“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက်အမျိုးသမီး တွေ့ဆုံစကားဝိုင်း ကျင်းပ

၃  မတ်

 “တိုင်းပြည်အကျိုးပြု ဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက်အမျိုးသမီးတွေ့ဆုံစကားဝိုင်းကို အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်ဝင်းကြည်၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်လှရီရီနှင့် သက်ကြီးကင်းထောက်ကြီး ဒေါ်ရီရီတင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်။

(ယမန်နေ့မှ အဆက်)

အစီအစဉ်မှူး။ ။ ကင်းထောက်ပညာနဲ့ ပတ်သက်ပြီး အခုဆို လူငယ်တွေ ပိုမိုပြီး စိတ်ဝင်စားလာကြတယ်။ အခြေခံပညာအဆင့် ကလည်း စိတ်ဝင်စားမှု ပိုများလာတယ်။ ကမ္ဘာ့ကင်းထောက်အမျိုးသမီး လှုပ်ရှားမှုက ဘယ်လိုရှိသလဲဆိုတာလည်း သိပါရစေ။

ဒေါက်တာဒေါ်တင်လှကြည်။ ။ ကျွန်မတို့ မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် ဇူလိုင်လက ဟောင်ကောင်မှာလုပ်တဲ့ ကမ္ဘာ့ကင်းထောက်အမျိုးသမီးညီလာခံမှာ Associate Member ဖြစ်ခဲ့တယ်။ အဲဒီမှာ Vote လုပ်ရတာရှိပါတယ်။ Vote လုပ်တဲ့အခါမှာ ပါဝင်တက်ရောက်တဲ့ နိုင်ငံအားလုံးကနေ ရာနှုန်းပြည့် Vote ပေးခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ပြီး ထခုန်မိတဲ့အထိပါပဲ။ “တို့တွေ ကမ္ဘာ့ကင်းထောက်အမျိုးသမီးအဖွဲ့ အဖွဲ့ဝင်ပြန်ဖြစ် သွားပါပြီလား” ဆိုပြီး ဝမ်းသာမိပါတယ်။ ကမ္ဘာ့ကင်းထောက်အမျိုးသမီးအဖွဲ့လို့ ပြောလိုက်ရင် ကမ္ဘာမှာရှိတဲ့ အမျိုးသမီးငယ်တွေအတွက် အကြီးဆုံးအဖွဲ့အစည်း လို့ ပြောကြပါတယ်။ နိုင်ငံ ၁၅၀ က အဖွဲ့ဝင် ၁၀ သန်းကျော် ပါတယ်။ ဒီလို ကမ္ဘာ့ အကြီးဆုံး အမျိုးသမီးအဖွဲ့အစည်းတစ်ခုမှာ ပါဝင်ရတဲ့အတွက် ဂုဏ်ယူပါတယ်။

ဒီကင်းထောက်ကို စတင်ခဲ့တာကတော့ အင်္ဂလန်နိုင်ငံက ဖြစ်ပါတယ်။ လော့ဘေဒင်ပါဝဲလ်က ၁၉၀၆ ခုနှစ်မှာ စတင်ခဲ့တာပါ။ အမျိုးသမီးတွေကတော့ ၁၉၁၀ ပြည့်နှစ်မှ ပါဝင်တာပါ။ ၁၉၁၀ ပြည့်နှစ်မှ သူ့ရဲ့ညီမ လေဒီအဂ္ဂနက်ဘေဒင် ပါဝဲလ်ကနေပြီး အမျိုးသမီးတွေအတွက် ကင်းထောက်အဖွဲ့စတင်ခဲ့တယ်။ WAGGGS ကိုတော့ ၁၉၂၆ ခုနှစ်မှာ လန်ဒန်မှာစတင်ပြီးတော့ တည်ထောင် ခဲ့တယ်လို့ ပြောပါတယ်။

