တောင်သူလယ်သမား အကျိုးစီးပွား

၂၂ အောက်တိုဘာ

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စပါးစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သများ သင့်တင့်မျှတသောဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မည့် ဆန်စပါးအခြေခံရည်ညွှန်းဈေနှုန်းတင် ၁၀ဝ လျှင် ငွေကျပ် ငါးသိန်းနှုန်း သတ်မှတ်ကြောင်း တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ယခုကဲ့သို့ အခြေခံဈေးနှုန်းသတ်မှတ်ချက်သည် ပြီးခဲ့သည့် နွေစပါးရာသီကာလတွင် ဖြစ်ပေါ်ခဲ့သည့် စပါးဈေးမကောင်းမှုကြောင့် တောင်သူလယ်သမားများ ကြုံတွေ့ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကုစားနိုင်ရန်နှင့် လက်ရှိ စိုက်ပျိုးထားသော မိုးစပါးပေါ်ချိန်တွင် တောင်သူလယ်သမားမျး သင့်တင့်မျှတသော ဈေးနှုန်းရရှိနိုင်ရန်အတွက် ဆောင်ရွက်ချက်ဖြစ်ပြီး ၂၀၁၈ ခုနှစ်ကလည်း အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တင် ၁၀ဝ လျှင် ငွေကျပ်ငါးသိန်းနှုန်းဖြင့် ပထမအကြိမ် သတ်မှတ်ပေးခဲ့သည်။

တောင်သူလယ်သမားဦးကြီးများအနေဖြင့် စပါးတစ်ဧကအတွက် ပျမ်းမျှထုတ်လုပ်မှု ကုန်ကျစရိတ်သည် ငွေကျပ် နှစ်သိန်းခွဲခန့်ရှိပြီး စပါးတင်း ၁၀ဝ အပြည့်အဝထွက်ရှိရန်အတွက် ပျမ်းမျှထုတ်လုပ်မှုကုန်ကျစရိတ် ငွေကျပ် သုံးသိန်းခွဲခန့်ရှိသည်ဟု သိရသည်။ လက်ရှိတွင် ရာသီဥတုပြောင်းလဲမှုကြောင့် တစ်ဧက တင်း ၁၀ဝ ထွက်ရှိရန် မလွယ်ကူဘဲ တစ်ဧက တင်း ၅၀ မှ အများဆုံး တင်း ၈၀ ခန့်သာ ထွက်ရှိနေသည်။ အထွေထွေစိုက်ပျိုးထုတ်လုပ်မှု စရိတ်မှာ ပိုမိုကုန်ကျလာမည့်အနေအထားတွင် ရှိနေသဖြင့် အခြေခံဈေးနှုန်းသတ်မှတ်ချက်အတိုင်းရသည်ဆိုလျှင် အဆင်ပြေနိုင်သော်လည်း လုပ်ကွက်ငယ် တောင်သူများအဖို့ တွက်ခြေကိုက်ရန် ရုန်းကန်ရဦးမည်။

ဈေးကွက်တွင် စပါးလက်ကျန်များနေခြင်းနှင့် မိုးစပါးပေါ်ချိန်တွင် ဆန်အသစ်အများအပြားကို ဈေးနှိမ်ဝယ်ယူခြင်း ခံရမည့် အနေအထားကို ကုစားနိုင်ရန်အတွက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ဆန်စပါးအခြေခံရညွှန်းဈေးနှုန်း တင်း ၁၀ဝ လျှင် ငွေကျပ်ငါးသိန်း သတ်မှတ်ပေးခြင်းအပြင် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းဈေးနှုန်း အပေါ်တွင်ဖြစ်ပါက ဈေးကွက်အတိုင်းဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းဈေးနှုန်းအောက်တွင် ဖြစ်ပါက အခြေခံရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ကြောင်း သတ်မှတ်ပေးခဲ့သည်။ ထို့အပြင် အခြေခံ ရည်ညွှန်းဈေးနှုန်း ရောင်းချရန် အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်သို့ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

မည်သို့ပင်ဖြစ်စေ တောင်သူလယ်သမားများအနေဖြင့် ဈေးကွက်အခြေအနေအရဖြစ်စေ၊ ကုန်ထုတ်လုပ်မှု အခြေအနေအရဖြစ်စေ၊ ရာသီဥတု အခြေအနေအရဖြစ်စေ အခက်အခဲတစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့နိုင်သဖြင့် ဆန်စပါးစိုက်ပျိုးရာတွင် တွက်ခြေကိုက်အောင် ရုန်းကန်နေရဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားဦးကြီးများ စပါးစိုက်ပျိုးရာတွင်အခက်အခဲ မရှိစေရေးအတွက် နည်းလမ်းမျိုးစုံ ရှာဖွေဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကလည်း တောင်သူလယ်သမားများ တွက်ခြေကိုက်ရေးကို အလေးထား စောင့်ကြည့်ဖြေရှင်းပေးလျက်ရှိသည်။ ဤသို့ အဘက်ဘက်က ဆောင်ရွက်ပေးလျက်ရှိသော်လည်း လုပ်ကွက်ငယ်တောင်သူများအဖို့ အခက်အခဲရှိနိုင်သောကြောင့် စိုက်ပျိုးရေးနှင့်တွဲဖက်သော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှသာ ရေရှည်အဆင်ပြေနိုင်မည် ဖြစ်သည်။

သို့ဖြစ်ရာ အခြေခံရည်ညွှန်းဈေးနှုန်း ငွေကျပ်ငါးသိန်းသတ်မှချက်သည် တောင်သူလယ်သမားဦးကြီးများအတွက် မိုးစပါးဈေးကောင်းရလာစေရန် မျှော်လင့်ချက်ရောင်ခြည်ဖြစ်ပြီး နိုင်ငံလူဦးရေအများစုလုပ်ကိုင်နေသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တည်ငြိမ်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်ပါကြောင်း။

ကြေးမုံ