်စတဲ့ အသားတွေရယ်၊ ငါးပုဇွန်လို ရေထွက်ကုန်ပစ္စည်းတွေအစုံပါတဲ့ ကားတန်းအစုံပေါ့ အဲဒါကတော့ ဒီနေ့စထွက်တယ်ဟု ပြောကြားခဲ့သည်။

ယနေ့ စတင်ရောင်းချသော ဈေးကားများတွင် စားသောက်ကုန်များဖြစ်သည့် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ အသင့်ထုပ်ပိုးပြီး ရေချို/ရေငန် ငါးပုစွန်အမျိုးမျိုး၊ ကြက်ဥ ဘဲဥ၊ ဟင်းသီးဟင်းရွက်မျိုးစုံပါဝင်ပြီး သက်သာသောဈေးနှုန်းဖြင့် လူတန်းစားမရွေး ဝယ်ယူနိုင်ရန် လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။

သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံပါဝင်သည့် ဈေးကားများသည် ရန်ကင်းမြို့နယ်အတွင်း ရွှေအုန်းပင်အိမ်ရာ၊ ရွေအင်ကြင်းအိမ်ရာ၊ ကံ့ဘဲစည်ပင်အိမ်ရာဝင်း၊ လယ်ဆည်ဝန်ထမ်းအိမ်ရာ၊ ဟိုတယ်ခရီးဝန်ထမ်းအိမ်ရာ၊ မြောက်ဒဂုံမြို့နယ်အတွင်း မဟာမြိုင်အိမ်ရာ၊ ဗိုလ်ဗထူးအိမ်ရာ၊ တာမွေမြို့နယ်အတွင်း ကျောက်မြောင်းရပ်ကွက်၊ အသောက၊ ကျားကွက်သစ်လမ်း၊ အောင်မင်္ဂလာလမ်းနှင့် အောင်မင်္ဂလာအိမ်ရာ၊ သီတာလမ်း၊ တာမွေ၊ မအူကုန်း၊ တာမွေကြီး၊ တာမွေလေးနှင့် မြို့နယ်အတွင်း လမ်းမကျယ်များပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ စီမံခန့်ခွဲမှုတို့ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုပြင် အောက်တိုဘာ ၂၇ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် ဆိပ်ကမ်း) မြို့နယ်များ၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်းများတွင် ဆက်လက်ရောင်းချပေးမည်ဖြစ်ပြီး သတ်မှတ်ရက်အလိုက် မြို့နယ်များသို့ ပုံမှန်ရောင်းချပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။

ဈေးကားများအစီအစဉ်တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် ဈေးကားများနှင့်အတူ ကြက်၊ ဝက်၊ သားငါး၊ ကြက်ဥ၊ စားသုံးဆီဈေးကားများ ပါဝင်ပြီး ရောင်းချမည့်နေရာများတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ကြိုတင်ကြေညာပေးထားကြောင်း သိရသည်။ ဈေးကားများ ရောင်းချရာ၌ စုပြုံရောင်းချခြင်းမပြုဘဲ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - လင်းညွန့်