တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့

 

 

မေတ္တာမိုးနှင်း(ပဲခူး)

 

တော်သလင်းလ

 

တော်သလင်းလဟူသောအမည်ပညတ်တွင် ‘‘တော်” ဆိုသည်မှာ မြင့်မြတ်သည်။ အထွတ်အထိပ်ဖြစ်သည်။ အထက်ကောင်းကင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ‘‘သလင်း”ဆိုသည်မှာ သာလင်းမှလာ၍  သာယာထွန်းလင်းဟူသော အဓိပ္ပာယ်ရှိသည် ဟူ၍လည်းယူဆကြသည်။  အင်းဝခေတ်နှောင်းပိုင်းတွင် ‘‘သစ်ဆင်းလ” ဟူသော အသုံးအနှုန်းကို ပျို့ကဗျာများ၌ တွေ့ရပြန်သည်။ အချို့သောပညာရှင်များက သစ်ဖောင်ဝါးဖောင်များ စုန်ဆင်းသောလဟု အဓိပ္ပာယ် မှတ်ကြသည်။  စာဆိုဦးအောင်ကြီး၏ လူးတားတွင် တိုင်လေးစင်၏ ထိပ်ဖျားမှ ပိုက်ခင်းထားသော ရေပြင်ပေါ်သို့ ခုန်ဆင်းသည့် ပျော်ပွဲသဘင်ဟု ဖော်ပြထားသောကြောင့် ပန်းလုသဘင်၊ သစ်ဆင်းသောပွဲတော်ကို အစွဲပြု၍ သစ်ဆင်းလဟု ခေါ်ဆိုကြောင်း လေ့လာသိရှိရသည်။

 

တော်သလင်းလကို ရာသီအားဖြင့် ကန်ရာသီဟု ခေါ်ကြသည်။ ကန်ရာသီဆိုသည်မှာ ကညာဟုဆိုလို ခြင်းဖြစ်သည်။ ကညာဟူသည်ကား နှစ်သက်ခြင်း ဟူသော အဓိပ္ပာယ်ကိုလည်း ဆောင်သောကြောင့် ပါဠိသဒ္ဒါ၌ တောသဟုဆိုလိုပြီး တောသမှ တော် သလင်းသို့ ပြောင်းလဲလာခြင်းဖြစ်သည်ဟု လှေသင်း အတွင်းဝန်က  မိန့်ဆိုခဲ့သည်။  ‘‘သလင်း” သည် ‘‘ကြည်လင်သန့်ရှင်းခြင်း”ကို ရည်ညွှန်း၍‘‘တော်”မှာ အမြင့်အားရည်ညွှန်းသောကြောင့် ‘‘ မိုးကောင်း ကင်” ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ‘‘တော်သလင်း” ဆိုသည်မှာ ‘‘မိုးကောင်းကင်ကြည်လင် သာယာသည်” ဟူသော  အနက်အဓိပ္ပာယ်ကို ဆောင်သည်။  ထို့ကြောင့် နူးညံ့သိမ်မွေ့သော  ကန်ရာသီသည် ကညာရုပ်ဖြစ်သကဲ့သို့ တိမ်ကင်းစင် သောအချိန် ဖြူစင်သော‘‘ဗျိုင်းတာရာ”နက္ခတ်ဟုပမာပြုကြခြင်းပင် ဖြစ်ပေလိမ့်မည်။

 

