တီးတိန်မြို့ ရှောင်စောန်းစံပြကျေးရွာရှိ ချင်းရိုးရာနေအိမ်နှင့် လူနေမှုဘဝများ ပြသထားသည့် ဥယျာဉ် ပြည်တွင်း ပြည်ပမှ လေ့လာသူများပြား

တီးတိန်    ၅  ဇွန် 

 
  
ချင်းပြည်နယ်(မြောက်ပိုင်း) တီးတိန်မြို့မှ နှစ်မိုင်ခန့်အကွာတွင် တည်ထောင်ထားသည့် ရှောင်စောန်းစံပြ ကျေးရွာရှိ ချင်းရိုးရာနေအိမ်နှင့် ချင်းတိုင်းရင်းသားတို့၏ လူနေမှုဘဝအား ပြသထားသည့်ဥယျာဉ်သို့ ပြည်တွင်း ပြည်ပမှ လာရောက်လေ့လာသူဦးရေ နှစ်စဉ် ၅၀ဝ ဦးခန့်ရှိနေပြီး စိတ်ဝင်စားလေ့လာသူ ပိုမိုများပြားလာကြောင်း ပေါင်ကျင့်ဟောက်ပါရှန်း ရှောင်စောန်းအသင်းတော်မှ သိရသည်။

 

 

အဆိုပါ ကျေးရွာကို  ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းအိမ်ခြေ ၆၀ နေထိုင်ကြကာ လာရောက်လည်ပတ်သူများ လေ့လာနိုင်ရန် ချင်းရိုးရာလူနေထိုင်မှုဘဝမှ နေ့စဉ်အသုံးပြုလေ့ရှိသည့်ပစ္စည်းများ စုံလင်စွာထည့်သွင်းထားသည့် ရိုးရာအိမ်တစ်လုံးကိုလည်း တည်ဆောက်ထားကြောင်း သိရသည်။

 

 

 “ ဒီရှောင်စောန်းစံပြကျေးရွာဥယျာဉ်မှာ လာရောက်လေ့လာသူတွေကို ကျွန်တော်တို့ ချင်းလူမျိုးဘိုးဘွားတွေ ဘယ်လိုနေထိုင်ခဲ့ကြတယ်ဆိုတာ ပြသနိုင်ဖို့ ရိုးရာပစ္စည်းတွေ အစုံအလင်ထည့်သွင်းပြီး ရှေးခေတ် အိမ်တွေပုံစံအတိုင်း ဆောက်လုပ်ထားပါတယ်။ ဒီရိုးရာအိမ်တွေကို ပေါင်ကျင့်ဟောက်ပါရှန်း ရှောင်စောန်း အသင်းတော်ကပဲ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ဒီကိုလာလည်တဲ့ ဧည့်သည်တွေ လေ့လာနိုင်ဖို့ လုပ်ထားတာပါ။ လာရောက်ကြတဲ့ဧည့်သည်တွေကို အသင်းတော်ရဲ့ အမှုတော်ဆောင်တွေက  လိုက်လံရှင်းပြပေးပါတယ်။ ဝင်ကြေးကောက်ခံတာတွေမရှိပါဘူး။ နှစ်စဉ်လာရောက်လေ့လာသူ ပျမ်းမျှ အယောက် ၅၀ဝ လောက်ရှိပါတယ်။ ပြည်တွင်းအနယ်နယ်အရပ်ရပ်ကလာတဲ့သူနဲ့ ပြည်ပ နိုင်ငံခြားသားတွေ များတယ်။ ဒီရွာမှာ စုစုပေါင်း အိမ်ခြေ ၆၀ ကျော်လောက်ပဲရှိပါတယ်။ အားလုံးက ပေါင်ကျင့်ဟောက်ပါရှန်း ရှောင်စောန်းဘာသာကို ယုံကြည်ကိုးကွယ်သူများဖြစ်ကြပါတယ်”ဟု ပေါင်ကျင့်ဟောက်ပါရှန်း ရှောင်စောန်း အသင်းတော်အမှုဆောင် ဒိမ်းဆွင်းပေါင်ကပြောသည်။

 

 

ရှောင်စောန်းစံပြကျေးရွာ၏ ထူးခြားချက်မှာ ဗြိတိသျှကိုလိုနီ လက်ထက်မတိုင်မီက တီးတိန်မြို့မှ ချင်းစာပေ (ZotualLai) တီထွင်သူတစ်ဦးဖြစ်သည့် ပေါင်ကျင့်ဟောက်၏ ဘာသာရေးကို ယုံကြည်သက်ဝင်သူများ နေထိုင်ကြကြောင်း၊ ပေါင်ကျင့်ဟောက်အား ယင်း၏စာပေတီထွင်မှုနှင့် ဘာသာရေးအတွက် အိန္ဒိယဘုရင်ခံချုပ် Sr.Chemsfort က  ၁၉၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စာပေတီထွင်သူနှင့် တမန်တော်မြတ်ကြီးအဖြစ် အသိအမှတ်ပြုဂုဏ်ပြုစလွယ်ချီးမြှင့်ခဲ့ကြောင်း၊ ရှောင်စောန်းစံပြကျေးရွာတွင် ရိုးရာအိမ်အပြင် ရိုးရာ ရက်ကန်းလုပ်ငန်း၊ ရိုးရာဝတ်စုံများ ပြောင်းလဲလာမှုအား အဆင့်ဆင့် ပြသထားသည့်ပြခန်းများလည်းရှိပြီး ပေါင်ကျင့်ဟောက်ပါရှန်း ရှောင်စောန်းဘာသာရေးအရ ဝတ်ပြုဆုတောင်းမှုများကို စိတ်ဝင်တစား လေ့လာ သူများလည်းရှိကြကြောင်း သိရသည်။

 

 

နေစု(ချင်းရိုးမ)