WAGGGS ရဲ့ အကြောင်းကို ဖတ်လိုက်ရင် သူ့မှာ Mission ၊ Vision ရှိတယ်။ ကမ္ဘာမှာရှိတဲ့ အမျိုးသမီးတွေအတွက် ဘာမျှော်လင့်ထားသလဲဆိုရင် Every girl have potential ၊ မိန်းကလေးတိုင်းမှာ ပင်ကိုအရည်အချင်းရှိတယ်။ ဒီပင်ကိုအရည်အချင်းကို အမြင့်ဆုံးရောက်အောင် ပို့ဆောင်ဖို့ဟာ တို့တာဝန်ပဲ ဆိုတဲ့ Mission ပါ။ ဘာတွေလုပ်နေသလဲဆိုရင် ဒီ WAGGGS အဖွဲ့က အဖွဲ့ဝင် မိန်းကလေးတွေ များလာအောင် ကြိုးပမ်းတယ်။ အဖွဲ့ဝင်မိန်းကလေးတွေကို သင်တန်းမျိုးစုံပေးပါတယ်။

Free Being Me ဆိုရင် လက်ရှိမြန်မာနိုင်ငံမှာလည်း လုပ်နေတယ်။ ကျွန်မတို့က မသွားနိုင်တဲ့အတွက် အွန်လိုင်းကနေ လုပ်ရတယ်။ ခုခေတ်စား နေတာပါ။ မိန်းကလေးတွေဟာ အရှက်အကြောက်ကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတတ်တယ်။ မိန်းကလေးတွေ ယုံကြည်မှုရှိအောင် ဒီအစီအစဉ် လေး လုပ်ပေးတာပါ။

ခေါင်းဆောင်မှု သင်တန်းတွေပေးတယ်။ မော်လ်ဒိုက်၊ ထိုင်းနိုင်ငံနဲ့ တိုင်ပေ ကို ကျွန်မတို့ဆီက တစ်ယောက်စီ သွားကြတာရှိတယ်။ နိုင်ငံပေါင်းစုံက ပါပါ တယ်။ အဓိကကတော့ နိုင်ငံအသီးသီးမှာရှိတဲ့ အမျိုးသမီးတွေ ခင်မင်ရင်းနှီး အောင်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိအောင်နဲ့ ဗဟုသုတ ကြွယ်ဝ လာအောင် အမျိုးမျိုးဆောင်ရွက်တာပါ။ အမျိုးသမီးတွေရဲ့ အရည်အချင်း မြင့်အောင် ကြိုးစားနေတာပါ။ ဒါကြောင့် ကျွန်မတို့လည်း WAGGGS ရဲ့ အဖွဲ့ဝင် ဖြစ်ရတာ ဂုဏ်ယူပါတယ်။

အစီအစဉ်မှူး။ ။ အာရှပစိဖိတ် ကင်းထောက်အမျိုးသမီးတွေနဲ့ ပတ်သက် ပြီးတော့လည်း ဆွေးနွေးပေးစေလိုပါတယ်။

ဒေါက်တာဒေါ်တင်လှကြည်။ ။ WAGGGS မှာ ဒေသငါးခု ခွဲထားတယ်။ ဒီလိုခွဲထားတဲ့အထဲမှာ ကျွန်မတို့က အာရှပစိဖိတ်ဒေသထဲမှာ ပါဝင်တယ်။ ကျွန်မတို့ အာရှပစိဖိတ်ဒေသထဲမှာ နိုင်ငံ ၂၆ နိုင်ငံပါဝင်ပြီး ကျွန်မတို့က ၂၆ ခုမြောက်နိုင်ငံ ဖြစ်ပါတယ်။ မပါသေးတဲ့ နိုင်ငံတွေ လည်း ရှိပါတယ်။ ဒီ ၂၆ နိုင်ငံမှာ အသင်းဝင်က ၃ ဒသမ ၆ သန်း ရှိပါတယ်။ ဒီနှစ် မှာ အာရှပစိဖိတ်ဒေသမှာ အဖွဲ့ဝင်လေးသန်းဖြစ်ဖို့ ကြိုးစားနေတယ်လို့ သိရ ပါတယ်။

