တေးဂီတဇယားတွေကို ဦးဆောင်နေတဲ့ BIG BANG ရဲ့ တေးသီချင်းအသစ်

၁၆ မတ်

 


အဖွဲ့ဝင် ငါးဦးအနက် လေးဦး စစ်မှုထမ်းဆောင်နေတဲ့ တောင်ကိုရီးယားရဲ့ နာမည်ကျော် တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BIG BANG ဟာ အဖွဲ့ဝင်တွေ စစ်မှုထမ်းဆောင်နေစဉ်မှာပင် တေးသီချင်းသစ်တစ်ပုဒ်ကို ပရိသတ်ဆီအရောက်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ ယင်းတေးသီချင်းမှာတော့ အဖွဲ့ဝင်တွေအားလုံး ပါဝင်ထားတာဖြစ်ပြီး တေးသီချင်းထုတ်လွှင့်သွားမယ့်အကြောင်းကိုတော့ ကြိုတင်ထုတ်ဖော် ပြောကြားထားခြင်းမရှိဘဲ ရုတ်တရက်ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

 


ပြီးခဲ့တဲ့ မတ် ၁၃ ရက်မှာ အဖွဲ့ရဲ့လေးယောက်မြောက် စစ်မှုထမ်းဆောင်သူဖြစ်တဲ့ ဒေဆန်းဟာ စစ်မှုထမ်းရက်တွေကို စတင်ခဲ့တာဖြစ်ပြီး ယင်းနေ့မှာပင် အဖွဲ့ရဲ့တေးသီချင်းသစ်ဖြစ်တဲ့ Flower Road ကို စတင်ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ယင်းတေးသီချင်းကိုတော့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ G-Dragon နဲ့ အဖွဲ့ဝင်တွေအနက် အသက်အကြီးဆုံးဖြစ်တဲ့ T.O.Pတို့ တွဲဖက်ရေးသားထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဖွဲ့ဝင်တွေအနကT.O.Pသည်၊ G-Dragon တေးယန်နဲ့ ဒေဆန်းတို့လေးဦး စစ်မှုထမ်းဆောင်နေတာ ဖြစ်ပါတယ်။

 


“Flkower Road” ဟာ စတင်ထုတ်လွှင့်စဉ်မှာပင် ပရိသတ်တွေကို အထူးဆွဲဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ စတင်ထုတ်လွှင့်ခဲ ့ပြီးနောက် ၂၄ နာရီအတွင်းမှာ ယင်းတေးသီချင်းဟာ ဒေသတွင်းက တေးဂီတဝဘ်ဆိုဒ်တွေပေါ်မှာ ထိပ်ဆုံးမှာ နေရာရနေခဲ့ပါတယ်။ ယင်းတေးသီချင်းဟာ BIG BANGက ပရိသတ်တွေဆီကို ပေးပို့လိုတဲ့သတင်းစကားတွေလည်းပါဝင်နေတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ကာ သံစဉ်ချိုတဲ့ တေးသီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ယင်းတေးသီချင်းဟာ လတ်တလောမှာတော့ ဒေသတွင်း တေးဂီတဝဘ်ဆိုဒ်တွေဖြစ်ကြတဲ့ မယ်လွန်၊ အမ်နက်၊ ဘက်ဂ်၊ နဲဗားအစရှိတဲ့ ဝဘ်ဆိုဒ်တွေရဲ့ တေးဂီတဇယားတွေကို ဦးဆောင်ထားနိုင်ကြောင်းလည်း သိရပါတယ်။ ယင်းတေးသီချင်းမှာတော့ အဖွဲ့ဝင်တွေကသူတို့ဟာ ပန်းတွေပွင့်တဲ့အချိန် ပရိသတ်ရှေ့ အရောက်ပြန်လာမှာဖြစ်ကြောင်း သတင်းစကားပါးထားတယ်လို့လည်း သိရပါတယ်။

 


ဒေသတွင်းမှာ အောင်မြင်မှုရရှိခဲ့တဲ့ “Flower Road” ဟာ ကမ္ဘာတစ်ဝန်းမှာ ထုတ်လွှင့်ခဲ့ရာမှာလည်း နိုင်ငံပေါင်း ၂၈ နိုင်ငံမှာရှိတဲ့ တေးဂီတဇယားတွေကို ဦးဆောင်ထားနိုင်ခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ မတ်၁၅ ရက်က တရုတ်နိုင်ငံမှာ စတင်ထုတ်လွှင့်ခဲ့ရာမှာ တေးဂီတဝက်ဘ်ဆိုက်တွေမှာ နံပါတ်တစ်နေရာကို ရယူထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါတေးသီချင်းဟာ တရုတ်နိုင်ငံမှာ အွန်လိုင်းပေါ်ကနေတစ်ဆင့် ကြည့်ရှုသူပရိသတ် သန်း ၄၀ဝ ကျော်ရှိခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

 


အလားတူ ဂျပန်နိုင်ငံမှာ ထုတ်လွှင့်ခဲ့ရာမှာလည်း တေးဂီတဇယားတွေကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ကျင်းပခဲ့တဲ့ “BIG BANG” ရဲ့ဖျော်ဖြေပွဲ “BIG BANG Japan Dome Tour 2017-Last Dance”ရဲ့ ဒီဗွီဒီဟာလည်း လတ်တလောမှာတော့ ဂျပန်နိုင်ငံမှာ ရောင်းအား အကောင်းဆုံးသော ဒီဗွီဒီအဖြစ် ရပ်တည်နေကြောင်းလည်း သိရပါတယ်။