“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှုကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက် အမျိုးသမီးတွေ့ဆုံစကားဝိုင်း ကျင်းပ

mdn

တာရာ၊ ကေကေ

ဓာတ်ပုံ - ဦးတင်မောင်လတ် (ကင်းထောက်ကြီး)

 

“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှုကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက် အမျိုးသမီးတွေ့ဆုံစကားဝိုင်းကို အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ဒုတိယကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ သက်ကြီး ကင်းထောက်ကြီး ဒေါက်တာဒေါ်ဝင်းကြည်၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်လှရီရီနှင့် သက်ကြီးကင်းထောက်ကြီး ဒေါ်ရီရီတင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်များကို ဖော်ပြအပ်ပါသည်။

 

အစီအစဉ်မှူး။ ။ ဒီနေ့ စကားဝိုင်းရဲ့ အမည်ကို “တိုင်းပြည်အကျိုးပြု ဒို့ရှေးရှုကင်းထောက်အမျိုးသမီးထု”ဆိုပြီး ပေးထားပါတယ်။ ဒီအမည်လေးနဲ့ဆွေးနွေးရတဲ့အကြောင်းကို အရင်ဆုံးပြောပြပေးပါရှင့်။

 

ဒေါက်တာဒေါ်တင်လှကြည်။ ။ မြန်မာနိုင်ငံက ပြည်သူအများစုကကင်းထောက်ဆိုတာ ဘာလဲ၊ ကင်းထောက် တွေက ဘာလုပ်နေတာလဲဆိုတာကိုလည်း မေးကြပါတယ်။ ပြီးတော့ တိုင်းပြည် ကို ဘယ်လိုအကျိုးပြုနေကြသလဲ ဆိုတာကို မေးကြတဲ့အတွက် ကျွန်မတို့ ဒီနေ့ ဒီခေါင်းစဉ်နဲ့ ဆွေးနွေးခြင်းဖြစ်ပါတယ်။

 

ကင်းထောက်ဆိုတာ ဘာလဲဆိုတာကို တစ်ခွန်းထဲနဲ့ ဖြေလို့မရပါဘူး။ ကင်းထောက်ဆိုတာ သူတစ်ပါးကို ကူညီတတ်တဲ့သူဖြစ်ရမယ်။ သူတစ်ပါးကို ကူညီဖို့အတွက် အမြဲအဆင်သင့်ရှိနေရမယ်။ တိုင်းပြည်နဲ့ ပြည်သူကို အကျိုးပြု တဲ့သူဖြစ်ရမယ်။ စိတ်ချယုံကြည်ရတဲ့သူ၊ သစ္စာရှိတဲ့သူဖြစ်ရမယ်။ လူမျိုးအယူဝါဒ အဆင့်အတန်း မရွေးဘဲလူသားအချင်းချင်း ချစ်ခင်တတ်သူဖြစ်ရမယ်။ ယဉ်ကျေး သိမ်မွေ့သနားကြင်နာတတ်တဲ့သူ၊ အမိန့်နာခံတတ်သူဖြစ်ရမယ်။ အကျင့်စာရိတ္တ ကောင်းပြီး မျိုးချစ်စိတ်ဓာတ် စွမ်းရည်သတ္တိရှိတဲ့သူဖြစ်ရမယ်။ လူကြီးသူမကို ရိုသေကိုင်းရှိုင်းတဲ့ အလေ့အထရှိတဲ့သူ ဖြစ်ရပါမယ်။ အဓိကအားဖြင့် ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံး သန့်စင်တဲ့သူဖြစ်ရပါမယ်။ ဒါတွေက ကင်းထောက်တွေ ပါလို့ ပြောချင်ပါတယ်။

 

အစီအစဉ်မှူး။ ။ ဒီအချက်တွေက ကျွန်မတို့ရဲ့ ၃၈ ဖြာ မင်္ဂလာတရားတော်နဲ့လည်း ညီတယ်။ ဘာသာမရွေး၊ လူမျိုးမရွေး ခွဲခြားဆက်ဆံ မှု ကင်းရမယ်ဆိုတာလည်း ပါပါတယ်။ ဒါတွေက မှတ်သားရပါတယ်။ နောက်ထပ် ထပ်ပြီးတော့ ဆရာမအနေနဲ့ ဘယ်သူတွေက ကင်းထောက်ဖြစ်ခွင့်ရှိသလဲဆို တာကို ဆွေးနွေးပေးစေလိုပါတယ်။