ခုနက ဒေါ်ခင်စောဥမ္မာပြောတာကို ဖြည့်စွက်ဆွေးနွေးလိုပါတယ်။ ကျွန်မ တို့က အာရှပစိဖိတ်ညီလာခံတွေကိုလည်း ပါဝင်တက်ရောက်ခဲ့ရပါတယ်။ ပထမ ခရီးစဉ်အဖြစ် (၁၁) ကြိမ်မြောက် ညီလာခံကို တိုကျိုမှာ ပါဝင်တက်ရောက်ခဲ့တယ်။ ဒုတိယခရီးစဉ်က နီပေါမှာပါ။ တတိယခရီးစဉ်က တိုင်ပေမှာ တက်ခဲ့ရပါတယ်။ ပြီးတော့ ကမ္ဘာ့ညီလာခံတွေကိုလည်း တက်ရောက်ရပါတယ်။ ကမ္ဘာ့ညီလာခံ တက်ရောက်မှုကတော့ သုံးခေါက်ရှိပါပြီ။ ပထမက ဟောင်ကောင်၊ ဒုတိယက အိန္ဒိယနဲ့ ဒီနှစ် ယူဂန္ဓာမှာ လုပ်မှာဖြစ်ပါတယ်။ အဲဒီကိုသွားဖို့ ကျွန်မနာမည် ပေးထားပါတယ်။ အဲဒီလိုမျိုးနဲ့ ပြည်ပအတွေ့အကြုံတွေကိုလည်း ယူနေပါ တယ်။ ကိုယ့်နိုင်ငံပါဝင်မှု၊ ကိုယ့်နိုင်ငံတိုးတက်မှုအတွက် ကြိုးစားနေပါတယ်။

အစီအစဉ်မှူး။ ။ အဖွဲ့ဝင်တွေအနေနဲ့ တိုင်းကျိုးပြည်ပြု လုပ်ငန်းတွေမှာ ဘယ်လိုတွေ ပါဝင်နေတယ်ဆိုတာကိုလည်း ပြောပြစေ လိုပါတယ်။

ဒေါ်ခင်စောဥမ္မာ။ ။ သဘာဝဘေးအန္တရာယ်တွေ့ကြုံခဲ့ရင် အလှူရှင်၊ စေတနာ ရှင်တွေရဲ့ လှူဒါန်းမှုတွေကို သွားရောက်လှူဒါန်းပေးမှုတွေ ရှိပါတယ်။ သွားရောက်ပြီး မလှူဒါန်းနိုင်ရင်လည်း ချိတ်ဆက်ပြီး လှူဒါန်း နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ပြီးတော့ တိုက်ပွဲရှောင်စခန်းတွေမှာလည်း လှူဒါန်းကူညီမှုတွေ ဆောင်ရွက်ပါတယ်။ တိုင်းပြု ပြည်ပြု လုပ်ငန်းတစ်ခုအဖြစ် Clean Yangon အနေနဲ့ မြို့တော်စည်ပင်နဲ့ ပူးပေါင်းပြီးလုပ်တာလည်း ရှိပါတယ်။ မြို့ထဲလမ်းကြားထဲက အမှိုက်ရှင်းတာတွေကိုလည်း ကင်းထောက်အဖွဲ့ဝင်တွေက သန့်ရှင်းရေးဆောင်ရွက်တာ ရှိပါတယ်။ အခုဆို နှာခေါင်းစည်းတွေ ဖြန့်ဝေတာ၊ သောက်ရေသန့်ဖြန့်ဝေပေးတာ ဒီလိုကူညီမှုတွေလည်း ရှိပါတယ်။

ကလေးဆေးရုံတွေကို သွားရောက်ပြီး အစားအသောက် လှူတာတွေလည်း ရှိပါတယ်။ ကျေးရွာတွေမှာ ကင်းထောက်အဖွဲ့တွေလည်း ရှိပါတယ်။ သူတို့ ကလည်း ရပ်ရွာသန့်ရှင်းရေးအတွက် ဆောင်ရွက်တာရှိပါတယ်။ ရွာဆိုရင်လည်း ရွာမှာ၊ မြို့ဆိုရင်လည်းမြို့မှာ အတတ်နိုင်ဆုံး တိုင်းပြည်အတွက် ဆောင်ရွက် နေပါတယ်။

အစီအစဉ်မှူး။ ။ ဒီစကားဝိုင်းရဲ့ အဆုံးသတ်အနေနဲ့ တစ်ဦးချင်းစီကနေ ကင်းထောက်ဖြစ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ပတ်သက် ပြီး ပြောပြပေးပါ။

