တောရိပ် တောင်ရိပ် ရေရိပ်ဖြင့်

ဆူးငှက်


မင်းတုန်းမင်းသည် မန္တလေးမြို့တည် နန်းတည်ဖို့ ကြံဆောင်တော်မူလေသောအခါ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် တောင်သမန်နှင့် ဇောင်းကလောကန်၊ မြောက်ဘက်တွင် နန္ဒာကန်တို့ တည်ရှိပြီး အရှေ့ဘက် ရှမ်းရိုးမတောင်ကို နောက်ခံပြုပြီး တောင်မြောက် အလျား ခုနစ်မိုင်၊ အရှေ့အနောက် အနံ သုံးမိုင်ခန့် ကျယ်ဝန်းသော အောင်ပင်လယ်ကန်ကြီးတည်ရှိနေသည့် မန္တလေးခေါ် မန္တလေးတောင်ခြေရင်းက စည်မျက်နှာကဲ့သို့ ပြန့်ပြူးသောလွင်ပြင်နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


မြတ်စွာဘုရားဗျာဒိတ်ထားခဲ့သည်ဟု


တကယ်တော့ မန္တလေးနှင့် မန္တလေးတောင်သည် မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့သည်ဟုဆိုသည်နှင့် အညီ တင့်တယ်လိုက်ဖက်လွန်းလှသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းမှသည် ရိုးမတောင်ခြေအထိ ပြန့်ပြူးညီညာလှသော မြေပြင်ဝယ် မန္တလေးတောင်တော်သည် ထီးတည်းတည်ကာ မြေမှ စုန့်စုန့်တက်၏။ ထိုအခါ လှပကျယ်ပြောလှသောမြေပြင်အား ရှုမြင်ခံစားနိုင်ရန် မျှော်စင်ပမာတည်ရှိပြန်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၇၇၆ ပေ၊ တောင်ခြေမြေပြင် အထက် ပေ ၅ဝဝ မြင့်သော မန္တလေးတောင်ကို တောင်ကိုးလုံးပတ်ဝန်းရံ သည်ဟု ရှေးစာဆို၏။


တောင်ထိပ်ဆီမှ အရှေ့ဆီမျှော်ပြန်မူ ပြာရင့်မှိုင်းရိုးမက မြင်ကွင်းကို တားဆီးကန့်သတ်အံ့ငြား၊ ထူးထူးအံ့ဖွယ် ပုံသဏ္ဌာန်များဖြင့် ဗျိုင်းရယ်တောင်၊ ရေတံခွန်တောင်၊ ကျွဲနဖားတောင်တို့ကရင်သပ်ရှုမောစေ၏။ အနောက်ဆီ မျှော်ပြန်မူ မင်းဝံတောင်ရိုးသည် တငြိမ့်ငြိမ့်စီးဆင်းသော ခြေရင်းက ဧရာဝတီကို မမှိတ်မသုန် ရေကသိုဏ်းရှု နေပြန်သည်။ တောင်ဆီမှာမူ ဟိုမှုန်ပျပျ အဝေးရေရိပ်က တောင်သမန်ရွှေအင်းဖြစ်၏။ သည်မှာဘက်မူ မုနိဖောင်တော်ဆိုက်ကပ်ရာ တက်သေးအင်းဖြစ်သည်။ 


မြောက်ဆီမှာမူ မင်းရှင်စောလက်ထက်ကတည်းက ဆယ်ထားခဲ့သော နန္ဒာကန်တော်ကြီး တပြန့်တပြော နောက်ခံခပ်လှမ်းလှမ်းတွင် သခင်မတောင်တော်သည် တောင်စွယ်တောင်တန်းအစွန်းမှ ပြေလျှောနိမ့်ဆင်း လာ၏။ မလှမ်းမကမ်းမှာကမင်းညီနောင်၏ တောင်ပြုန်း 
စေတီတော်။

 

ာိည


 