 

ဒေါ်ခင်စောဥမ္မာ။ ။ မည်သူမဆို ကင်းထောက်ဖြစ်နိုင်ပါတယ်။ လူမျိုးမရွေးဘာသာမရွေး၊ အဆင့်အတန်းမရွေး၊ ဆင်းရဲချမ်းသာမရွေး မိမိစိတ်ဆန္ဒရှိတယ်ဆိုရင် လူတန်းစားမရွေးကင်းထောက် ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ အမျိုးသမီးကင်းထောက်အနေနဲ့ ပြောမယ်ဆိုရင် စဖွဲ့တဲ့အချိန်မှာ အမဒေါ်တင်လှကြည်နဲ့ ကျွန်မပူးပေါင်းပြီး ကလေးတွေကို အခြေခံကျောင်းတွေ ကနေစပြီး ကင်းထောက်အဖွဲ့ ဖွဲ့ပေးခဲ့ပါတယ်။ အဲဒီကနေ တက္ကသိုလ်မှာ ဖွဲ့ပေး ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် လူထုထဲမှာ၊ ဆရာဝန်ပါပါတယ်၊ ရှေ့နေပါပါ တယ်၊ ကုန်သည်ပါပါတယ်၊ ကျောင်းဆရာ ဆရာမကြီးတွေ၊ ပင်စင်စားတွေ၊ အိမ်ရှင်မတွေ၊ မိခင်တွေပါပါတယ်။ အားလုံးပါပါတယ်။ ကျွန်မတို့ ကင်းထောက် အဖွဲ့ကို အားလုံးဝင်လို့ရပါတယ်။ စိတ်ဆန္ဒရှိပြီး ဝင်လာတဲ့အတွက် ကျွန်မတို့ နိုင်ငံအတွက် အားတစ်ခုပါပဲ။

 

အစီအစဉ်မှူး။ ။ အမျိုးသမီးကင်းထောက်အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်လွှာတင် ဖို့လိုပါသလား။ ဘယ်လိုအဖွဲ့ဝင်အဖြစ် ဝင်ရတယ်ဆိုတာ ပြောပြပေးပါ။

 

ဒေါ်ခင်စောဥမ္မာ။ ။ လျှောက်လွှာတင်စရာ မလိုပါဘူး။ ကျွန်မတို့ အခြေခံသင်တန်းကို အောင်မြင်ပြီးရင် ကင်းထောက်ဖြစ်နိုင်ပါတယ်။ အခြေခံသင်တန်းဆိုတာ တက်ပြီး သင်တန်းဆင်းတဲ့နေ့မှာကတိသုံးပါးကို ရွတ်ဆိုရပါတယ်။ အဲဒီကတိသုံးပါးကို ရွတ်ဆိုပြီးတဲ့အခါ အမျိုးသမီးကင်းထောက် Badge လေးတွေကို တပ်ဆင်ခွင့်ရသွားပါပြီ။ ဒီ Badge လေးဟာ အင်မတန်မှ ထူးခြားပါတယ်။ ဒီ Badge မှာ ပါဝင်တဲ့ ပွင့်ဖတ်သုံးခုဟာ ကတိသုံးပါးကို ဖော်ညွှန်းပါတယ်။ သူ့အပေါ်မှာရှိတဲ့ အစက် ၁၀ စက်က ကျင့်ဝတ် ၁၀ ပါးကို ဖော်ညွှန်းပါတယ်။ အရုပ်လေးက ကဒေါင်းလေးပါ။ ကဒေါင်းလေးက ကျွန်မတို့ မြန်မာအမျိုးသမီးတွေက လှပတယ်၊ ပျော်ရွှင်တတ်ပြီး ယဉ်ကျေးသိမ်မွေ့တယ် ဆိုတာကို ပြောချင်တာပါ။ အစိမ်းရောင်က တိုးတက်မှုကိုပြပါတယ်။ အပြာရောင် က ငြိမ်းချမ်းမှုကို ဖော်ပြပါတယ်။ ဒါကြောင့် ကျွန်မတို့ ယူနီဖောင်းက အင်္ကျီအဖြူ၊ လုံချည်အပြာနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အမျိုးသမီးထုဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ ဆရာမရဲ့ ပြောပြချက်အရ ကင်းထောက်အမျိုးသမီးအဖွဲ့ဝင်ဖြစ်ဖို့အတွက် အခြေခံသင်တန်း သင်ကြားရတယ်လို့ သိရပါတယ်။ ဒီအခြေခံသင်တန်းမှာ ဘာတွေသင်ကြားရတယ်ဆိုတာသိပါရစေ။