ဒေါက်တာဒေါ်ဝင်းကြည်။ ။ ကင်းထောက်ဖြစ်ရတဲ့အတွက် ကျွန်မဘဝမှာ ထူးခြားမှုတွေအများကြီး ရှိပါတယ်။ အများကြီးလည်း ပြောခဲ့ပြီးပါပြီ။ စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံ မှုတွေ ဒါတွေကောင်းမွန်တယ်။ ကျန်တဲ့ဟာ ပြောရမယ်ဆိုရင် ကျွန်မတို့ အဆင့် အတန်းတွေမှာ စာမေးပွဲဖြေရပါတယ်၊ အဲဒီအထဲမှာ First Class Girl Guide ဖြစ်ဖို့အတွက် ရေကူးတတ်ရပါတယ်။ ရေကူးပြရပါတယ်။ နောက်ပြီးတော့ နက္ခတ်ပညာတွေကိုလည်း လေ့လာခဲ့ရတယ်။ တစ်သက်လုံးအသုံးဝင်တဲ့ အလုပ် တစ်ခုအဖြစ် အချက်အပြုတ်ကို သင်ယူခဲ့ရပါတယ်။ ၁၉၅၈ ခုနှစ်က ကျွန်မ မက္ကဆီကိုသွားတော့ အမေရိကားက မိတ်ဆွေတစ်ဦးနဲ့ဆုံခဲ့တာကို ခုထိ အမှတ်တရရှိနေတယ်။ ခုထိလည်း မိတ်ဆွေအနေနဲ့ ရှိခဲ့တယ်။

ဒေါ်ရီရီတင်။ ။ ဒေသန္တရ ဗဟုသုတတွေ အများကြီးရခဲ့တယ်။ ငယ်ငယ် တုန်းက တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်တို့အိမ်မှာ စခန်းသွားချခဲ့တာရှိတယ်။ ၁၉၆၂ ခုနှစ်မှာ ထိုင်းနိုင်ငံကို ၁၃ ယောက်အဖွဲ့အဖြစ် လေ့လာရေးသွားခဲ့ရတယ်။ ဗဟုသုတအများကြီးရခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ မြစ်ကြီးနားမြို့ကို ကင်းထောက်သင်တန်းအတွက် ရောက်ခဲ့တယ်။ ၁၉၆၃ ခုနှစ်မှာ ပြင်ဦးလွင်ကို သွားရောက်ခဲ့တယ်။ အဲဒီအချိန်က ကင်းထောက် ဖြစ်ခဲ့တဲ့အတွက် သွားခဲ့ရတာတွေက အများကြီးပါပဲ။ ဒီလိုပဲ အခုအထိလည်း ဗဟုသုတ ရှာမှီးလိုတုန်းပါပဲ။ သွားချင်လာချင်တုန်းပါပဲ။

ဒေါက်တာဒေါ်လှရီရီ။ ။ ကင်းထောက်အမျိုးသမီး လုပ်ခဲ့တဲ့အတွက် အကျိုးကျေးဇူးရှိတာတွေကတော့ အများကြီးပါပဲ။ ကတိသုံးချက်ထဲမှာလည်း ကူညီဖို့အတွက် အများကြီးပါတယ်။ ကျွန်မ အထူးပြောချင်တာက ရဲဘော်ရဲဘက်စိတ်တွေ အများကြီး ပေါ်ပေါက်ခဲ့တာပါ။ စွန့်လွှတ်တတ်တဲ့စိတ်ထားတွေ ပေါ်ပေါက်ခဲ့တယ်။ ကိုယ့်အတွက်ပဲ မစဉ်းစားဘဲ သူများကို ဦးစားပေးတတ်တဲ့ စိတ်ဓာတ်တွေ ပြောင်းလာပါတယ်။ အစ်မ ဒေါ်ဝင်းကြည်ပြောသလို စာမေးပွဲတွေဖြေရတဲ့အတွက် မလျှော့သောဇွဲတွေ ဖြစ်လာတယ်။

ခုခေတ်နဲ့ အများကြီးကွာခြားတာက ဘာသာရေးနဲ့ပတ်သက်ပြီး ဘယ်ဘာသာကိုးကွယ်သလဲလို့ ဘယ်သူ့ကိုမှမမေးဘဲ သူငယ်ချင်းမိတ်ဆွေအဖြစ် တစ်သက်လုံးမိတ်ဆွေ ဖြစ်ခဲ့ကြတယ်။ တောစခန်းတွေ ထွက်တဲ့အခါမှာလည်း ပညာတွေ အများကြီးရတယ်။ ဘာမှမရှိဘဲ တီထွင်တတ်တာတွေ ရှိလာတယ်။

