တောပန်းကလေးများလည်း ပွင့်ကြစေ

၂၈ ဇန်နဝါရီ

 

အချင်းလက်မဝက်ဝန်းကျင် သစ်လုံးကလေးများ၊ ဝါးလုံးလေးများ စီတန်းထားသည့် တဲငယ်လေးတစ်လုံးအတွင်း ရိုးရှင်းလှသည့် ဘုရားစင်လေးတစ်ခုကို မြင်တွေ့ရသည်။ ဘုရား ရုပ်ပွားတော်၏အရှေ့ဝယ် စီတန်းထားသည့် ဆုတံဆိပ်များက ဘုရားသို့ကပ်လှူထားသည့် ပန်းပွင့်ကလေးများသဖွယ် စီတန်းလျက်ရှိသည်။ ဆုတံဆိပ်များ ဖုန်တက်နေသော်လည်း ဆုများ၏ရှေ့တွင် ထောင်ထားသည့် မဖွင့်ရသေးသော စာအိတ်ငယ်ကမူ အတော်ပင် သစ်လွင်နေသည်။ ၂၀၁၈- ၂၀၁၉ ပညာသင်နှစ် စတုတ္ထတန်း၏ လူမှုရေးဘာသာရပ်တွင် သွားလာရခက်ခဲပြီး အရောက်အပေါက်နည်းသော၊ အိမ်ခြေ ၁၀ဝ ဝန်းကျင်သာရှိပြီး စတုတ္ထတန်း ကျောင်းသူကျောင်းသား ၁၃ ဦးမျှသာရှိသော၊ အမိုးအကာအုတ်ပတ်လည်ဖြင့် လုံခြုံစွာ ကျောင်းတက်ရသည်မှာ တစ်နှစ်ခန့်သာရှိသေးသော၊ ကား လမ်းမရှိဘဲ ဆိုင်ကယ်များပင် တစ်စီးချင်းသာသွားလာနိုင်သည့်လမ်းရှိသော တပ်ကုန်းမြို့နယ် ကြပ်ကြီးရွာမှ ကျောင်းသူ မသင်းသင်းမာက မြို့ပေါ်မှ ကျောင်းသားကျောင်းသူများ အပါအဝင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၃၀ဝ ကျော်မှ ထူးချွန်ကျောင်းသား ၄၇ ဦးအနက် ပထမဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

 

“ကျောင်းမှာလည်း သူကစာတော်တယ်၊ သူ့ဘေးမှာ ဘယ်လောက်ဆူညံနေပါစေ၊ စာကျက်မပျက်ဘူး၊ ထူးချွန်ဖြေဆိုဖို့ သူ့ကိုကျောင်းမှာခေါ်ပြီး စာသင်ပေးတဲ့အခါ သူ့တူမလေးတွေ၊ တူလေးတွေကို ခေါ်ထားပြီး ကလေးထိန်းရင်းက စာကျက်ရတယ်၊ ကလေးတွေငိုသံ ဆူသံတွေကြားမှာ သူက အတော်လေး ကြိုးစားကျက်မှတ်ခဲ့တာ၊ သူပင်ပန်းပေမယ့် ကြိုးစားတဲ့အတွက် သင်ပေးရကျိုးလည်းနပ်ပါတယ်” ဟု ကြပ်ကြီးကျေးရွာ မူလတန်းကျောင်းမှ စတုတ္ထတန်းပြဆရာမ ဒေါ်အိဇာဖြိုးက ပြောပြသည်။

 

ပညာရေးဝန်ကြီးဌာနသည် ပညာသင်ယူရန် အခက်အခဲ ရှိသူများ၊ လိုအပ်ချက်ရှိသော ဒေသများကို ပိုမိုဖြည့်ဆည်း ပေးလျက်ရှိပြီး ကျောင်းနေမြဲရေး၊ ကျောင်းထွက်နှုန်းမြင့်နေ ခြင်းကို လျှော့ချရေး၊ စာသင်ခန်းနှင့် အခြေခံ အဆောက်အအုံများ ပိုမိုဖြည့်တင်းပေးရေးတို့ကို အလေးပေးဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။ ထို့ပြင် ကျောင်းနေအရွယ်ကလေးများ သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရန် ရည်ရွယ်လျက် ကျောင်း အဆင့်တိုးမြှင့်ခြင်းများတွင် ယခင်က ကျောင်းသားဦးရေ တစ်ခုတည်းကိုသာ မူတည်သတ်မှတ်ခဲ့သော်လည်း ယခုအခါ ခရီးအကွာအဝေးကိုပါမူတည်၍ ထည့်သွင်းသတ်မှတ်ပေးခဲ့သည်။