 

ဒေါက်တာဒေါ်တင်လှကြည်။ ။ကင်းထောက်အဖွဲ့ဝင်ဖြစ်ဖို့ အခြေခံသင်တန်းတက်ရပါတယ်။ သင်တန်းမှာ အခြေခံအားဖြင့် ဘာတွေသင်ရသလဲဆိုတော့ ကင်းထောက်သမိုင်းကြောင်း၊ မြန်မာနိုင်ငံ ကင်းထောက် အမျိုးသမီးသမိုင်းကြောင်း၊ ကတိသစ္စာ သုံးချက်၊ ကျင့်ဝတ် ၁၀ ချက် ဒါကတော့ သိကိုသိရအောင်သင်ရပါတယ်။ ပြီးတော့ ကင်းထောက် အစဉ် အသင့်ဆိုတဲ့ ဆောင်ပုဒ်အကြောင်း သိရပါတယ်။ ကင်းထောက်ရဲ့ ကြွေးကြော် သံလည်း ရှိပါတယ်။ ကင်းထောက်ရဲ့ ကြွေးကြော်သံက ကောင်းမှုတစ်ခုနေ့စဉ်ပြု၊ နေ့တိုင်းကောင်းမှုတစ်ခု ပြုလုပ်ရမှာဖြစ်ပါတယ်။

 

နောက်ပြီးတော့ တံဆိပ်ညွှန်းချက်ကလေးတွေကိုလည်း သိရပါတယ်။ အလေးပြုနည်းလည်း သိရပါတယ်။ ကျွန်မတို့ အလေးပြုတာသူများတွေနဲ့ မတူပါဘူး။ ကင်းထောက် အမျိုးသမီးတွေကဘယ်လိုအလေးပြုတယ် ဆိုတာလည်း သိရပါတယ်။ ကင်းထောက်နှုတ်ဆက်တာလည်း ရှိပါတယ်၊ ကင်းထောက် နှုတ်ဆက်တာက ဘယ်လက်နဲ့နှုတ်ဆက်ပါတယ်။ ကင်းထောက်အမျိုးသမီး အလံအကြောင်းသိရပါတယ်။ ကြိုးချည်နည်းအကြောင်း သိရပါတယ်။ ကင်းထောက်မှာ sign တွေ၊ signal တွေရှိပါတယ်။ ကင်းထောက်တွေက အများအားဖြင့် ကျန်းမာဖို့၊ စည်းလုံးညီညွတ်ဖို့၊ အကျင့်စာရိတ္တကောင်းဖို့ ကစားနည်းမျိုးစုံသင်ရပါတယ်။ ကစားနည်းတွေကလည်း လူတွေကို ပြုပြင်ပေးပါတယ်။ နောက်ပြီးတော့ သီချင်းတွေပါ။ ကင်းထောက်သီချင်းတွေဆိုရပါတယ်။ တဲထိုးနည်း၊ မီးပုံပွဲ ဒါတွေလည်း တစ်ခါတလေ Camp သွားတဲ့အခါ သင်ရပါတယ်။ စခန်းချလေ့လာ တဲ့နည်းလို့ ခေါ်ပါတယ်။ အားလုံး ဒါတွေတတ်မှသာ သင်တန်းဆင်းရင် Promise Badge ရင်ထိုးလေးကို အပ်နှံပြီးတော့ မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီး အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်သွားပြီလို့ပြောလို့ရပါတယ်။ ဒါတွေအားလုံးလုပ်မှကင်းထောက် အမျိုးသမီးဖြစ်ပါတယ်။

 