ဥပမာဆိုရင် အိုးတွေမရှိဘဲ ကြက်ဥတစ်လုံးပေးတယ်။ ကြက်ဥကို ဘယ်လို ပြုတ်စားမလဲဆိုတော့ လိမ္မော်သီးကိုခွာ၊ ကြက်ဥကို အဲဒီလိမ္မော်သီးထဲကိုထည့် မီးကင်၊ အဲဒီလို စိတ်ဓာတ်တွေက အများကြီးရှိခဲ့တယ်။ အဲဒီကပါလာတဲ့ မလျှော့သောဇွဲနဲ့ စိတ်ဓာတ်က အများကြီးအကျိုးပြုသွားပါတယ်။

အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ၊ ကင်းထောက်ကျင့်ဝတ်တွေကိုလည်း ဆက်လက်ဝေမျှပေးပါဦး။

ဒေါက်တာဒေါ်တင်လှကြည်။ ။ ကင်းထောက်ကျင့်ဝတ် ၁၀ ချက်က သစ္စာ ရှိရမယ်၊ ချွေတာတတ်ရမယ်၊ အမြဲပြုံးနေတတ်ရမယ်၊ အချင်းချင်းချစ်ခင်ရမယ် စသဖြင့်ရှိပါတယ်။ ကျွန်မ ကင်းထောက် ဖြစ်တဲ့အခါ ဒီကျင့်ဝတ် ၁၀ ချက်ကို တတ်နိုင်သမျှ စောင့်ထိန်းနိုင်ခဲ့တယ်။ မဝင်းကြည်တို့လောက်တော့ ကျွန်မအဆင့်မမြင့်ခဲ့ဘူး။ တက္ကသိုလ်မှာ ကျွန်မ ရိန်းဂျား မဖြစ်ခဲ့ဘူး။ ကျွန်မကတော့ Girl Guide ပဲ ဖြစ်ခဲ့တယ်၊ ဒါပေမယ့် ကျွန်မ တို့ရဲ့ ခေါင်းဆောင်က ဒီစိတ်ဓာတ်ကို အမြဲသွင်းပေးနေတဲ့အတွက် ဒီနေ့အထိ ကျင့်ဝတ် ၁၀ ချက်ကို ကျွန်မက ထိန်းသိမ်းလို့ရတယ်လို့ ယုံကြည်တယ်။

အမြဲစိတ်ကောင်းစေတနာကောင်းထားတယ်၊ သူများကို သနားတယ်၊ ကူညီချင်တယ်ဆိုတဲ့ စိတ်ဓာတ်တွေ၊ အများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလည်း အတော်ကို အလျှော့ပေးဆက်ဆံတတ်သွားတယ်။ အတ္တစိတ် မရှိဘူး၊ ပေးကမ်းချင်တယ် အဲဒီလိုမျိုးဆိုတော့ ကင်းထောက်ဖြစ်ရတာ အင်မတန် ကောင်းပါတယ်။

ကျွန်မယုံကြည်တာကတော့ ကိုယ်နဲ့စတယ်။ ကိုယ့်အသိုင်းအဝိုင်းကို အကျိုးပြုသွားတယ်။ ပြီးတဲ့အခါ ကိုယ့်နိုင်ငံကို အကျိုးပြုသွားတယ်။ နိုင်ငံရဲ့ ခေါင်းဆောင်ကောင်း ဖြစ်သွားမယ်လို့ထင်တယ်။ ဒါကြောင့် အမြဲပြောဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်မသူငယ်ချင်းလည်းဖြစ်၊ သူအခုလုပ်ကိုင်နေတာ အားလုံးဟာ ကင်းထောက်စိတ်နဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်။ အဲဒီတော့ ကင်းထောက်ဖြစ်ရခြင်းဟာ အင်မတန်မှ အကျိုးရှိပါတယ်။

အစီအစဉ်မှူး ။ ။ ကင်းထောက်ကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်ပြောပြပေးပါဦး။

ဒေါ်ခင်စောဥမ္မာ။ ။ ကျွန်မကလည်း ကင်းထောက်ကျင့်ဝတ်ထဲက အချက်သုံးချက်လောက်ကို ကိုယ်တွေ့အနေနဲ့