‘‘တော်သလင်းမြစ်တွင်း သင်ဖြူးခင်း” ဆိုသည့်အတိုင်း  တော်သလင်းလတွင်  မိုးနည်းပါး၍ မြစ်ချောင်းများသည် သင်ဖြူးဖျာခင်းထားသကဲ့သို့ ရေပြင်လှိုင်းများ ငြိမ်သက်နေပေသည်။ ထို့ကြောင့် တော်သလင်းလတွင် မြန်မာ့ရိုးရာ ဖြစ်သော ရာသီဓလေ့ပွဲတော်ဖြစ်သည့်‘‘လှေပြိုင်ပွဲ”ကို ကျင်းပကြပေသည်။ ရှေးခေတ်လှေပြိုင်ပွဲများတွင်  ဘုရင်မင်း မြတ်ကိုယ်တိုင် လာရောက်ရှုစားသကဲ့သို့ ဆုလာဘ်တော်များလည်း ချီးမြှင့်လေ့ရှိပေသည်။ တော်သလင်းလသည် မိုးနှောင်းကာလ ဖြစ်သောကြောင့် တစ်ခါတစ်ရံ မိုးများသည်းထန်စွာ ရွာသွန်းတတ်ပေသည်။ ထို့ကြောင့် ‘‘တော်သလင်းမိုး၊ ကန်သင်းကျိုး” ဟူ၍ဆိုရိုးရှိခဲ့သည်။ ထမင်းဟင်းချက်ရန်ပင် ခက်ခဲ သည့် အကြောင်းကို ရှေးစာဆိုတို့က‘‘တော်သလင်း တိမ်ညို၊ စားဖိုသည်ဆင်းရဲ မိုးမစဲ”ဟု ရေးဖွဲ့ခဲ့ကြသည်။ တချို့နှစ်များတွင် ‘‘မိုးနှောင်းမကောင်း” သည့်အခါ မိုးရွာသွန်းမှုမရှိဘဲ နေပူရှိန်များတတ်သည်။ ထို့ကြောင့် ‘‘တော်သလင်းနေ၊ ပုစွန်သေ”ဟု ဆိုစမှတ်ပြုကြပြန်သည်။

 

တော်သလင်းလပြည့်

 

မြန်မာတို့၏  ဆယ့်နှစ်လရာသီစက်ဝန်း လည်ပတ်နေသည်နှင့်အမျှ လပြည့်၊ လကွယ်ရက်များသည်လည်း တစ်လှည့်စီ ဖြစ်ပေါ်နေသည်။ လရာသီတိုင်း၏ လပြည့်နေ့တိုင်းတွင် ပွဲတော်များ လည်း ပြုလုပ်ကြ၏။  လပြည့်နေ့တိုင်းသည်လည်း အခါတော်နေ့များပင်ဖြစ်ပေသည်။ တော်သလင်း လပြည့်နေ့သည် ‘‘ဂရုဓမ္မအခါတော်နေ့”ဖြစ်၏။ တစ်နည်းအားဖြင့် ဆိုသော် ဂရုဓမ္မတရားတော် ဖြစ်သော အလေးအမြတ်ထားသင့်သည့် တရားကို လိုက်နာကျင့်ကြံကြသောကြောင့် “ဂရုဓမ္မနေ့” သို့မဟုတ် ကုရုတိုင်းသူပြည်သားတို့ စောင့်ထိန်းသောတရားတော်ဖြစ်သောကြောင့် “ကုရုဓမ္မနေ့”ဟု လည်း ခေါ်ဆိုကြသည်။

 

ဂရုဓမ္မအခါတော်နေ့

 

မြတ်စွာဘုရားအလောင်းတော်သည် ကုရုတိုင်း အိန္ဒပဒ္ဒပြည်နယ်တွင် ကောရေဗျမင်းအဖြစ် စိုးစံတော်မူ၏။ ကာသိတိုင်း ဒန္တမာလပြည်နယ်တွင် လည်း အခြားမင်းတစ်ပါး စိုးစံတော်မူသည်။ ထိုကာသိတိုင်းတွင် မိုးခေါင်သောကြောင့် ကောက်ပဲသီးနှံများ မဖြစ်ထွန်း၊ ဆန်ရေစပါး ရှားပါး ကုန်၏။ စားစရာ ရှားပါးသဖြင့် အငတ်ဘေး၊ ရောဂါဘေးကပ်ဆိုက်ရောက်တော့သည်။ ထိုအခါ တိုင်းသူပြည်သားတို့က အော်ဟစ်ဆန္ဒပြလျက် ဘုရင့်နန်းတော်အဝသို့ ရောက်ခဲ့ကြ၏။ တိုင်းပြည်၏ အရေးသည် ရှင်ဘုရင်၏ အရေးဟုသာ မှတ်ယူထားကြသည်။ ရှင်ဘုရင်ကလည်း မိမိထက်အသက်ကြီးသော မှူးကြီးမတ်ရာများကိုခေါ်၍ အဘယ်သို့ ပြုလုပ်ရမည်ကို မေးမြန်း၏။

 

