တီးတိန်မြို့နယ်၌ စနိုက်ပါမှန်ပြောင်း ရှစ်ခု သိမ်းဆည်းရမိ

နေပြည်တော်  ၁၆  စက်တင်ဘာ

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ စက်တင်ဘာလ ၁၅ ရက်က စနိုက်ပါမှန်ပြောင်း ရှစ်ခုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါစစ်ဆေးရေးဂိတ်၌ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်က ခိုင်ကမ်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တီးတိန် မြို့ဘက်မှ ကလေးမြို့ဘက်သို့ တီးတိန်-ကလေးကားလမ်းအတိုင်း တပ်ခွာလ်ကျေးရွာနေ ဆွင်းခန့်မုန်(၂၆)နှစ် မောင်းနှင်ပြီး ဆွောင်းပီးကျေးရွာနေ ထန်လျန်းတွောင်(၁၉)နှစ် လိုက်ပါလာသော ဆိုင်ကယ်အား စစ်ဆေးစဉ် ဆိုင်ကယ်ပေါ်ရှိ အိတ်အတွင်းမှ စနိုက်ပါမှန်ပြောင်း ရှစ်ခုအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း၊

 

အဆိုပါစနိုက်ပါ မှန်ပြောင်းများမှာ လွန်ခဲ့သော ၂ လခန့်က ကလေး-တီးတိန်-ရိဒ်ကားလမ်း တပ်ခွာလ်ကျေးရွာနှင့် ခွမ်နွဲ့ကျေးရွာကြားသို့ ငှက်ထောင်သွားစဉ် တွေ့ရှိသဖြင့် ယူဆောင်လာခြင်းဖြစ်ပြီး ကလေးမြို့သို့ သွားရောက်ရောင်းချရန် ယူဆောင်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းသိရှိရ၍ ဆွင်းခန့်မုန်နှင့် ထန်လျန်းတွောင်တို့ ၂ ဦးအား ခိုင်ကမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)