 

ထို့ကြောင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၃၃၂၀ ကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၅၁၀ဝ ကိုလည်းကောင်း ကျောင်းအဆင့်များ တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အစိုးရသက်တမ်း နှစ်နှစ် တာအတွင်း ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ ဖြေကြား ထားခဲ့သည်။

 

ထို့ကြောင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၃၃၂၀ ကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းပေါင်း ၅၁၀ဝ ကိုလည်းကောင်း ကျောင်းအဆင့်များ တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အစိုးရသက်တမ်း နှစ်နှစ် တာအတွင်း ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ ဖြေကြားထားခဲ့သည်။

 

ကျောင်းဆောင်သစ်လေးမှာ သစ်လွင်လှပပြီး မီးချောင်းများ၊ မီးကြိုးများကအစ အသစ်အတိုင်း မြင်ရသည်။ သို့သော် မီးမရရှိသေးဟု သိရသည်။ မီးကြိုးများသွယ်တန်းမှု ကုန်ကျစရိတ်ကို လျှော့ပေါ့ကာ ကျောင်းအိမ်သာလေး ဆောက်လုပ် ပေးခဲ့ပါက သိပ်အဆင်ပြေလိမ့်မည်ဟု ကျောင်းဆရာမတစ်ဦး ကလည်း ခပ်တိုးတိုးရေရွတ်သည်။ ကျောင်းအုပ်ကြီးအပါအဝင် ဆရာမ ခြောက်ဦးသာရှိသည့် အဆိုပါကျောင်းကလေးသည် ကျေးရွာ၏ အားကိုးအားထားပြုရာ နေရာလေးတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ဤကျောင်းလေးမှ ထူးချွန်ကျောင်းသူ ထွက်ပေါ်လာခြင်းသည် ပညာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော ကျောင်းနေအရွယ်ကလေးတိုင်း သင်ယူမှုအခွင့်အလမ်း မြင့်မားနိုင်စေရေးအတွက် များစွာအထောက်အကူဖြစ်စေခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးက ဆက်လက်ပြောကြားသည်။

 

ထူးချွန်ကျောင်းသူ မသင်းသင်းမာ၏ ဖခင်ဖြစ်သူက “စာကို ကြိုးစားသင်ယူဖို့ အမြဲဆုံးမတယ်၊ ကျွန်တော်က ခြေထောက် မသန်တော့ဘူးဆိုတော့ ကလေးရဲ့အမေက ပင်ပန်းပါတယ်၊ ကလေးက ငယ်ငယ်တည်းက စာတော်တယ်၊ စာကျက်တယ်၊ အိမ်စာလုပ်တယ်၊ ပြီးမှ တခြားအလုပ်တွေ ခိုင်းလို့ရတယ်၊ သူ့ကိုတော့ စာတော်တဲ့အတွက် အလုပ်တွေအများကြီးမခိုင်းဘူး၊ ပညာကိုကြိုးစားပြီးသင်ဖို့ တတ်နိုင်သလောက်တော့ အားပေး ပါတယ်၊ လာမယ့်နှစ်ကျရင်လည်း အခြားရွာက အလယ်တန်းကျောင်းကို ဆက်ပို့နိုင်အောင် ကြိုးစားမယ်၊ စက်ဘီးနဲ့ကျောင်း တက်နိုင်ဖို့အတွက် ကြိုးစားပြီးတော့ စုဆောင်းနေပါတယ်” ဟု ပြောသည်။

 

လက်လုပ်လက်စား မိခင်နှင့် မသန်စွမ်းသူ ဖခင်တို့၏ အားပေးမှု၊ အတန်းပိုင်ဆရာမ အပါအဝင် ကျောင်းမှ ဆရာမများ၏ ဝိုင်းဝန်းကြိုးပမ်းပေးခဲ့မှုတို့ကြောင့် မသင်းသင်းမာအနေဖြင့် တပ်ကုန်းမြို့ပေါ်သို့ သွားရောက်၍ ထူးချွန်စာမေးပွဲကို ဖြေဆို နိုင်ခဲ့သည်။ “တပ်ကုန်းကို နှစ်ခေါက်ရောက်ဖူးတယ်၊ ပထမ တစ်ခေါက်က ထူးချွန်ပြိုင်တုန်းက၊ နောက်တစ်ခေါက်က ဆု သွားယူတာ” ဟု မသင်းသင်းမာက မြို့ပေါ်ရောက်ခဲ့ဖူးသည့် အကြောင်းကို ပြောပြသည်။