“အရှင်မင်းကြီး၊ တိုင်းပြည်တွင် မိုးရွာစေရန်အတွက် မင်းကြီးက အဓိဋ္ဌာန်ပြု၍ ကောင်းမှုဒါန ပြုပါ”ဟု လျှောက်တင်ကြသည်။ မင်းကြီးလည်း အလှူမဏ္ဍပ်တည်ဆောက်၍ ဒါနပြု၏။ သို့ပေမယ့် မိုးကားမရွာသွန်းခဲ့ချေ။ မှူးကြီးမတ်ရာတို့လည်း “အရှင်မင်းကြီး၊ ဤတိုင်းပြည်၌ မိုးရွာသွန်းရန်အတွက် သီလဆောက်တည်ပါဘုရား” ဟု လျှောက်တင်ပြန်၏။ မင်းကြီးလည်း ခုနစ်ရက်တိုင်တိုင် ဥပုသ်သီလစောင့်ထိန်းလေ၏။ သို့သော်လည်း မိုးကားရွာသွန်းခြင်း မရှိပြန်ပေ။ မှူးကြီးမတ်ရာတို့က နောက်တစ်မျိုး လျှောက်တင်ကြပြန်သည်။ ‘‘ အရှင် မင်းကြီး၊ တင့်တယ်သော ဖဲမွေ့ရာတွင် မအိပ်ဘဲ မြက်ခင်းမှာသာ ခုနစ်ရက်အဓိဋ္ဌာန်ပြု၍အိပ်ပါ” ဟု ဆို၏။ မင်းကြီးလည်း မြက်ဖျာပေါ်တွင် ခုနစ်ရက် အဓိဋ္ဌာန်ပြု၍ အိပ်စက်၏။ သို့သော် မိုးကား ရွာသွန်းခြင်း မရှိပြန်ပေ။ ထို့ကြောင့် မင်းကြီးလည်း မှူးမတ်များအား ထပ်မံ၍ အကြံတောင်းပြန်၏။ မှူးမတ်များက ‘‘အရှင်မင်းကြီး ကုရုတိုင်းမှ မင်းကြီးသည် မြို့၏ အရှေ့၊ အနောက်၊ တောင်မြောက်၊ မြို့အလယ်နှင့် နန်းတော်ထွက် တံခါးဝတို့တွင် မဏ္ဍပ်ကြီးခြောက်ခုပြုလုပ်၍ တစ်နေ့တစ်သိန်းကျ ဖြင့် ဆယ့်ငါးရက်တိုင်တိုင် အလှူပြု၏၊ ထိုအခါ ဆင်ဖြူတော်သည် ထိုတိုင်းသို့ ရောက်ရှိလာခဲ့ပါ သည်။ ထိုဆင်ဖြူတော်ကြောင့် တိုင်းပြည်ဝပြော သာယာခြင်းဖြစ်၏၊ ထိုဆင်ဖြူတော်ကို အလှူခံမှ ဖြစ်မည်”ဟု လျှောက်ထားပြန်သည်။ မင်းကြီးလည်း ဆင်ဖြူတော်ကို သွားရောက်အလှူခံစေ၏။ ဘုရား လောင်း ကော‌‌ရေဗျမင်းက ဆင်ဖြူတော်အား ရွှေခရားနှင့် ပန်းရောထည့်ကာ ရေစက်ချလှူဒါန်း ပေးလိုက်သည်။ ဆင်ဖြူတော် ရောက်ရှိသော်လည်း မိုးကားမရွာသွန်းချေ။ ထိုအခါ မင်းကြီးက မှူးမတ်များအား ကုရုတိုင်းသို့ စေလွှတ်၍ တိုင်းသူပြည်သားများ မည်သို့နေထိုင်ပြုမူကြသည်ကို စစ်တမ်းကောက်ယူစေသည်။ ဤသို့ဖြင့် ဘုရားလောင်း ကောရေဗျမင်း၊ မိဖုရား၊ ဝန်မင်းကြီး၊ အမတ်ကြီး၊ ပုဏ္ဏား၊ စစ်သည်ရဲမက်၊ သူဌေးသူကြွယ်၊ သူဆင်းရဲ၊ ဆင်ထိန်းမြင်းထိန်း၊ ပြည့်တန်ဆာမ စသည့် လူတန်းစား ဆယ့်တစ်မျိုးကို စစ်တမ်းကောက်ရာ တစ်ဦးတစ်ယောက်တိုင်း၌ ဆောက်တည်အပ်သော တစ်ပါးသီလမြဲမြံကြ၏။ အားလုံးသော သူတို့စောင့်ထိန်းသော သီလတော်တို့အား ခြုံငုံ၍ရွှေပေလွှာနှင့် ရေးသားရာ သူ့အသက်မသတ်ခြင်း၊ သူ့ဥစ္စာမခိုးယူခြင်း၊ သူတစ်ပါးအား လိမ်လည်၍ မပြောဆိုခြင်း၊ သူတစ်ပါးသားမယားကို မပြစ်မှားခြင်း၊ အမှားများစွာကို ဖြစ်စေတတ်သော အရက်သေစာမသောက်စားခြင်းဟူသော သီလငါးပါးသာ ရရှိလေသည်။ ထိုပေလွှာအား ကာသိတိုင်းမှ မင်းကြီးအားဆက်သရာ တိုင်းသူပြည်သားတို့အား ငါးပါးသီလ စောင့်ထိန်းရန် အမိန့်တော်ချမှတ် လိုက်တော့သည်။ ကပ်ဘေးဒုက္ခကို ကြောက်ရွံ့သောကြောင့် ပြည်သူ ပြည်သားအပေါင်းတို့သည် ငါးပါးသီလကို စောင့်ထိန်းကြရာ တိုင်းပြည်သည် သာယာဝပြော၍ ကပ်ဘေးအန္တရာယ်လည်း ကင်းလွတ်လေတော့သည်။