တစ်မျက်နှာလျှင်တာပေါင်း ၆ဝဝ ဖြင့်


ထိုမြင်ကွင်းကား ရတနာပုံမင်းနေပြည် မတည်မီက တောရိပ်တောင်ရိပ်ရေရိပ်ဖြင့် အတိပြီးသော 
ရှုဖွယ်ရှုခင်းပေတည်း။ ၁၂၂ ၁ ခု အမရပူရမြောက် အရပ်သို့ ရွှေ့ပြောင်းကာ ရတနာပုံမင်းနေပြည် တည်ထောင်သောအခါတွင် မန္တလေးတောင်ခြေရင်းတွင် တစ်မျက်နှာလျှင် တာပေါင်း ၆ဝဝ ဖြင့် လေးထောင့်စပ်စပ် မင်းနေပြည် နန်းမြို့ကြီးကို ကျုံးမြို့ရိုး ပြအိုးအစုံအလင်ဖြင့် တင့်တယ်စွာ မြင်ရပြန်၏။ တောင်ခြေပတ်လည် ရှုပါဘိဦး...၊ မြို့တည်နန်းတည် ခုနစ်ဌာန အပါအဝင်ဖြစ်သော မဟာအတုလဝေယန် ကျောင်းတော်၊ မဟာလောကမာရဇိန်စေတီတော်၊ သုဓမ္မာဇရပ်တော်၊ သိမ်တော်၊ ပိဋကတ်တိုက်တော်တို့ သည်လည်း မြန်မာ့ဗိသုကာလက်စွမ်းပြလက်ရာများ ဖြင့် တစ်မျိုးတစ်ဘာသာစီမူကွဲကာထူးခြားစွာ ပေါ်ထွန်းလာတော့၏။ ထို့ပြင် နန်းမြို့ပတ်လည် အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင်တို့တွင်လည်း ရွှေမြို့တော်ကြီးကို ဝန်းပတ်တည်ကာ ပြလမ်းအသွယ်သွယ်၊ တည်းခိုဇရပ်၊ ရေတွင်းရေကန်များသာမက ပရိယတ်စာသင်တိုက်ကြီးများ ရာချီကာဆောက်လုပ် လှူဒါန်းတည်ထောင်ခဲ့ပြန်၏။ ထိုအခါတွင်မူ နဂိုမူလကပင် လှပတင့်တယ်လှသော မန္တလေးတောင်တော် ဝန်းကျင် မြေပြန့်လွင်ပြင်သည် အလှတွင် အယဉ်ဆင့်ကာ ရှုတင့်မဆုံး ရှိခဲ့လေတော့သည်။


ညနေစောင်းလျှင်ဖြင့် ဧရာဝတီမြစ်နှင့် အောင်ပင်လယ်ကန်တစ်ခို ကူးချည်သန်းချည် အပြန်အလှန် အိပ်တန်းဝင်မည့် ငှက်ကျေးသာရကာတို့က သံစုံကျူးရင့်ကာ ပျံဝဲနေကြပုံများကလည်း လွမ်းဆွတ်အံ့ဖွယ်ရာ တဲ့လေ။


အောင်ပင်လယ်ကန်ကြီးတွင် ကျေးငှက်သာရကာတို့ ကျက်စားပျော်မြူးကြပုံ


ထိုစဉ် ထိုကာလ အောင်ပင်လယ်ကန်သည် ပုခန်းမင်းသားကြီး၏ အောင်မြေသာစံအစချီတောင်လား ပတ်ပျိုးကြီးထဲက ...


ရွှေသွေးမျက်ခြည်၊ လေပြည်ယူသိမ်း၊ မြစိမ်းရောင်ညို့ညို့၊ မှိုင်းမို့မို့ ရေတဲ့ရေကန်သာ၊ ပဒုံရွှေကြာ အငုံဝေဆာ၊ ရဂုံတွေမှာ၊ ညိုးညိုးညင်းညင်း၊ ကြိုင်မွှေး မာလာပန်းစုံကသင်း ဟူသောစာသားလို လှပတင့်တယ် ပေလိမ့်မည်။

ထို့ပြင် အောင်ပင်လယ်ကန်ကြီးတွင် ကျေးငှက်သာရကာတို့ ကျက်စားပျော်မြူးကြပုံများကလည်း မြဝတီ မင်းကြီး၏ 'လောင်းပန်းဂမုန်းအင်လေတည့်မှ' အစချီ တောဘွဲ့ ပတ်ပျိုးကြီးထဲက ...


