တိုင်းနိုင်း (ခေါ်)တိုင်းလိုင်ရှမ်းလူမျိုးစု၏ အကြောင်း

နောက်ခံသမိုင်း 

 

တိုင်းနိုင်း (ခေါ် ) တိုင်းလိုင်ကို မြန်မာဘာသာအားဖြင့် ရှမ်းကလေး၊ ရှမ်းဗမာ၊ ရှမ်းနီ သို့မဟုတ် မြန်မာဆန် သောရှမ်းတိုင်းရင်းသား လူမျိုးစုနွယ်ဟု ခေါ်ဆိုခဲ့ကြလေသည်။ 

 

တိုင်းနိုင်း (ခ) တိုင်းလိုင်ရှမ်းတိုင်းရင်းသားလူ မျိုးစုသည် ယူနန်ကုန်းမြင့်ဒေသမှ စတင်ဆင်းသက်လာခဲ့ကြသော လူမျိုးများဖြစ်ကြောင်း ၎င်းတို့လူမျိုးစုအကြောင်း နောက်ခံသမိုင်းတွင် ဖော်ပြထားရှိသည်ကို လေ့လာ တွေ့ရှိရသည်။ မြန်မာနိုင်ငံမြောက်ဘက်ဆုံးတွင် တည်ရှိသော ကချင်ပြည်နယ် တောတောင်ထူထပ်၊ သဘာဝရေ မြေကောင်းမွန်သည့်ရတနာမြေ၌ ကချင် ခြောက်မျိုး၊ ရှမ်းငါးမျိုးတို့ဖြင့် အေးအတူပူအမျှလက်တွဲ၍ အတူတကွ စုပေါင်းမှီတင်းနေထိုင်လျက်ရှိကြသော လူမျိုးစုတစ်စုဖြစ်သည်။ 

 

မြစ်ဝါမြစ်ဝှမ်းအရပ်မှ တဖြည်းဖြည်း ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့ခြင်းအားဖြင့် ယူနန်ကုန်းမြင့်သို့ ရောက်ရှိ လာခဲ့ကြသည်။ သမိုင်းကြောင်းတွင် မွန်ဂိုကုန်းမြင့်အရှေ့တောင်ဘက်ရှိ ရှမ်းလူမျိုးများအား တာတာတို့က တိုက်ခိုက်ခဲ့ကြပြီး အနောက်တောင်ဘက်ရှိ ရှမ်းတို့အား ဝမ်ချီစစ်သူကြီးက တိုက်ခိုက်ခဲ့သောကြောင့် တောင် ဘက်သို့ တဖြည်းဖြည်း ပြောင်းရွှေ့လာခဲ့ကြရာမှ အချို့သံလွင်မြစ်ဝှမ်း ရှမ်းကုန်းမြင့်ဒေသ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနယ်အသီးသီးသို့ ပျံ့နှံ့သွားခဲ့ကြသည်။ တချို့မှာ ဟူးကောင်းတောင်ကြားမှ တစ်ဆင့်ချင်း တွင်းမြစ်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်းနှင့် မြန်မာပြည် အလယ်ပိုင်းဒေသများအထိ ပျံ့နှံ့ရောက်ရှိလာခဲ့ကြကြောင်း ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။

 

အများဆုံးနေထိုင်ရာဒေသနှင့် အခေါ်အဝေါ်

 

တိုင်းလိုင်ရှမ်းလူမျိုးစုတို့သည် ကချင်ပြည်နယ်၊ မြေပြန့်မြစ်ရိုး၊ သံလမ်းရိုး၊ ဗန်းမော်၊ မိုးမောက်၊ ရွှေကူ၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်မြို့နှင့် တနိုင်းဒေသတို့တွင် အများဆုံးနေထိုင်ကြသည်။ ယင်းအပြင် မြန်မာနိုင်ငံအောက်ပိုင်း မြေနိမ့်လွင်ပြင်ဒေသတို့၌လည်း တိုင်းလိုင်ရှမ်းလူမျိုးများ နေထိုင်လျက်ရှိကြသည့် အတွက်တစ်နည်း အားဖြင့် မြေနိမ့်လွင်ပြင်ရှမ်းဟု ခေါ်ဆိုသမုတ် ထားရှိကြောင်း မှတ်သားရသည်။

