တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသား (ဘောလုံး) ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၂

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ် အောက် အမျိုးသား (ဘောလုံး) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ် အောက် အမျိုးသား (ဘောလုံး) ပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေးနှင့် သွေးသစ်လူငယ်ဘောလုံးသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဘောလုံးအားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားလာစေရေးတို့ကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။

 

ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ရပ်ကွက်၊ ကျေးရွာများမှစ၍ ခရိုင်၊ မြို့နယ်ပေါင်းစုံ  အားကစားပြိုင်ပွဲများကို နှစ်စဉ်အားကစား ပြက္ခဒိန် ရေးဆွဲပြီး စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊  ထို့ပြင် ကျောင်းသားအားကစား ပြိုင်ပွဲများနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများ ပြန်လည်ကျင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။

 

မြန်မာ့ဘောလုံးအားကစား အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်တွင် အောင်မြင်စွာ ရပ်တည်နိုင်ရေးသည် ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်တစ်ရပ်အဖြစ် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ယနေ့ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲမှ ထူးချွန်ထက်မြက်သည့် သွေးသစ်ဘောလုံးသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာ့လက်ရွေးစင် လူငယ်ဘောလုံးအသင်းက သွေးသစ်လူငယ် ဘောလုံးကစားသမားများကို ရွေးချယ်လေ့ကျင့်ပေးပြီး နိုင်ငံ့ကိုယ်စားပြု ပါဝင်ကစားနိုင်သည်အထိ အောင်မြင်မှုများ ရရှိနိုင်ရန် လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်း။

 

ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင် ကစားကြရန်နှင့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှု ကင်းရှင်းပြီး သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားကာ ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၁)နှစ် အောက် အမျိုးသား (ဘောလုံး) ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 

ယနေ့ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)အောက် အမျိုးသား (ဘောလုံး) ပြိုင်ပွဲများကို  ဇွန် ၂၄ ရက်မှ ဇူလိုင် ၈ ရက်အထိ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း (၁) နှင့် ကွင်း (၃) တို့၌ နံနက် ၇ နာရီနှင့် ညနေ ၃ နာခွဲတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသူ မိဘပြည်သူများ အနေဖြင့် အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။ 

 

သတင်းစဉ်