တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များ   ပူးပေါင်းဆောင်ရွက်နိုင်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   နိုဝင်ဘာ   ၂၅
    
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသား ရေးရာကိစ္စရပ်များ   ပူးပေါင်းဆောင်ရွက်နိုင်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့၊ နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကျင်းပသည်။ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊  တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တာဝန်ရှိ သူများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
    
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”(တတိယ)အကြိမ် ပွဲတော်ကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ MRTV ၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၁၁)ရက်မှ (၁၅)ရက်အထိ တိုင်းရင်းသားများ၏ အဆို၊ အက ဖျော်ဖြေမှုများဖြင့် ကျင်းပ ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပေါင်းစပ် ညှိနှိုင်း၍ ပါဝင်ဆောင်ရွက်ပေးစေလိုပါကြောင်း။
     
၂၀၂၀-၂၀၂၁ ပညာသင်နှစ်၌ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေသင် Teaching Assistant (TA)နှင့် Language Teacher (LT)ဆရာ/ဆရာမများ  ခန့်ထားနိုင်ရေးအတွက် လိုအပ်သည့်ထောက်ခံစာများ၊ အခြေခံပညာကျောင်းများအလိုက် ကျောင်းသား ကျောင်းသူစာရင်းများ ရရှိနိုင်ရေး ကူညီ ဆောင်ရွက်ပေးစေ လိုပါကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးအတွက် ပန်းခင်းစီမံချက်သည် အရေးကြီးပါသဖြင့် တိုင်းရင်းသားများ ပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ (၂၀၂၁-၂၀၃၀) အား ရေးဆွဲပြီး အတည်ပြု ထုတ်ပြန် နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဗျူဟာပါ  ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများ အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း လိုအပသလို ပူးပေါင်း ဆောင်ရွက်ပေး စေလိုပါကြောင်း။
     
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ပြန်လည်ဖွဲ့စည်းနိုင်ရေးကိစ္စ ရပ်များ၊ တိုင်းရင်းသားယဉ်ကျေးမှု ဗဟိုဌာနအတွက် ဆောင်ရွက်မှုများ၊ ကိုဗစ်- ၁၉ ကပ်ရော ဂါနှင့် ပတ်သက်သည့် ဆောင်ရွက်မှုများ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များ နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ကိုလည်း တိုင်းရင်းသားရေးရာဝန်ကြီးများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်  ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေး ခြင်းကို ပုံမှန်ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းရင်းသားများ၏ အင်အားဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်သည့် အတွက် တိုင်းရင်းသား အားလုံး ပူးပေါင်းပါဝင်လာစေရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။    
    
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားရေးရာဝန်ကြီးများ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်သည့်ဥပဒေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဥပဒေနှင့် အခြားတိုင်းရင်း သားရေးရာနှင့် သက်ဆိုင်သည့် ဥပဒေများကိုလည်း လေ့လာပြီး ဥပဒေနှင့်အညီ တိုင်းရင်း သားရေးရာများကို ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊   တိုင်းရင်းသား အခွင့် အရေးများ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ အခန်း(၅)၊ ပုဒ်မ (၁၆) တွင် “ ပြည်ထောင် စုဝန်ကြီးသည် တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသား လူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွား မှုများကို ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ဖြေရှင်းခြင်းပြုနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအား တာဝန်ခွဲဝေအပ်နှင်းနိုင်သည်” ဟူသည့်အချက်ပါရှိရာ အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသား ရေးရာဝန်ကြီးများကို လုပ်ပိုင်ခွင့်ပေးအပ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးချုပ်များနှင့် ညှိနှိုင်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း ပြောကြားသည်။ 
    
ဆက်လက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး များက မိမိတို့တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက် ၍ ဆွေးနွေး တင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများက အထွေထွေဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

(သတင်းစဉ်)