တီးတိန်နှင့် တွန်းဇံမြို့နယ်ရှိ ဝင်ငွေနည်းပါး၍ မွေးမြူရေးစိတ်ပါဝင်စားသော အိမ်ထောင်စု ၆၀ အား မွေးမြူရေးဝက်တစ်ကောင်နှုန်း ထောက်ပံ့

ဟားခါး   ဇန်နဝါရီ   ၂၂

ချင်းပြည်နယ်၌ မူးယစ်ဆေးဝါး လျော့နည်းပပျောက်စေရေးစေအတွက် ပြည်နယ်အစိုးရအဖွဲ့ ငွေလုံး ငွေရင်း ရန်ပုံငွေ ကျပ် သိန်း ၆၀ ဖြင့် တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ မွေးမြူရေး စိတ်ပါဝင်စားသော အိမ်ထောင်စု ၆၀ အား အိမ်ထောင်စု တစ်စုလျှင် မွေးမြူရေးဝက် တစ်ကောင်နှုန်းဖြင့် ဝက်အကောင် ၆၀ ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ မွေးမြူရေးဝက်များကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ တာဝန်ခံများနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံတို့က ဝင်ငွေနည်းပါးပြီး မွေးမြူရေး စိတ်ဝင်စားသည့် အိမ်ထောင်စုများကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး တီးတိန်မြို့နယ်၊ ဟောက်ပီးကျေးရွာ အုပ်စု၊ တွောင်ဒုံကျေးရွာ၌ အိမ်ထောင်စု ၃၀ အတွက် ကျပ်သိန်း ၃၀ တန်ဖိုးရှိ ဝက်ထီး သုံးကောင်နှင့် ဝက်မ ၂၇ ကောင် စုစုပေါင်း အကောင် ၃၀ အား ဇန်နဝါရီ ၃ ရက်တွင် လည်းကောင်း၊ တွန်းဇံမြို့နယ် ဂမ်ပုမ်းကျေးရွာအုပ်စု၊ ဘွောင်မွာလ်ကျေးရွာ၌ အိမ်ထောင်စု ၃၀ အတွက် ကျပ်သိန်း ၃၀ တန်ဖိုးရှိ ဝက်ထီး ၁၂ ကောင်နှင့် ဝက်မ ၁၈ ကောင် စုစုပေါင်း အကောင် ၃၀ အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် လည်းကောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ခံများက သက်ဆိုင်ရာ အိမ်ထောင်စုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်တက်လမ်း