 

 ရှမ်းဘာသာ စကားအရ တိုင်းလိုင် (တိုင်းနိုင်း)၊ မြန်မာတို့က ရှမ်းကလေး၊ ရှမ်း ဗမာ၊ ရှမ်းနီဟု ခေါ်ဆိုခဲ့ကြသည်။ မြန်မာဆန်သော ရှမ်းလူမျိုးဟု အဓိပ္ပာယ်တွင်သည်ဟုဆိုသည်။ ရှမ်းဗမာ ဟုဆိုထားသော်ငြား ရှမ်းဗမာလူမျိုး (ကပြား)မဟုတ်သော ရှမ်းဗမာ၊ ဗမာလူမျိုးနှင့်အသွင်တူသည့် ရှမ်းဖြစ်ကြောင်း ဖော်ပြထားရှိသည်။ 

 

ရှေးအခါက တိုင်းလိုင်လူမျိုးတို့သည် စစ်တိုက်သောအခါ အင်္ကျီ၊ ဘောင်းဘီအနက် ရောင်အနားတွင် အနီရောင် ခါးစည်းကွပ် ဝတ်ဆင်ထားကြသဖြင့် ရှမ်းနီဟုခေါ်ဆိုခဲ့ကြသည်။ စစ်တိုက်ရာတွင် ရဲရင့်သောကြောင့် တိုင်းလိုင် တို့အား သူရဲ၊ ဒရဲဟုလည်း ခေါ်ဆိုခဲ့ကြသည်။ ပင်လည်ဘူးဒေသတွင် ညောင်ရွှေစော်ဘွားကြီးအား စစ်ကူတိုက် ပေးခဲ့ကြပြီး ၎င်းတို့အိမ်သို့မပြန်တော့သည့် တိုင်းလိုင်လူမျိုးအချို့တို့သည် တောနီတောင်၊ တောင်လေးလုံး အရပ်ဒေသတို့တွင်လည်း အခြေချနေထိုင်ခဲ့ကြ ကြောင်း သိရသည်။ 

 

တိုင်းလိုင်တို့၏ မြို့တော် (မြို့ဟောင်း) နှစ်မြို့ရှိခဲ့လေသည်။ မိုင်းမော့မြို့သည် တိုင်းလိုင်တို့၏ ပထမမြို့ တော်ဖြစ်ပြီး ၎င်းတို့ က ပျောက်ဆုံးနေသော တိုင်းလိုင်တို့၏ မိုင်းမော့မြို့ဟောင်းဟု ခေါ်ဆိုကြသည်။ ကချင် ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာနှင့် ၁၈ မိုင်အကွာ စန်းကား ( စကားဝါတော) ကျေးရွာ အုပ်စု တာစန့်ကျေးရွာအနီး မှမျက်မှောက် ကာလရှေးဟောင်း သုတေသနယဉ်ကျေးမှုဇုန် (ANCIENT SITE ZONE - AZ) မှာ တိုင်းလိုင်(ရှမ်းနီ) တို့၏ မြို့ဟောင်း မိုင်းမော့ဝိန်းစွမ်မြို့တော် တစ်ခုဖြစ်ကြောင်း လေ့လာသိရှိရသည်။ ဒုတိယမြို့တော်မှာ ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးအင်းတည်ရာ (စည်ခမ်းကြီးမြို့) မင်းနေပြည် တော်ဖြစ်သည်။ စည်ခမ်းကြီးမြို့သည် သာသနာသက္ကရာဇ် ၂၅၆ ခုနှစ်မှ ဥတ္တရစောဖြူမင်း အုပ်ချုပ်ခဲ့အပြီး ၉၄ နှစ်အကြာ၌ နတ်နဂါးများ အင်းတည်ခဲ့ကြရာမှ အင်းတော်ကြီးအင်းအဖြစ် ပြောင်းလဲတည်ရှိလာခဲ့သော တိုင်းလိုင် တို့၏ ဒုတိယမြို့တော်ဖြစ်ကြောင်း တိုင်းလိုင်လူမျိုးစုတို့၏ သမိုင်းမှတ်တမ်းများအရ လေ့လာသိရသည်။

 

 

တိုင်းလိုင်တို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ

 