''မြရည်လေရေခင်း၊ ရွှေခပင်းငယ်မှာ ရွှေဟင်္သာ ကြွေးလှာရင့်ရင့်နှော၊ အလို ရွှေဟင်္သာ ... ဝေးကွာ တင့်တင့်စော...၊ ဥသြရွှေသာကာလေတည့်မှ တံကြောစုံမြိုင်ချာခေါက်ရှာငယ်ခေါ် ကျူးခြင်း၊ နွှဲကာ သာပျော်မြူးရင်း ...'' ဟူသော စာသားကဲ့သို့လည်း ဖြစ်ပေလိမ့်မည်။

 

ာိည


 

အောင်ပင်လယ်ကျောက်စာ


တကယ်တော့ အောင်ပင်လယ်ကန်နှင့် ကျေးငှက်သာရကာတို့၏ ဆက်စပ်မှုကား သည့်ထက်မကနက်နဲလှပါ၏။ ကျယ်ဝန်း လှပါ၏။ အဓိပ္ပာယ်ရှိပါ၏။ အမြော်အမြင် ကြီးမားလှပါ၏။ ဘိုးတော်ဘုရားရေးထိုးခဲ့သော အောင်ပင်လယ်ကျောက်စာကို မူရင်းသတ်ပုံအတိုင်း ဆက်လက်ဖတ်ရှုပါလေကုန်...။


''ဤကန်တော်အတွင်းနိမိတ်လေရပ် သတ်မှတ်သည်နှိုက် နေပျော်ပိုက်ကုန်သော ရေပိုးရေမွှား သား ငှက်တိရစ္ဆာန်တို့အား ဘေးမရှိစေဟု အာဏာထား တော်မူသည်ကား။ မန္တရေမည်သော ရွှေတောင်၏ ရှေ့ပြုဗ္ဗာစွန် ဖိုးတော်ကူကျောက်တိုင် ဖိုးတော်ကူမှ သည် တာနှစ်ထောင်ငါးရာအရှေ့မြောက် ရေထွက် ကျောက်တိုင်။ ရေထွက်ကျောက်တိုင်မှသည် တောင်ခြေရင် လျှောက် လျောက်ကောက် တစင်တာ နှစ်ထောင် ခုနှစ်ရာလေးဆယ်ခုနှစ်ပြန် အရှေ့တောင် ကျောက် ထရံကျောက်တိုင်၊ ကျောက်ထရံမှသည် တာတထောင် ခုနစ်ရာခုနစ်ဆယ် အနောက်တောင် ကန်ပိုင်ရိုလျောက် အနောက်မြောက် ပထမဆောက်သည် နိမိတ်သို့ ဆိုက်လေသော ပတ်ချုပ်ရိုရို တာမထိုးသော် ကိုးထောင်ခုနစ်ရာခြောက်ဆယ်လေ တာအပြန်ယှိသော နိမိတ် အတွင်း၌ နေကုန်သော ရေပိုးရေမွှား သားငှက်တိရစ္ဆာန်တို့အား ဘေးမဲ့ဖြစ်စေဟု နွယ်လယခင်ရက်နှင့် တူသော 
ဆန်သျှစ်ရက် သိန်လက်ကန်ဆည် ကြိုက်လတ်သော် ကြိုတိုင်တာ ဝါးချသည်နှင့် တစ်ပြိုင်နက် သူတော်သူကောင်း ဗောဓိလောင်းတို့ ကောင်းမှုပြုရာ ...'' ဟူ၏။

 