 

မြို့ပေါ်တွင် ကလေးများ ကျောင်းသွားချိန် ကျောင်းရှေ့၊ အခန်းရှေ့တို့၌ မိဘများစောင့်ဆိုင်းနေကြသည်မှာ ထူးဆန်း သည့်မြင်ကွင်းတစ်ခု မဟုတ်သော်လည်း မသင်းသင်းမာ၏ မိခင်ဖြစ်သူအတွက် အတော်ပင် ထူးဆန်းလျက်ရှိကြောင်း၊ တူလေးများနှင့် တူမလေးများအား ထိန်းကျောင်းခိုင်းခြင်း၊ ရေခပ်ခိုင်းခြင်းနှင့် တစ်နိုင်တစ်ပိုင် သီးပင်၊ စားပင်များ စိုက်ပျိုး ရောင်းချရာတွင် ကူညီခိုင်းခြင်းများသည် ဤဒေသတွင် အရွယ်ရောက်သည့်ကလေးများနည်းတူ လုပ်ဆောင်ခိုင်းခြင်း ဖြစ်သဖြင့် ခိုင်းသည်ဟု မတွေးခဲ့ဖူးကြောင်း မသင်းသင်းမာ၏ မိခင်ဖြစ်သူက ပြောသည်။

 

ဒေသတွင်း၌ ပညာ့မီးအိမ် အမည်ဖြင့် ပညာရေးပရဟိတ လုပ်ဆောင်နေသည့်အဖွဲ့လေးမှ ကိုအဂ္ဂက “ဒီကျောင်းလေး အခုလို ဖွံ့ ဖြိုးလာတာ၊ အောင်မြင်လာတာကို တွေ့ရတာ အလွန်ဝမ်းသာတယ်၊ ကျွန်တော်တို့ တတ်နိုင်သလောက်နဲ့ ကျောင်းလေးကိုမြှင့်တင်ပေးခဲ့တာ လေးတိုင်စင်ဘဝကတည်း ကပဲ၊ နေရာကလည်း သွားလာရခက်ခဲတဲ့အတွက် သင်ယူ တတ်မြောက်တဲ့နှုန်းက တော်တော်လေးနည်းခဲ့တယ်၊ အပတ် စဉ်တိုင်း အတန်းထဲမှာ ပထမ၊ ဒုတိယ၊ တတိယဆိုပြီး အဆင့် အလိုက် ဆုတွေကို တတ်နိုင်သလောက် သွားပေးခဲ့တယ်၊ ဒီလိုနည်းနဲ့ စာသင်ကြဖို့ ဆွဲဆောင်ပေးခဲ့ရတာ၊ အခုလည်း မသင်းသင်းမာအတွက် အားလုံးဝိုင်းပြီးတော့ လှူဖြစ်တယ်၊ စာရေးစားပွဲနဲ့ခုံ၊ သူ့အတွက် ဆိုလာမီးသီးနဲ့ ဘက်ထရီ၊ အဝတ်အစား၊ အသုံးအဆောင်နဲ့ စာရေးကိရိယာတွေ အများကြီးပဲ၊ စာသင်ခုံလေးကိုတော့ အခြားကျောင်းသားတွေမြင်အောင် ပြထားတယ်၊ တော်တဲ့သူဆိုရင် ဆုရမယ်ဆိုတဲ့ အသိလေးကြောင့် ပိုပြီး ကျောင်းကိုစိတ်ဝင်စားလာအောင် ကြိုးစားတာပါ”ဟု ပြောကြားသည်။

 

မသင်းသင်းမာ၏ အိမ်ထရံထက်တွင် ချိတ်ဆွဲထားသည့် ထူးချွန်ဆု ဂုဏ်ပြုကတ်ပြားလေးများစွာသည် အတန်းအလိုက် ထူးချွန်စွာအောင်မြင်ခဲ့သည့် သက်သေများဖြစ်သကဲ့သို့ ဆက်လက် ပညာသင်ကြားခွင့်ရစေမည့် အထောက်အပံ့ကောင်း များလည်းဖြစ်သည်။

 