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံမှာ ကင်းထောက်အမျိုးသမီးဆိုတာ ဘယ်အချိန် ကစပြီး ရှိခဲ့တာလဲဆိုတာ ဆက်ပြီး ပြောပြပေးပါဦး။

 

ဒေါက်တာဒေါ်ဝင်းကြည်။ ။ အမျိုးသမီးကင်းထောက်တွေ လှုပ်ရှားမှုဟာတကယ့် တကယ်တော့ စစ်မဖြစ်ခင် ၁၉၁၆ ခုနှစ်မှာစတင်ခဲ့ပါတယ်။ အဲဒီတော့ ခုချိန်မှာဆိုရင် ၁၀၄ နှစ်လောက် ရှိခဲ့ပါပြီ။ ကာလကို သုံးခုခွဲလို့ရပါတယ်။ ပထမဆုံး ၁၉၁၆ ခုနှစ်ကနေပြီးတော့ ၁၉၆၄ ခုနှစ်၊ ၁၉၆၄ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်၊ ၂၀၁၂ ခုနှစ်ကနေ အခု ၂၀၂၀ အထိရှိနေ ပါပြီ။ အခု ဒီမှာရှိနေတဲ့ အမျိုးသမီး ငါးဦးလုံးကတော့ ကင်းထောက် အမျိုးသမီး ကြီးများပေါ့။ ကျွန်မတို့ ၁၉၅၀ ပြည့်နှစ်၊ ၁၉၆၀ ပြည့်နှစ်လောက်ကစပြီး ကင်းထောက်ဖြစ်ကြတဲ့သူတွေပါ။

 

အစီအစဉ်မှူး။ ။ ဆရာမတို့က ကင်းထောက်အမျိုးသမီးကြီးတွေ ဖြစ်တဲ့အတွက် တစ်ဦးချင်းစီမှာလည်း ကင်းထောက်လှုပ်ရှားမှု တွေရှိနေဦးမှာပါ။ ဒါနဲ့ပတ်သက်ပြီးတော့ ကြုံတွေ့ရတဲ့ အတွေ့အကြုံလေး ကိုလည်း ဝေမျှပေးပါဦး။

 

ဒေါက်တာဒေါ်တင်လှကြည်။ ။ ၁၉၅၇ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်အထိ ပထမကာလမှာ ကျွန်မကင်းထောက် ဖြစ်ခဲ့တယ်။ ကျွန်မအဲဒီအချိန်က ကျောင်းတက်တာက ဒဂုံ ၁ ပါ။ ဒါပေမယ့် ကင်းထောက် ဖြစ်ခဲ့တာက ဌာနချုပ် ကင်းထောက်အမျိုးသမီးအဖွဲ့မှာ ကင်းထောက်ဖြစ်ခဲ့တာပါ။ ကျွန်မက အဲဒီမှာ နေကြာပန်းနဲ့ မြတ်လေးပန်းဆိုပြီး ပန်းနာမည်နဲ့ ကင်းစုနှစ်ခု ရှိခဲ့ပါတယ်။ ကျွန်မက မြတ်လေးပန်းကင်းစုကပါ။ ကျွန်မတို့ရဲ့ ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီကတည်းက သူနဲ့ ကျွန်မက သူငယ်ချင်းလည်းဖြစ်တယ်၊ ကင်းထောက်ညီအစ်မတွေလည်း ဖြစ်ပါတယ်။ သူက အရင်တုန်းကတော့ ကျွန်မတို့ရဲ့ Patrol Leader ခေါ်တာပေါ့။ သူ အိန္ဒိယနိုင်ငံကို ထွက်သွားတဲ့အခါ ကျွန်မကို သူ့တာဝန်လွှဲခဲ့ပေးပါတယ်။ သူ ထွက်သွားတဲ့အခါ ကျွန်မက အဲဒီယူနစ်ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့က အဲဒီအချိန်တုန်းက စနေနေ့တိုင်းဆုံကြပါတယ်။ ဆုံတဲ့အခါတိုင်းကင်းထောက် ပညာအကုန်၊ လက်မှုပညာသင်ရတယ်။ သီချင်းသင်ရတယ်၊ ကစားရတယ်။ ကျွန်မ တို့ဆရာမ ဒေါ်ခင်မူဇင်က တော်တော်ကို တော်ပါတယ်။ အလွန်ပျော်ခဲ့ရပါတယ်။ အဲဒီပျော်ရွှင်မှုလေးဟာ ကျွန်မတို့၄၈ နှစ်ကင်းထောက်ပညာ ပျောက်သွားပေမယ့် ၂၀၁၂ ခုနှစ်မှာ သမ္မတဦးသိန်းစိန်က ကင်းထောက်ကိုပြန်ပြီး အသက်သွင်းတဲ့အခါပျော်ခဲ့ပါတယ်။ ဒီလိုကင်းထောက် ပြန်ပေါ်လာတဲ့အတွက် ပျော်ပါတယ်။ ကျွန်မ ရဲ့ အတွေ့အကြုံကတော့ အဲဒါပါပဲ။ ပြောစရာတွေကတော့ အများကြီးရှိပါတယ်။