ပြောကြားချင်ပါတယ်။ တစ်ခုကတော့ အနစ်နာခံတာ ဖြစ်ပါတယ်။ ကျွန်မ ဆရာမဘဝတုန်းက ကျောင်းမှာ အစ်မကြီး ဒေါ်တင်လှကြည်နဲ့ ဆုံခဲ့ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ မတွေ့ခဲ့ကြဘဲ ကင်းထောက်တွေ့ဆုံပွဲမှာ ပြန်ပြီး တွေ့ဆုံရပါတယ်။ ပြီးတော့ ကံအားလျော်စွာပဲ အစ်မကြီးကို ကင်းထောက်ချုပ်၊ ကျွန်မကို ဒုတိယကင်းထောက်ချုပ်အဖြစ် တာဝန်ပေးအပ်တော့ ဒို့အတူ ပေါင်းဖက် ကျောချင်းကပ် ရင်ချင်းအပ် စိတ်တူကိုယ်တူ ကင်းထောက် လုပ်ငန်းတွေ အောင်မြင်ဖို့ ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ခဲ့ပါတယ်။ ပြတ်နေတဲ့ Generation ကို ကျွန်မတို့က ဆက်ပေးရပြီး သူတို့ကို ကျွန်မတို့က လက်လွှဲခဲ့ရဖို့ပါ။ အဲဒီအခါ ယူနီဖောင်းတွေ ရွေးတာကအစ စိတ်တူ ကိုယ်တူနဲ့ ကျွန်မက နောက်လိုက်ကောင်းပါ။ အစ်မကြီးရဲ့ လမ်းညွှန်မှုအောက်က အမိန့်နာခံပြီး ဆောင်ရွက်ပါတယ်။

နောက်တစ်ခုက ကျွန်မတို့ ကင်းထောက်ကျင့်ဝတ်ထဲမှာ ညီအစ်မအရင်း သဖွယ် ဖြစ်ရမယ်ဆိုတာလေးပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကင်းထောက် နာယကကြီးနဲ့ မန္တလေးက ကင်းထောက်အဖွဲ့တွေ တွေ့ဆုံပွဲကို စီစဉ်ကျင်းပ ပေးခဲ့ရပါတယ်။ အဲဒီလို ကျင်းပတဲ့အခါ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်မတို့ စင်ပေါ်မှာ စကားတွေပြောကြတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကင်းထောက်သီချင်းတစ်ပုဒ်ကို အစအဆုံး သီဆိုပြတယ်။ ကျွန်မ နားထောင်ရတာ အားမရပါဘူး။ လက်ထဲမှာ လည်း ဖုန်းကမပါဘူး။ “မမရယ် ကျွန်မဖုန်းကလည်းမပါတော့ အသံသွင်း မထားရဘူးဆိုတော့၊ မမက ကိစ္စမရှိဘူးတဲ့၊ ဒါလေးကို ဆိုတတ်တဲ့သူကို ဆိုခိုင်းပြီး ပို့ပေးမယ်”လို့ ကျွန်မကို ပြောလိုက်ပါတယ်။ ဒါကြောင့် ကျွန်မ ဒီနေ့အထိ အဲဒီ သီချင်းလေးကို စောင့်နေပါတယ်။

ဒီလို သီဆိုပြတယ်ဆိုတာ အစ်မကြီးက ကျွန်မတို့ကို ကင်းထောက်ညီအစ်မလို ချစ်ခင်လို့ သီဆိုပြတယ်ဆိုတာ လက်ခံယုံကြည်ပါတယ်။ နောက်တစ်ချက်က ကင်းထောက်ဆိုတာ လူတစ်ဖက်သားကို ကူညီတာ၊ ကျွန်မ အနီးဆုံးသာဓက ပြပါဆိုရင် ကိုယ့်မိသားစုကိုပဲပြောပါမယ်။ ကျွန်မအဖေရဲ့ အားပေးမှုနဲ့ မေမေ ကလည်း ကင်းထောက် ဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်ကကို အတိုင်ပင်ခံကောင်စီဝင်ပါ။

