တောင်တက်သမား ၅ဝဝ ကျော်ကို အင်ဒိုနီးရှားရှိ မီးတောင်ပေါ်မှ ဘေးကင်းရာသို့ ရွှေ့ပြောင်း

မာတာရမ် ၃၁  ဇူလိုင်

အင်ဒိုနီးရှားနိုင်ငံတွင် လူအသေအပျောက် ရှိခဲ့သည့် မြေငလျင်လှုပ်မှုအပြီး မြေပြိုမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ မီးတောင်တစ်လုံးပေါ်တွင် ပိတ်မိနေသည့် ခြေလျင်တောင်တက် သမားများနှင့် ၎င်းတို့၏ လမ်းပြများဖြစ်သည့် လူပေါင်း ၅ဝဝ ကျော်ကို ဘေးကင်းရာသို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၃၁ ရက်တွင် ပြောကြားသည်။

ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက ပြင်းအား ၆ ဒသမ ၄ ရှိ မြေငလျင်လှုပ်မှုဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲ မြေငလျင် အကြိမ်များစွာ လှုပ်ခဲ့မှုကြောင့် ရင်ဂျာနီ မီးတောင်၏ လမ်းကြောင်းများတစ်လျှောက် တန်ချိန်ပေါင်းများစွာ အလေးချိန်ရှိ ကျောက်တုံး ကျောက်ခဲများနှင့် ရွှံ့ညွန်များ ပိတ်ဆို့သွားခဲ့ရသည်။

အမေရိကန်၊ ပြင်သစ်၊ နယ်သာလန်၊ ထိုင်းနှင့် ဂျာမနီနိုင်ငံများ အပါအဝင် နိုင်ငံများစွာမှ ခြေလျင်တောင်တက်ခ ရီးကြမ်းနှင်သူ ဦးရေ ၅၆ဝ ခန့်သည် တောင်ပေါ်တွင် ပိတ်မိနေခဲ့ကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်တက်သမား ၅၄၃ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ၎င်းတို့သည် ယမန်နေ့ညက တောင်ခြေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း အမျိုးသားသဘာဝဘေးဆိုင်ရာ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပါမိုနူဂရိုဟိုက အေအက်ဖ်ပီသို့ ပြောကြားသည်။ ယင်းတို့အနက် ခြောက်ဦးမှာ ထွက်ခွာသွားပြီဖြစ်ပြီး တောင်တက်သမားအားလုံး ကျန်းမာစွာနှင့် ဘေးကင်းစွာရှိနေကြကြောင်း ၎င်းကပြောကြားသည်။

လမ်းပြသူများက အခြားတောင်တက်လမ်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဇူလိုင် ၃ဝ ရက်တွင် တောင်အောက်သို့ တောင်တက်သမားများ စတင် ဆင်းသက်နိုင်ခဲ့ကြောင်း၊ အဆိုပါ လမ်းကြောင်းမှာ မြေပြိုမှုဘေးမှ ကင်းလွတ်သည့် လမ်းကြောင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

တောင်တက်သမားအများစုသည် ဇူလိုင် ၃ဝ ရက် ညပိုင်းတွင် တောင်ခြေ အခြေ စိုက်စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း မာထရမ် ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အေအက်ဖ်ပီ