တိုက်စစ်မှူး မက်ဆီ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့

အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းဆီ နှစ်နှစ်သက်တမ်းရှိ စာချုပ် တစ်ရပ် ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။

စာချုပ်သစ်ချုပ်ဆိုဖို့ အခက်အခဲရှိခဲ့ ယခုချုပ်ဆိုလိုက်တဲ့စာချုပ်အရ တိုက်စစ်မှူး မက်ဆီဟာ စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ ပီအက်စ်ဂျီအသင်း၌ နောက်ထပ်တစ်နှစ် ထပ်မံကစားနိုင်မယ့်အခွင့်အရေး တစ်ရပ်လည်း ပါရှိနေတယ်လို့ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိ တိုက်စစ်မှူး မက်ဆီဟာ စပိန် လာလီဂါရဲ့ ဘဏ္ဍာရေးစည်းမျဉ်းအောက်မှာ စာချုပ်သစ်ချုပ်ဆိုဖို့ အခက်အခဲရှိခဲ့တာကြောင့် ဘာစီလိုနာ အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

နည်းပြပိုချက်တီနိုရဲ့ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပြင်သစ်ပထမတန်း ဖလားပြိုင်ပွဲ မှာ အမှတ်ပေးဇယား ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာကြောင့် တိုက်စစ်ပိုင်းမှာ နေမာ၊ အမ်ဘတ်ပီ၊  မက်ဆီ စတဲ့ တိုက်စစ်အတွဲကို အသုံးပြုဖို့အတွက် တိုက်စစ်မှူး မက်ဆီကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူး မက်ဆီဟာ အသက် ၁၃ နှစ်အရွယ်ကတည်းက ဘာစီလိုနာအသင်းဆီ ရောက်ရှိခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၇၇၈ ပွဲ ပါဝင်ကစားခဲ့ရာမှာ သွင်းဂိုးစုစုပေါင်း ၆၇၂ ဂိုးအထိ စံချိန်တင် သွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းမှာရှိနေစဉ် ကမ္ဘာ့အကောင်းဆုံးကစားသမားကို ပေးအပ်ချီးမြှင့်တဲ့ ဘလွန်းဒီအာဆုကိုလည်း ရယူဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ နယ်သာလန်ကွင်းလယ်ကစားသမား ဝစ်ဂျဲနယ်ဒမ်၊ စပိန် နောက်တန်းကစားသမား ဆာဂျီယိုရာမို့စ်နဲ့ အီတလီဂိုးသမား ဒွန်နာရမ်မာတို့ကို စာချုပ်ချုပ်ဆို ခေါ်ယူ ခဲ့ပြီးဖြစ်တာကြောင့် တိုက်စစ်မှူးမက်ဆီဟာ ဘာစီလိုနာအသင်းအတွက် အခုအပြောင်းအရွှေ့အတွင်း ခေါ်ယူခဲ့တဲ့ လေးဦးမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ငွေကြယ်