 

ဒေါ်ခင်စောဥမ္မာ။ ။ကင်းထောက်တစ်ယောက်အနေနဲ့ ကျွန်မစိန်မေရီကျောင်းမှာ Blue Bird ကနေလုပ်တဲ့အခါ ကျွန်မရဲ့ Captain က တီချယ်ဘာဘရာအိုဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ကကျောင်းရဲ့ ကင်းထောက် ဖြစ်တဲ့အတွက် ယူနီဖောင်း အင်္ကျီအဖြူ၊ စကတ်နဲ့ necktie နဲ့ ဝတ်ရပါတယ်။ အပတ်စဉ်ကျောင်းမှာ ဆုံရပါတယ်။ ဆုံတဲ့အခါ ကျောင်းရဲ့ လှုပ်ရှားမှုတွေ၊ ကင်းထောက်ရဲ့ လှုပ်ရှားမှုတွေ လုပ်ရပါတယ်။ အဲဒီတုန်းကလည်း ကျွန်မတို့ တော်တော်ပျော်ပါတယ်။ ကျွန်မတို့က မိန်းကလေးတွေဖြစ်တဲ့အတွက် ကျောင်း မှာ လှုပ်ရှားမှုပဲရှိခဲ့တယ်။ ဒါပေမယ့် အမှတ်တရအနေနဲ့ မိသားစုမှာ အစ်ကိုနဲ့ မောင်တွေအကြား နှမအဖြစ်ရှိပြီးတော့ ယောကျာ်းလေးလို ဆော့တာရှိတဲ့ အခါ မိဘတွေကစိတ်ပူပါတယ်။ ကျွန်မကကင်းထောက်ထဲမှာပါတဲ့အခါ ယဉ်ကျေးသိမ်မွေ့ရမယ်။ မိဘစကားနားထောင်ရမယ်၊ မိဘကို ကူညီရမယ် စသည်ဖြင့် အဲဒီလိုဟာတွေနဲ့ မိဘရဲ့ ချီးကျူးမှုကိုခံရပါတယ်။ ဒါလေးတွေကလည်း အမှတ်တရပါပဲ။

 

အစီအစဉ်မှူး။ ။ အခု ဆွေးနွေးတဲ့အထဲမှာ ဆရာမကြီးက အသက်အကြီးဆုံးလို့သိရပါတယ်။ ဆရာမကြီးရဲ့ အတွေ့အကြုံကိုလည်းမျှဝေ ပေးပါဦး။

 

ဒေါက်တာဒေါ်ဝင်းကြည်။ ။ စောစောက ကျွန်မပြောခဲ့သလို ၁၉၅၃ ခုနှစ်မှာ ကင်းထောက်အမျိုးသမီးဖြစ်ပြီးတော့ တက္ကသိုလ်သက်ကြီးကင်းထောက်အဖွဲ့ကို စတင်ခဲ့တယ်။ ကျန်တဲ့အချိန်မှာ ကျွန်မတို့ အထူးသဖြင့် နွေရာသီ တောစခန်းထွက်ဖို့ မထွက်ခင်လည်း ပြင်ဆင်ရတယ်၊ ထွက်နေတဲ့အချိန်မှာလည်း ကင်းထောက် အမျိုးသမီးငယ်တွေကို ကြည့်ရ ပါတယ်။ အဲဒီထဲမှာဆိုရင် ဒေါ်တင်လှကြည်၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဒေါ်လှရီရီတို့လည်းပါပါတယ်၊ သူတို့တွေက ကျွန်မရဲ့ ကင်းထောက်အမျိုးသမီး ညီမလေးတွေပါပဲ။

