တောင်သူလယ်သမားဦးကြီးများကို ဂုဏ်ပြု

 

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားပြုသော နိုင်ငံဖြစ်သည်။ ရှေးအစဉ်အဆက် နှစ်ပေါင်းထောင်ချီကာလကတည်းက မြန်မာနိုင်ငံသားအများစုမှာ တောင်သူ လယ်သမားများ သို့မဟုတ်လယ်ယာကဏ္ဍကို အမှီပြုလုပ်ကိုင် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများမှ ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။

 

မြန်မာနိုင်ငံရှိပြည်သူအားလုံးသည် ဆန်ကိုအဓိကစားသုံးကြသဖြင့် ဆန်စပါးစိုက်ပျိုးရေးသည် ပြည်တွင်းစားနပ်ရိက္ခာဖြစ်သည်သာမက ပြည်ပဝင်ငွေရရှိရေးကိုလည်း ရှာဖွေပေးသည်။ တောင်သူလယ်သမားဦးကြီးများသည် သမိုင်းစဉ်တစ်လျှောက် တိုင်းပြည်နှင့်လူမျိုးကို အကျိုးပြုခဲ့ကြသော်လည်း တောင်သူလယ်သမားများအား အသိအမှတ်ပြုမှု၊ တောင်သူ လယ်သမားများ ဘဝမြင့်မားမှုကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု အားနည်းခဲ့သည်။ ထိုသို့သော အခြေအနေများကြောင့် ယနေ့ကာလတွင် တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ် စောင့်ရှောက်မြှင့်တင်ပေးရေးကို အလေးထားဆောင်ရွက်နေသည်ကို တွေ့ရသည်။

 

တောင်သူလယ်သမားဦးကြီးများသည် နှစ်ပေါင်းရှည်လျားစွာ နိုင်ငံအတွက်အကျိုးပြုခဲ့ကြရာ ၁၉၆၂ ခုနှစ်ရောက်မှသာ တောင်သူလယ်သမားနေ့ဟူ၍ အသိအမှတ်ပြုခံခဲ့ရသည်။ ထိုစဉ်က တောင်သူလယ်သမားများ စည်းလုံးညီညွတ်မှု ရရှိစေရန်အတွက်လည်းကောင်း၊ တောင်သူ လယ်သမားများသည် မြန်မာနိုင်ငံလွတ်လပ်ရေး သမိုင်းကြောင်းတွင် တိုက်ပွဲဝင်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲများ ကျင်းပပေးရာမှ လည်းကောင်း တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရသည်။ တောင်သူ လယ်သမားနေ့တွင် တောင်သူလယ်သမားကြီးများအား ဂုဏ်ပြုခြင်းဖြစ်သလို တောင်သူလယ်သမားဦးကြီးများ၏ လူမှုစီးပွားမြင့်မားတိုးတက်အောင်လည်း ဆောင်ရွက်ပေးလာ ကြသည်။

 

တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးသည် လယ်ယာ ကဏ္ဍမှ အများဆုံးဖြစ်နေသော်လည်း တောင်သူလယ်သမားအများစုမှာ လူမှုစီးပွားဘဝ နိမ့်ကျနေဆဲ ဖြစ်နေသေးသည်။ လယ်ယာလုပ်ငန်းနှင့် ကုန်သွယ်စီးပွားကဏ္ဍတွင် အားနည်းချက်များရှိနေပြီး ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့် သစ်တော ပြုန်းတီးမှုတို့ကြောင့် မြေဆီလွှာအရည်အသွေး ကျဆင်းပျက်စီးမှုများမှာ တောင်သူ လယ်သမားဘဝ မဖွံ့ဖြိုးရခြင်း၏ အကြောင်းရင်းများဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ရေရှည်တည်တံ့သော လယ်ယာထုတ်ကုန် စနစ်ထွန်းကားစေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ် ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားမြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုး တိုးတက်မှုကို ရည်မှန်းလျက် ပန်းတိုင်ကိုးရပ်သတ်မှတ်ကာ ဆောင်ရွက်နေသည်။ ထို့အပြင် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းမှု တိုးတက်လာစေရန်၊ တောင်သူလယ်သမားများ၏ အခွင့်အရေး ပြည့်ဝစွာရရှိလာစေရန်နှင့် အကျိုးစီပွားမြင့်မားလာစေရန်၊ လယ်ယာကဏ္ဍတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် အားပေးဆောင်ရွက်ရန် စသည့်ရည်မှန်းချက်(၁၁)ရပ်လည်း ချမှတ်ထား သည်။ 

 

ထို့အပြင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၊ နည်းဥပဒေများ ရေးဆွဲအတည်ပြုပြဋ္ဌာန်းခဲ့ပြီး  တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး နိုင်ငံတော်အဆင့် ဦးဆောင်အဖွဲ့ကိုဖွဲ့စည်းကာ တောင်သူလယ်သမားများအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ စိုက်ပျိုးမြေများ ပြန်လည်ရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေရရှိရေး၊ တစ်ဧကအထွက်နှုန်းတိုးရေး၊ စပါးရောင်းဈေး သတ်မှတ်ပေးရေး စသည့်စသည့် တောင်သူလယ်သမားများ၏လိုအပ်ချက် များစွာတို့ကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

 

တောင်သူလယ်သမားဦးကြီးများကလည်း နိုင်ငံ၏စားနပ်ရိက္ခာဖူလုံရေး အတွက်သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်း ၇၀ ကျော်အတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရောင်းချနိုင်အောင် ယမန်နှစ်က စံချိန်တင်စိုက်ပျိုးပေးနိုင်ခဲ့သည်။ ယင်းသို့ တောင်သူလယ်သမား များ၏ ကြိုးပမ်းအားထုတ်မှု၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ၊ အသင်း အဖွဲ့နှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ပူးပေါင်းဆောင်ရွက်မှုတို့ကို အသိအမှတ်ပြု ဂုဏ်ပြုရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ တောင်သူလယ်သမားနေ့သည် တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားဦးကြီးများအား ဂုဏ်ပြုခြင်းဖြစ်သည်နှင့်အညီ ရိုးသားဖြူစင် ကြိုးစားအားထုတ်သည့် တောင်သူ လယ်သမားများ၏ ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍမြင့်မားတိုးတက်လာအောင် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြပြီး ကျေးဇူးရှိသော တောင်သူလယ်သမားဦးကြီးများ၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးလာအောင်လည်း မျက်ခြည်မပြတ်ဂရုစိုက်၍ ဝိုင်းဝန်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။

 

ကြေးမုံ