တိုင်းလိုင်တို့သည် ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်ကြသည်။ သာသနာဘာသာရေး ရိုသေကိုင်းရှိုင်းမှုအားကြီး သော လူမျိုးများ ဖြစ်ကြသည်။ ဘိုးဘွားစဉ်ဆက်အမွေဓလေ့ ထုံးတမ်းများကို မြတ်နိုးအလေးထားကြသူ များ ဖြစ်သည်။ အိမ်ဆောက်၊ အိမ်သစ်တက်၊ မင်္ဂလာဆောင်၊ ခေါင်းလျှော်ခြင်းအမှုများအား ရက်ကောင်းရာဇာများ ရွေးချယ်သတ်မှတ်ကြ သည်။

 

ထူးခြားသည့်ရိုးရာဓလေ့မှာ တိုင်းလိုင်တို့သည် အင်္ဂါ၊ စနေ၊ တနင်္ဂနွေနေ့များကို ရွေးချယ်၍ အိုးစည်တီး ခေါင်းလျှော်လေ့ရှိကြ သည်။ နာမကျန်းလူနာများအား အင်္ဂါ၊ ကြာသပတေး၊ တနင်္ဂနွေနေ့၌ ရေချိုးပေးကြသည်။ အောင်စံဖြိုး ရေချိုးခြင်းဟုဆိုသည်။ အိမ်ထောင်ဖက်များ ရွေးချယ်ရာတွင် ဦးသာစိန်ပန်း ဒန်းလှရှာသည်ဟု ခေါ်ကြ သည်ဟု ယုံကြည်ထားခဲ့ကြသည်။

 

ခရီးသွားရာတွင် လဆန်း ၉ ရက် လူကိုးဦးမသွားကောင်း၊ လူကိုးဦးဖြစ်ပါက ကျောက်ခဲတစ်လုံးထည့်ကာ “မောင်ကျောက်ခဲ လိုက်ခဲ့”ဟု အဆိုကျင့်သုံးလေ့ရှိကြသည်။ လဆန်း ၉ ရက်တွင် လယ်မထွန်ကောင်း၊ မောင်းမထောင်းကောင်း၊ ငုတ်မစိုက်ကောင်း စသည်ဖြင့်အထူးဂရုပြုကြကြောင်း၊ကျားဖြူရှင် (ကိုးမြို့ရှင်)အား ယုံကြည်ကြဆဲပင်ဖြစ်ကြောင်း သိရသည်။ ရိုးရာပွဲများအဖြစ် ကထိန်ပွဲ၊ ရှင်ပြုပွဲ၊ တိုင်းလိုင်ရိုးရာသင်္ကြန်ပွဲ၊ တိုင်းလိုင်ရှမ်း နှစ်သစ်ကူးပွဲ၊ ရိုးရာမင်္ဂလာဆောင်ပွဲ၊ တိုင်းလိုင် ရိုးရာ နတ်ကြီးတက်ပွဲ၊ တိုင်းလိုင်မျိုးနွယ်တို့၏ သိင်္ဂြုဟ်ခြင်းအခမ်းအနားတို့ကို ဆင်ယင် ကျင်းပလေ့ရှိကြသည်။ ထူးခြားသောရိုးရာပွဲတော်များမှာ တိုင်းလိုင် တို့ရိုးရာ ရှင်ပြုပွဲအခမ်းအနားရက်မတိုင်မီ ရိုးရာအစားအစာ ထန်းလျက်ပေါက်ပေါက်ဆုပ် ပြုလုပ်ပြီး ပွဲတော်နေ့ အလှူပွဲလာသူများအား အလှူရှင်များက ပေါက်ပေါက်ဆုပ်လက်ဆောင် ပြန်လည်ပေးခြင်း၊ တိုင်းလိုင်ပျိုမေများက ပွဲမတိုင်မီ ညအခါ မောင်းထောင်းတေးတိုင်၍ သီဆိုဆန်ဖွပ်ခြင်းနှင့် မည်သည့်ရှမ်းလူမျိုးနွယ် တို့မှမရှိသော ကော်ပတန့်လမ်းပြဗုံပွဲတော်ကို နှစ်စဉ် ပြာသိုလပြည့်နေ့တွင် ကျင်းပလေ့ ရှိသော တိုင်းလိုင်တို့၏ ထင်ရှားသော ရိုးရာ ပွဲတော်များဖြစ်ကြောင်း လေ့လာသိရှိနိုင်သည်။