 

ဒေါက်တာဒေါ်လှရီရီ။ ။ ဒဂုံ ၁ ကျောင်းသူတွေထဲမှာ ခုနကပြောသလို ဒေါ်တင်လှကြည်၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့  အတန်းသားတွေပါ။ ဒါပေမယ့် ကျွန်မက MEHS Girl Guides ထဲမှာ ပါပါတယ်။ မိန်ကလေး၊ ယောကျာ်းလေးရှိတဲ့အတွက် Girl Guides နဲ့ Boy Scout ရှိပါတယ်။ အဲဒီမှာ Girl Guides Troop နဲ့ Boy Scout Troop ဆိုပြီး ကင်းစိတ်  ခေါ်မလားပဲ။ အဲဒီတုန်းက ကျွန်မအစ်ကိုက Boy Scout Troop leader၊ အစ်မက Girl Guides Troop leader ပါ။ အဲဒီမှာ Girl Guides Captain က ဒေါ်ဂျက်စီတင်ဦးလို့ခေါ်ပါတယ်။ Boy Scout Captain က မင်းကျော်မင်း၊ အင်္ဂလိပ်စာတွေသင်ပါတယ်။ ကြားဖူးကြမှာပါ။ ဦးမင်းကျော်မင်းက Boy Scout Captain ဖြစ်ပါတယ်။ အဲဒီတော့ Girl Guides နဲ့ Boy Scout တွဲပြီး အလုပ်လုပ် ကြတာရှိပါတယ်။ မြို့ထဲမှာ ကင်းထွက်တာလည်းရှိပါတယ်၊ Camp Fire လည်း ရှိပါတယ်။

 

အဲဒီတော့ ကျွန်မတို့က အပတ်စဉ် စနေနေ့ဆိုရင် ပုံမှန်အစည်းအဝေးတွေ တက်ရတယ်။ ဌာနချုပ်နဲ့လည်း နီးနီးကပ်ကပ် ဆက်သွယ်ရတယ်။ ဌာနချုပ်က ဦးစီးသွားတဲ့ နွေရာသီသင်တန်းတို့၊ သမ္မတအိမ်တော်တွေ သွားတာမျိုးလည်း ရှိတယ်၊ နိုင်ငံခြားက ဧည့်သည်တွေလာရင် ဆုံကြတာလည်း ရှိတယ်၊ အားလုံး ရင်းရင်းနှီးနှီးပါပဲ။ မမဝင်းကြည်ကတော့ ခုနကပြောသလို အစ်မကြီးပေါ့။ အမြဲတမ်း အုပ်ထိန်းသူအဖြစ် ပါခဲ့ပါတယ်။ တော်တော်လည်း ပျော်ခဲ့ပါတယ်။

 

ဒေါ်ရီရီတင်။ ။ ကျွန်မကတော့ မြို့မကျောင်းကနေ အမျိုးသမီးကင်းထောက်အဖွဲ့ဝင်ဖြစ်သွားတယ်။ တခြားအလုပ်တွေလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် ဘာသာရေးနဲ့ ပတ်သက်ပြီး ကမ္ဘာအေးလိုဏ်ဂူ တည်ဆောက်တဲ့အထဲမှာ ဝန်ကြီးချုပ် ဦးနုကတော်ကလည်းခေါ်တော့ အမျိုးသမီး ကင်းထောက်အဖွဲ့ဝင်အဖြစ် သွားခဲ့တာရှိပါတယ်။ အခုခေတ်မှ အမှိုက်ကောက် တာမဟုတ်ပါဘူး။ ကျွန်မတို့ ခေတ်ကတည်းက ရွှေတိဂုံ ဘုရားမှာ ကျောင်းပေါင်းစုံစုပြီး သန့်ရှင်းရေးလုပ်ကြပါတယ်။ ဟိုခေတ်ကတည်းက အမှိုက်စုပေါင်းရှင်းခဲ့ကြတာပါ။ အဲဒီလိုလုပ်နေတဲ့အချိန်မှာ နိုင်ငံခြားသားတစ်ယောက်  ရောက်လာပြီးတော့ လက်ညှိုးလေးထိုးပြီး လူရွေးပါတယ်။ အန်တီလည်း ပါသွား တယ်။ ဘာလုပ်လဲဆိုတော့ ကင်းထောက်အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုအတွက်ပါ။ ငါးနိုင်ငံ ကင်းထောက်အမျိုးသမီးလှုပ်ရှားမှုအတွက် ရုပ်ရှင်ရိုက်ပါတယ်၊ ရုပ်ရှင်  ရိုက်တဲ့အခါ ရွှေတိဂုံဘုရားမှာ ဆွမ်းကပ်တာ၊ လူမှုဝန်ထမ်းမှာ သွားပြီး ကလေးတွေကို ပြုစုစောင့်ရှောက်တာ ဒါတွေ လုပ်ရပါတယ်။ ပြီးရင် Voice of America က အန်တီကိုအင်တာဗျူး လုပ်ပါတယ်။

