တောင်ဥက္ကလာပမြို့နယ်၌ နှာခေါင်းစည်းနှင့် မျက်နှာအကာတပ်ဆင်သွားလာရေး Yellow Campaign ပြုလုပ်၍ အသိပညာပေး

ရန်ကုန်၊ ၁၈ ဇန်နဝါရီ

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တပ်ဆင်သွားလာ‌စေရေးအတွက် Yellow Campaign ပြုလုပ်၍ အသိပညာပေးခြင်းကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီက အမှတ်(၁၀)ရပ်ကွက်ရှိ ပဒေသာဈေး ပတ်ဝန်းကျင်နှင့် ဓမ္မရာဇာလမ်းတလျှောက်၌ ‌ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ Yellow Campaign ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း၍ ဈေးဝယ်သူ၊ ဈေးရောင်းချသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တပ်ဆင်သွားလာ‌စေရေး၊ ကျန်မာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်အကွာအဝေးအတိုင်း လူတစ်ဦးနှင့် တစ်ဦး နေထိုင်စေရေး၊ လူစုလူဝေးမဖြစ်စေရေး၊ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မသွားလာစေရေး၊ နှာခေါင်းစည်းနှင့် မျက်နှာအကာ တပ်ဆင်သွားလာစေရေး၊ တစ်ဦးနှင့် တစ်ဦး သတိပေးမှုများ ပြုလုပ်ကြစေရန် အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော ဆောင်ရန် ရှောင်ရန် ပညာပေး ပိုစတာများ ကိုင်ဆောင်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ထို့ပြင် လမ်းသွားလမ်းလာများနှင့် ဈေးဝယ်သူ၊ ဈေးရောင်းချသူ ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

နေထက်အောင်