 

ရိုးရာဝတ်စားဆင်ယင်မှုနှင့် ရိုးရာနေအိမ်

 

 

တိုင်းလိုင်အမျိုးသားများသည် ပုဆိုးဝတ်ကြသည်။ အမျိုးသမီးတို့က ရှေးက ကန့်လန့်စင်းဘဲ့ဖုံးလုံချည်၊ ရင်ဖုံးနှစ် ထပ်( ဘေးထောင့် အနည်းငယ်ခွဲ)အင်္ကျီကို ဝတ်ဆင်ကြသည်။ ရှေးအမျိုးသားတို့သည် ပုဆိုးတောင်ရှည် အကွက်ကျဲ၊ ရင်ဖုံးတိုက်ပုံအင်္ကျီ၊ သျှောင်ထုံးထုံး၊ ခေါင်းပေါင်းမိတ်ရှည်(ပိတ်စရှည် )ကို ပေါင်း၍ ဝတ်ဆင် ခဲ့ကြသည်။ တိုင်းလိုင်ရှမ်းလူမျိုးတို့၏ နေအိမ်သညအများအားဖြင့် ခြေတံရှည်အိမ်ဖြစ်သည်။ ခြေတံရှည်အိမ်အောက်တွင် နွားချည်ခြင်း၊ စပါးထောင်းရန်မောင်း ဆင်ခြင်း၊ မျိုးစေ့များ လှောင်ရန်စပါးပုတ်၊ မျိုးစေ့ပုတ်၊ ကောက်ညှင်းပုတ်များထားရှိရန်ဖြစ်ကြောင်း၊ တိုင်းလိုင်တို့ ၏ နေအိမ်အား သုံးခန်း၊ ငါးခန်းနှစ်ဆောင်ပြိုင်အိမ်ဆောက်လုပ်နေထိုင်လေ့ရှိကြ ကြောင်း၊ အချို့အိမ်သည် ဧည့်ခန်းတွင် မီးဖိုထားရှိကြကြောင်း၊ မီးဖိုချောင်ဘက်၌ အိမ်ကပြင်ထားရှိကာ ထမင်းဟင်းချက်ပြုတ်ရန်၊ ဆွမ်းချက် ရေအိုး၊ ရေမှုတ်တို့ကို သီးသန့်စီ ထားရှိကြသည်ကို မြင်တွေ့နိုင်သည်။ 

 

တိုင်းလိုင်တို့၏ ထူးခြားသည့် နေအိမ်များအဖြစ် အချို့သည် အိမ်အစွန် တစ်ဖက်တစ်ချက်စီအစွန်းထုတ် ထားလေ့ရှိကြသည်။ ၎င်းအစွန်းနေရာများတွင် လယ်ယာလုပ်ငန်းသုံး ပစ္စည်းကိရိယာများနှင့် ပီလောလျှော် တို့ကို ထားရှိလေ့ရှိကြသည်။ မီးဖိုဘက်တွင် ရေသွန်ချောင်ဟုခေါ်သော အိမ်ကပြင်ပါရှိ သော နေအိမ်များဖြင့် တိုင်းလိုင် ရှမ်းတိုင်းရင်း သားလူမျိုးစုတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများနှင့်ပတ်သက်၍ စာဖတ် ပရိသတ်များ မျှဝေခံစားလေ့လာနိုင်စေရန် ရေးသားတင်ပြလိုက်ရပါသည်။ အချုပ်အားဖြင့် ၂၀၁၈ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပပြီးစီးခဲ့သော ပထမအကြိမ်ရှမ်းတိုင်းရင်းသားလူမျိုးစုတို့၏ စာပေ၊ ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်ရေး ပွဲတော်သို့ စာရေးသူသွားရောက်လေ့လာခဲ့ သည်များမှ တိုင်းလိုင် (ခေါ်) တိုင်းနိုင်း၊ မြန်မာ အခေါ် ရှမ်းကလေး၊ ရှမ်းဗမာ၊ ရှမ်းနီ သို့မဟုတ် မြန်မာဆန်သောရှမ်းလူမျိုးတို့အကြောင်း တစေ့တစောင်း ရေး သားတင်ပြလိုက်ရပါသည်။ ။