“သမီးကြီးလာရင်...” ဟုဆိုရင်း စကားဆက်၍မပြောဘဲ ရပ်တန့်သွားသည့် မသင်းသင်းမာက သူကြီးပြင်းလာပါက မည်သည့်အလုပ်အကိုင်ကို ဝါသနာပါသည်၊ လုပ်ကိုင်မည်ဟု စိတ်ကူးမျှော်လင့်ချက်လည်း ထားရကောင်းမှန်း မသိသေးသည်ကို မြင်တွေ့ရသည်။ ရိုးသားသည့် ကျေးလက်မှ ကလေး တစ်ဦး၏ ရည်မှန်းချက်၊ မျှော်လင့်ချက်များ ပေါ်ထွက်လာရေးသည် အလွန်အရေးကြီးကြောင်း တပ်ကုန်းမြို့နယ်အတွင်း ပညာရေးနှင့်သက်ဆိုင်သည့်လုပ်ငန်းများတွင် ဆောင်ရွက် ကူညီပေးနေသူ ကျောင်းဆရာ ကိုကျော်စိုးက ပြောသည်။
“မြို့ပေါ်မှာ ကလေးတွေကျောင်းသွားရင် မိဘတွေပါ လိုက်သွားကြတယ်၊ ကျွန်မတို့ ကျေးလက်မှာတော့ ကလေးတွေ ကျောင်းမှန်မှန်တက်အောင် ဆရာမတွေ၊ ဆရာတွေက ကလေးတွေရဲ့အိမ်အထိ လိုက်သွားကြတယ်၊ တကယ့်ကို ထူးချွန်ဖို့ ကြိုးစားနေတဲ့ ဝေးလံခေါင်သီတဲ့ကျေးလက်က ကလေးတွေ အများကြီးရှိပါတယ်၊ သူတို့တွေဟာ မိဘရဲ့အကူအညီလည်း မရနိုင်သလို ဆရာတွေဆိုရင်လည်း တော်တော်လေး နည်းတယ်၊ သင်ထောက်ကူပစ္စည်းဆိုတာလည်း ခက်ခဲတယ်၊ ပညာရဖို့ လမ်းပန်းဆက်သွယ်ရေးကလည်း မလွယ်ဘူး၊ မသင်းသင်းမာဆိုရင် နောက်နှစ် ပဉ္စမတန်းတက်ဖို့ နှစ်မိုင်လောက်ခရီးကို နေ့စဉ် အသွားအပြန် လေးမိုင် ခရီးနှင်ရမယ်၊ ဒါပေမယ့် ပညာရေးဆိုတော့ ကြိုးစားပြီးရှေ့ဆက်ဖို့၊ အတန်းကြီးသွားပေမယ့် ရွာကျောင်းလေးက ဆရာမတွေကို အဆက်အသွယ်မပြတ်ဘဲ လိုတဲ့အကူအညီတောင်းဖို့ အခုကတည်းက မှာနေရတယ်၊ ကျောင်းထွက်သွားမှာ၊ ခရီးမဆုံးမှာတော့ စိုးရိမ်မိတယ်” ဟု မသင်းသင်းမာ၏ အတန်းပိုင်ဆရာမလေး ဒေါ်အိဇာဖြိုးက ပြောသည်။

 

ကန်စွန်းဥများကို တူးနေရင်းက အပြုံးလေးတစ်ပွင့်ဖြင့် မသင်းသင်းမာက သတင်းအဖွဲ့ကို နှုတ်ဆက်သည်။ နေရောင်ခြည်သည် တဲရှေ့မှ ကန်စွန်းခင်းများကိုလည်းကောင်း၊ ဝါပင်များပေါ်သို့လည်းကောင်း၊ ဆရာမလေးများ၏ မျက်နှာများ ပေါ်သို့လည်းကောင်း ကျရောက်လျက်ရှိသည်။ နေလောင် ထားသဖြင့် အသားအရေ ညိုညက်ညက်ဖြစ်နေသော်လည်း မသင်းသင်းမာတို့ မိသားစုအားလုံးတွင် ရိုးသားသည့်မျက်နှာ များကိုမြင်တွေ့ရသည်။

 

လာမည့်နှစ်တွင်လည်း မသင်းသင်းမာ၏ဂုဏ်သတင်းကို ကြားရမည်မှာ သေချာပါသည်ဟု ဆရာမကပြောရာ မိဘ နှစ်ဦးစလုံးက ခိုင်မာသည့်အသွင် ခေါင်းတညိတ်ညိတ်ဖြင့် လက်ခံကြောင်းပြသည်ကို မသင်းသင်းမာ ငေးကြည့်နေသည်။ ကျေးလက်မှ ပန်းကလေးများကိုလည်း အစွမ်းကုန် ပွင့်စေလို ပါသည်။ ။

 

ခင်ရတနာ