ကျွန်မအစ်ကိုအကြီးက စိန်ဂျွန်းက Air Scout ပါ။ အစ်ကိုအလတ်နဲ့ မောင်က စိန့်ပေါလ်က Sea Scout ပါ။ တစ်နွယ်ငင်တစ်စင်ပါပြောရရင် ကျွန်မ အမျိုးသားက မြို့မကျောင်းရဲ့ Group Leader ပါ။ ယောက်မကလည်း ကင်းထောက်ပါပဲ။ သားတွေ၊ သမီးတွေလက်ထက် ကင်းထောက်ပြတ်သွားတဲ့ အချိန်မှာ တေဇ၊ လမ်းစဉ်လူငယ်အချိန် ဖြစ်သွားတယ်။ ဒါပေမယ့် ကင်းထောက် ပြန်ပေါ်လာတဲ့ အချိန်ကျတော့ ကျွန်မက ကင်းထောက်ဖြစ်တဲ့အတွက် တူမဆရာဝန်မလေး ကိုလည်း ကင်းထောက်ဖြစ်စေခဲ့ပါတယ်။

ကျွန်မတို့ Generation လေးဆက်မြောက်ဖြစ်လာ တဲ့အထိ စဉ်ဆက်မပြတ် ကျွန်မတို့ဟာ ကင်းထောက်တွေ ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အိမ်မှာ ကင်းထောက်စိတ်ဓာတ်တွေ ရှိနေတယ်။ ကင်းထောက် စိတ်ဓာတ်က အရေးအကြီးဆုံးပါပဲ။

ကင်းထောက်အဖွဲ့တွေ ပြန်လည်ဖွဲ့စည်းတဲ့အခါ ကလေးတွေဖွဲ့စည်းတဲ့အတွက် မိခင်တွေက သူတို့လည်း ကင်းထောက်ဖြစ်ချင်ပါတယ်လို့ ဆိုတဲ့အတွက် မိခင်တွေကို ပါ ဖွဲ့ပေးခဲ့ပါတယ်။ အိမ်ထောင်တစ်ခုမှာ အနည်းဆုံးတော့ သမီးကင်းထောက်၊ အမေကင်းထောက်တော့ ဖြစ်နေပါပြီ။ အိမ်ထောင်တစ်ခုမှာ ကင်းထောက်ပါလာမယ်၊ တစ်မြို့နယ် မှာ ကင်းထောက်ပါလာမယ်၊ တစ်တိုင်းပြည်လုံး ကင်းထောက် တွေ ဖြစ်လာကြမယ်ဆိုရင် ကင်းထောက်စိတ်ဓာတ်တွေရှိတဲ့ ကျွန်မတို့ အနာဂတ်လူငယ်တွေဟာ အင်မတန်စိတ်ထား မြင့်မြတ်ပြီး အကျင့်စာရိတ္တကောင်းသော၊ ခေါင်းဆောင် စိတ်ဓာတ်ရှိသော၊ ကူညီတတ်၊ အမိန့်နာခံတတ်၊ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်တတ်သော၊ ဘာသာ တရား ရိုသေကိုင်းရှိုင်းတတ်သော ကင်းထောက်စိတ်ဓာတ်နဲ့ ကြီးပြင်းလာကြမယ့်သူတွေက နိုင်ငံ့ခေါင်းဆောင်ကောင်း တွေ ဖြစ်လာမှာမို့ ဒါတွေက ကင်းထောက်ဖြစ်ရခြင်းရဲ့ အကျိုးရလဒ်တွေပဲလို့ ပြောချင်ပါတယ်။

အစီအစဉ်မှူး။ ။ ဒီနေ့ စကားဝိုင်းကနေ ကင်းထောက်တွေ ထားရှိရမယ့် စိတ်ဓာတ်၊ ကျင့်ဝတ်၊ ကတိသစ္စာ ဒါတွေဟာ လူတစ်ဦးချင်းစီကနေ အဖွဲ့တစ်ခု၊ အဖွဲ့တစ်ခုကနေ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေအထိ အပြန်အလှန်အကျိုးပြုနေတာကို တွေ့ရှိရတယ်၊ မှတ်သားရပါတယ်။ ကင်းထောက်စိတ်ဓာတ် တွေ၊ စောင့်စည်းရမယ့် ကျင့်ဝတ်သိက္ခာတွေနဲ့ပတ်သက် ပြီးတော့ သိရှိအောင် ဆွေးနွေးပေးကြတဲ့ ဆရာမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားလိုပါတယ်။ ။

တာရာ၊ ကေကေ

ဓာတ်ပုံ-ဦးတင်မောင်လတ်(ကင်းထောက်ကြီး)