တေးသံရှင် ၁၆ ဦး ပါဝင်သီဆိုထားသော ''17 Feeling'' တေးစီးရီးထွက်ရှိမည်

ရန်ကုန် ၁၅ မတ်

 

အဲရစ်သုတ ဦးစီးစီစဉ်သော ''17 Feeling'' ဒီဗီဒီကာရာအိုကေ သီချင်းခွေတွင် တေးသံရှင် ၁၆ ဦး ပါဝင်သီဆိုထားပြီး မတ် ၂၅ ရက်တွင် မန်းသီရိ တေးသံသွင်းမှ ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

 

''Master Rock Music Band နဲ့အတူ ဇော်ကိုက အောင်ထက်နဲ့ Rဇာနည်ကို အကူအညီ တောင်းပြီးတော့ ထည့်တယ်။ သူတို့တွေ ကိုယ့်ညီအစ်ကို အရင်းတွေလို ကူညီပေးကြ ပါတယ်။ ဒါကြောင့် ဒီအခွေလေး ဖြစ်လာတယ်။ ကျွန်တော်ရဲ့ ဒီသီချင်းခွေကို အချိန် ၆ လ ယူပြီး လုပ်ကိုင်ခဲ့ ပါတယ်။ ကျွန်တော်က ဒီသီချင်းခွေမှာ သီချင်းနှစ်ပုဒ် ဆိုထားပါတယ်''ဟု ၎င်းခွေစီစဉ်သူ တေးသံရှင် အဲရစ် သုတက ပြောသည်။

 

၎င်းသီချင်းခွေတွင် တေးသံရှင်များ အဖြစ် Rဇာနည်၊ အဲရစ်သုတ၊ အောင်ထက်၊ နန်းမြတ်သန္တာကို၊ နေခြည်၊ ဇော်ကို၊ ဂျွန်ဟိန်း၊ မင်းဇေယျ၊ ခင်သစ္စာ၊ မေနှင်းဆီ၊ လင်းထက်၊ ဂျန်ဂျန်၊ မြူရှင်၊ ရာမ၊ ယွန်းနဒီအောင်နှင့် ဆူးအိမ်ဇင်တို့၏ သီချင်း ၁၇ ပုဒ်ပါဝင်ပြီး တေးရေးဆရာ ဖိုးတု၊ သာဒီးလူ၊ အေးမင်း၊ ဇွဲနောင်၊ ဇွဲလှိုင်ထူး၊ ဂျွန်ဟိန်း၊ ဇော်ကို၊ လင်းထက်၊ အောင်ဆုပြည့်၊ အောင်ထက်၊ မင်းဇေယျ၊ မြတ်ဈာန်အောင်၊ မေကြည်၊ နန်းမြတ်သန္တာကို၊ ဒိုဒိုးနှင့် ဂျဲလေးတို့က ရေးသားထား ကြသည်။

 

''17 Feeling'' သီချင်းခွေ ပရိုမိုရှင်းပွဲကို မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ထူးထူးခြားခြား အစီအစဉ်များ၊ ဖျော်ဖြေရေးပွဲများအပြင် ပထမဆုံး အခွေဝယ်ယူသူ အယောက် ၁၀ဝ အား တစ်ခွေလျှင် ကျပ် ၅၀ဝ၀ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး အခွေထဲတွင် မတ် ၂၆ ရက်၌ ကျင်းပမည့် Night Party ပွဲတက်ခွင့်လက်မှတ်များ ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

ကိုလင်း