 

နောက်ပြီး အန်တီက အားကစားလုပ်တဲ့အတွက်ကျောင်းကနေ အလံတင် အခမ်းအနားတွေမှာ အလံတင်အဖွဲ့ အတွက်ရွေးပေးခဲ့ပါတယ်။ မြို့မကျောင်းရှေ့မှာ ကမ္ဘာ့သစ်ပင်စိုက်ပွဲလုပ်တဲ့အခါ သစ်ပင်ပါဝင်စိုက်ပျိုးပါတယ်၊ ဒီလိုသစ်ပင် စိုက်တဲ့ပုံကို ဓာတ်ပုံရိုက်ပြီး ပြက္ခဒိန်ထုတ်ပါတယ်။

 

အစီအစဉ်မှူး။ ။ ရှေးကတည်းက ကင်းထောက်အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေရှိခဲ့တယ်ဆိုတာကို ဆရာမကြီးတို့ ပြောပြခဲ့ကြပါတယ်။ ဆက်ပြီးတော့ အမျိုးသမီးကင်းထောက်အဖွဲ့မှာ အမျိုးအစားက ဘယ်လို မျိုးရှိတယ်ဆိုတာ သိပါရစေ။

 

ဒေါက်တာဒေါ်တင်လှကြည်။ ။ လက်ရှိမှာ အဖွဲ့ဝင်က သုံးမျိုးရှိပါတယ်။အသက်နဲ့ခွဲခြားထားပါတယ်။ အသက် ခုနစ် နှစ်ကနေ ၁၁ နှစ်ကတော့ ငှက်ပြာကင်းထောက်အမျိုးသမီး (Blue Bird)ပါ။ ဒုတိယအုပ်စုကတော့ အသက် ၁၂ နှစ်ကနေ ၁၈ နှစ် ကင်းထောက်မယ်(Girl  Guides)ပါ။ တတိယအုပ်စုကတော့ အသက် ၁၉ နှစ် အထက်တွေပါ၊ ကျွန်မတို့ အပါအဝင်ပေါ့၊ သက်ကြီးကင်းထောက်(Adult Girl Guides) လို့ ခေါ်ပါတယ်။ အလယ်အုပ်စု ကင်းထောက်မယ်လေးတွေကတော့ အများဆုံးပါ။

 

အစီအစဉ်မှူး။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးကင်းထောက်အရေအတွက်ဘယ်လောက်ရှိနေသေးလဲ။

 

ဒေါက်တာဒေါ်တင်လှကြည်။ ။ စာရင်းအရဆိုရင်တော့ အခုလက်ရှိ ၄၇၁၁၃ ယောက်လို့ခန့်မှန်းထားပါတယ်။ ဒီအထဲမှာ မှ အသက် ၁၉ နှစ်အောက် ကင်းထောက်မယ်လေးတွေက ၃၅၈၅၀၊ သက်ကြီး ( ၁၉ နှစ်အထက်က ၁၁၂၆၃ ယောက်လို့ ကျွန်မတို့ ခန့်မှန်းထားပါတယ်။

 

(ဆက်လက်ဖော်ပြပါမည်)