 

ထို့ကြောင့် ငါးပါးသီလ အကျင့်မြတ်ကို ဘုရားလောင်းကောရေဗျမင်းမှ ရွှေပေလွှာဖြင့် ရေးသား၍ ပေးလိုက်သော တော်သလင်းလပြည့်နေ့ကို‘‘ဂရုဓမ္မနေ့” သို့မဟုတ် ကုရုတိုင်းကို ကိုယ်စားပြု၍ ‘‘ ကုရုဓမ္မနေ့”ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

 

တစ်ပါးသီလမျှစောင့်တည်ပါ

 

စာရေးသူတို့ ဗုဒ္ဓဘာသာလူမျိုးတိုင်း သီလမြဲမြံရန် အလွန်အရေးကြီး​ပါသည်။ ငါးပါးသီလ အားလုံးကို မြဲမြံရမည်ဟု မဆိုလိုပေ။ ဗုဒ္ဓဘာသာ ဝင်တိုင်း သြကာသကန်တော့ချိုးနှင့် ပူဇော်၍ ငါးပါး သီလကို နေ့စဉ်ရွတ်ဆိုကြပေလိမ့်မည်။ မိရိုးဖလာ အဖြစ်သော်လည်းကောင်း၊ လာဘ်လာဘမျှော်ကိုး၍ သော်လည်းကောင်း၊ ဘေးအန္တရာယ်ကင်းရှင်းရန် အတွက်သော်လည်းကောင်း အမျိုးမျိုး ရှိကြပေမည်။ သို့သော် မိမိ၏နှုတ်မှရွတ်ဆို၍ မြတ်စွာဘုရားထံ တိုင်တည်ခဲ့သော သီလငါးပါးထဲမှ အနည်းဆုံး တစ်ပါးပါးကို လုံခြုံအောင် ထိန်းသိမ်းသင့်ပေသည်။

 

လူတိုင်း လူတိုင်း မိမိထိန်းသိမ်းနိုင်သော သီလတစ်ပါးကို မြဲမြံအောင် စောင့်ထိန်းပါက တစ်ပါးသီလအတွက် ကျရောက်မည့် ဘေးအန္တရာယ် ရှိတော့မည် မဟုတ်ချေ။ တစ်ဦးတစ်ယောက်မှစ၍ လူတိုင်းနီးပါး တစ်ပါးတည်းဟူသော သီလကို စောင့်ထိန်းခြင်းအားဖြင့် စာရေးသူတို့အတွက် ကပ်ဘေးဆိုသည်ကို တွေးကြောက် နေစရာလိုတော့ မည် မဟုတ်ချေ။ ကပ်ဘေးသည် ဝေးနိုင်သမျှ ဝေးအောင် ရှောင်ပြေးသွားမည်သာဖြစ်၏။ ငွေနှင့် မဝယ်ရတိုင်း အလကား ရနေသော အကုသိုလ်ကို ရှောင်ရှားခြင်းဖြင့် တစ်ပါးသီလမျှသာ စောင့်ထိန်း နိုင်ရန်ကြိုးစားသင့်ပေသည်။ သို့မှသာ သာသနာရောင်ဝါ ထွန်းလင်း၍ ငြိမ်းချမ်းသော ရွှေမြန်မာပြည် အဖြစ် ရပ်တည်နိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပေ တော့မည်။ ။