တောင်တွင်းကြီး၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှ (၄)လအတွင်း ယာဉ်တိုက်မှု ၂၃ မှုဖြစ်ပွား

တောင်တွင်းကြီး  ၁၈ ဇန်နဝါရီ


တောင်တွင်းကြီးမြို့နယ် စည်ပင်နယ်နမိတ်အတွင်း (မကွေး) အမှတ်(၄)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ လက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့(စိတ်) စတင်တာဝန်ထမ်းဆောင်သည့်နေ့မှ (၄)လအတွင်း ယာဉ်တိုက်မှု ၂၃ မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူနှင့် သေဆုံးသူ အများအပြား ရှိခဲ့ကြောင်း စုံစမ်းသိရသည်။


၎င်းယာဉ်တိုက်မှုများကြောင့် ဒဏ်ရာရရှိသူ ကျား ၂၅ ဦး၊ မ ၁၁ ဦး၊ သေဆုံးသူ ကျား ၃ ဦး၊ မ တစ်ဦးရှိကြောင်း သိရပြီး စုစုပေါင်း ဒဏ်ရာရရှိသူ ၃၆ ဦး၊ သေဆုံးသူ  ၄ ဦး ရှိခဲ့ကြောင်း သိရသည်။


ယာဉ်တိုက်မှုများ လျော့နည်းကျဆင်းစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့(စိတ်)မှ ၂၀၁၈ သြဂုတ် ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ မော်တော်ကားအစီး ၄၀ ၊ သုံးဘီးယာဉ် ၉ စီး၊ မော်တော်ဆိုင်ကယ် ၃၀၃ စီး၊ စုစုပေါင်း စည်ကမ်းပျက်ယာဉ် ၃၅၂ စီးအား ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း ပညာပေးသရုပ်ပြ ဟောပြောမှုများအား (၄) လအတွင်း ၅၄ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟင်္သာ (တောင်တွင်းကြီး)