ာိည


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး


အလျား ခုနစ်မိုင်၊ အနံ သုံးမိုင်နီးပါးရှိ ကန်တော် ဧရိယာကြီးအတွင်း ရေပိုးရေမွှားမှအစ သားငှက်တိရစ္ဆာန်တို့အား ဘေးမဲ့ပေးရမတဲ့။ အဖမ်းအဆီး အပစ်အခတ် အသတ်အညှပ် မရှိစေရဘူးတဲ့။ တကယ်တော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိတ်ရင်းစေတနာသည် မြန်မာလူမျိုးတို့၏ မွေးရာပါစိတ်ရင်းကောင်း ဖြစ်သည်။ ဒါကြောင့်လည်းသက္ကရာဇ် ၁၂၂၁ ခု ကဆုန် လပြည့်ကျော် ၆ ရက်နေ့တွင် မြို့တည်နန်းတည် အောင်မြင်ခြင်းအထိမ်းအမှတ် မော်ကွန်းတင်နိုင်ခဲ့ သော မန္တလေးရတနာပုံ ရွှေမြို့တော်တွင် မိုးလင်း မိုးချုပ် ကျေးငှက်သာရကာ မျိုးမည်အစုံတို့ ကောင်းကင်ယံတွင် ဝဲပျံနေကြပုံက တောင်းချင်းဆက်မျှဟု ဆိုကြခြင်းဖြစ်မည်။ တောင်ရှိသည်၊ တောရှိသည်၊ မြစ်ချောင်းစိမ့်စမ်းနှင့်တကွ အင်းအိုင်ကန်သာ ပတ်လည် ဝိုင်းသည်။ ကြာမျိုးစုံအတင့်အတယ်မှအစ သစ်ပင် ဝါးပင် ဆူကြုံနိမ့်မြင့် ငယ်လတ်ကြီး အဖီးအခိုင် အလျှံ ပယ်မျှ ဖြိုးကြွယ်ဝခဲ့သည်။


သည်ဝန်းကျင်ကောင်းကို စိတ်နှလုံးဖြောင့်မှန် တည်ကြည်မှု ဓမ္မစက်ဖြင့် ထိန်းသိမ်းသကဲ့သို့၊ 'အာဏာ စက်' ဖြင့် ထိန်းကွပ်ရန် အစီအမံများကိုလည်း ကျောက်စာနိဂုံးတွင် ဖတ်ရှုရပါ၏။


တောရိပ်တောင်ရိပ်ရေရိပ်ဖြင့်အတိပြီးစေဖို့


''နိဂြောဓဇာတ် စသည်တို့နှိုက် ဘေးမဲ့ပေခြင်ကြွကေကြော်ခြင်တို့ကား ထိုမင်တို့ထံ သက်လျှာမျှသာတည် ငါတို့ဘဝ ရှင်မင်းတရားကြီးတော်မူကားတပ္ပက္ခိတိလေရပ်ကယ်သို့ ကမ္ဘာပတ်လုံမ် တည်ရစ်စေဟု ကြီးမြတ်သောကရုဏာတော်ဖြင့် ပိုင်းခြားတော်မူခယ့်သော အာဏာတော်စက်ကိုမသိမိုမှား ကျူလွန် မိငြားလေသည် ဖြစ်အံ့။ ကြီစွာသောဘေဒဏ်တို့သည် ပစ္စုပ္ပန်မျက်မှောံချက်ခြင်ရောက်လျက် စုတိအနန္တရီ ၍ နှိုက်ပယ်လေဘုမ်က တလုံမ်လဲလဲဆင်းရဲခံရရှာ လေသည်။ အဖြစ်ကိုထောက်ရှုတော်မူ ရုယ် ငါစိုက်ထူခဲ့သော နိမိတ်တော် ကျောက်တိုင်လေရပ်အတွင်းသို့ ရောက်လှာကုန်သော လူပျက်လူချော်လူသရော်တို့သည်လည်း ငါကဲ့ယ့်သိုလ့် နှလုံမ်နူးညံ့ကြစေဟုပါရမိသျှစ်တန် အဓိဌာန်ဖြင့် ကြည့်မှန် လေးစုကြေမုံလေရပ် ကျောက်လေချပ်၌ ထပ်ထပ်ထင်ထင် သိမြင်စိမ့်ငှာအက္ခရာမရိုင်းအာသံလှိုင်ရုယ့် သံပိုင်ရွှေစာထိုးသတေည်။'' (မူရင်းသတ်ပုံ) တောရိပ်တောင်ရိပ်ရေရိပ်ဖြင့် အတိပြီးစေဖို့က ဓမ္မစက်နှင့်မရပါက အာဏာစက်ကို သုံးစွဲရပေမည်။ အယုတ် အလတ် အမြတ်မရွေး ၊ ဥပဒေအထက် ဘယ် သူမှ မရှိစေရဟူသောတိကျခိုင်မာမှုမူနှင့် အညီပေါ့။

ကြေးမုံ