တိုင်း/ပြည်နယ်များတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် 

နေပြည်တော် ၃  ဩဂုတ် 


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဩဂုတ်လ ၂ ရက်နေ့ ၉ နာရီခွဲ အချိန် မိုးရွာသွန်းမှုကြောင့် (၂)ရပ်ကွက်ပါ ၃ ရပ်ကွက်နှင့် တတန်ကူးကျေးရွာတို့၌ ရေအနက် ၃ ပေခန့် ဝင်ရောက်နေသဖြင့် အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၈၀ ဦး တို့သည် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း၊


အလားတူ ၁၀  နာရီခွဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ကျိုက်ဒုံမြို့၊ (၁)ရပ်ကွက်ပါ ၃ ရပ်ကွက်နှင့် မိတန်ကျေးရွာပါ ၁၆ ရွာတို့၌ ရေအနက် ၁ ပေခန့် ဝင်ရောက်နေသဖြင့် အိမ်ထောင်စု ၂၉ စု၊ လူဦးရေ ၁၃၀ ဦး တို့သည် (၁)ရပ်ကွက်ရှိ သန္တိသုခဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ အိမ်ထောင်စု ၁၆ စု၊ လူဦးရေ ၆၁ ဦးတို့သည် (၂)ရပ်ကွက်ရှိ တောင်ပေါ် ဘုန်းကြီးကျောင်းသို့လည်းကောင်း၊  အိမ်ထောင်စု ၇၀ စု၊ လူဦးရေ ၂၉၃ ဦး တို့သည် (၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျိုက်ဒုံ)သို့လည်းကောင်း၊ အိမ်ထောင်စု ၁၀၂ စု၊ လူဦးရေ ၅၇၁ ဦး တို့သည် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များသို့လည်းကောင်း အသီးသီးရွှေ့ပြောင်းနေထိုင်လျက် ရှိကြောင်းနှင့် စာသင်ကျောင်း ၁၇ ကျောင်း ယာယီပိတ်ထားကြောင်း၊


အလားတူ ၂  နာရီတွင် မြဝတီမြို့နယ်အတွင်း မိုးရွာသွန်းပြီး သောင်းရင်းမြစ်ရေမြင့်တက်မှုကြောင့် (၂)ရပ်ကွက်ပါ ၂ ခုတို့၌ ရေအနက် ၃ ပေခန့် ဝင်ရောက်နေသဖြင့် အိမ်ထောင်စု ၇၃ စု၊ လူဦးရေ ၃၂၁ ဦး တို့သည် (၄)ရပ်ကွက်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းနေထိုင် လျက်ရှိကြောင်း သိရှိရသည်။


ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း ဩဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီအချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကလိန်အောင်မြို့၊ အလယ်စခန်းကျေးရွာ၌ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ၈ နာရီခွဲ တွင် ထားဝယ်မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မေတ္တာမြို့၊ (၃)ရပ်ကွက်၌ ဓာတ်တိုင် ၃ တိုင် လဲကျ ပျက်စီး  ခဲ့ကြောင်း၊ ၁ နာရီခွဲတွင် ကော့သောင်းမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေပြည်စိုးရပ်ကွက်ပါ ၂ ရပ်ကွက်နှင့် ပုလုံးတုံတုံးကျေးရွာပါ ၂ ရွာတို့၌ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် ၅ လုံး ပြိုလဲ၊ နေအိမ် ၁ လုံး ရေမျော၊ ဓာတ်တိုင် ၄ တိုင် လဲကျပျက်စီး  ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ ၁၃၅၀ နာရီတွင် ဘုတ်ပြင်းမြို့နယ်၊ စတိန်ကျေးရွာ ပင်လယ်ကမ်းခြေ၌  အလျား ၁၀ဝ၀ ပေ၊ အမြင့် ၅ ပေခန့်ရှိ ကျောက်စီကွန်ကရစ် လှိုင်းတားတမံသည် လှိုင်းလေပြင်းထန်းသဖြင့် တမံ အလယ်ပိုင်း အလျား ၃၀ဝ ပေခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရှိရသည်။


အလားတူ ဩဂုတ်လ ၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်း မိုးရွာသွန်းပြီး ကျောက်ကြီးချောင်းရေမြင့်တက်မှုကြောင့် ဗမာဝက်လာတောကျေးရွာ၌ ရေအနက် ၃ ပေ ခန့် ဝင်ရောက်နေသဖြင့် အိမ်ထောင်စု ၄ စု၊ လူဦးရေ ၁၈ ဦး တို့သည် ပဲခူးရပ်ကွက်ရှိ မြို့တွင်းဘုန်းကြီးကျောင်းသို့လည်းကောင်း၊ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၅၁ ဦး တို့သည် သိမ်တန်းရပ်ကွက်ရှိ မင်းအိုကြီး ဘုန်းကြီးကျောင်းသို့လည်းကောင်း၊ အိမ်ထောင်စု ၉ စု၊ လူဦးရေ ၄၃ ဦး တို့သည် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့လည်းကောင်း အသီးသီးရွှေ့ပြောင်းနေထိုင် လျက်ရှိကြောင်း၊ အလားတူ ၁၈၀ဝ နာရီမှ ၂၀၃၀ နာရီထိ သာယာဝတီမြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ဂုံမင်းမြောင်ကျေးရွာပါ ၂ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၅ လုံး အမိုးလန်၊ နေအိမ် ၁ လုံး ပြိုလဲပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့်  သစ်ကိုင်းပိမိ၍ ဦးတင်ညွန့်(စိစစ်ဆဲ)တွင် ဦးခေါင်းဝဲဘက်ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် သာယာဝတီမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရှိရသည်။


အလားတူ ဩဂုတ်လ ၂ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အတွင်း လေဆင်နှာမောင်းတိုက်ခတ် မှုကြောင့် မြိုင်သာယာရပ်ကွက်၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၅ လုံး အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊


အလားတူဩဂုတ်လ ၂ ရက်နေ့ တွင်  ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး   မြို့နယ်အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျဉ်းမကုန်းကျေးရွာ၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁ လုံး အမိုးလန်၊ နေအိမ် ၁ လုံး သစ်ပင်ပိ၊ ဓာတ်တိုင် ၁ တိုင် လဲကျပျက်စီး  ဆုံးရှုံးခဲ့ကြောင်း၊


အလားတူ  ယင်းနေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် (၃)ရပ်ကွက်ပါ ၂ ခုတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁ လုံး သစ်ပင်ပိ၊ အမြင့် ၄၀ ပေ၊ အလျား ၃၀ ပေခန့်ရှိ ကြော်ငြာဆိုင်းဘုတ် ၁ ခု လဲကျပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ အလားတူ မော်လမြိုင်ကျွန်းမြို့နယ် အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ရွာဝကျေးရွာ၌ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂ လုံး သစ်ပင်ပိပျက်စီးခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။


MDN